New Artical

၄။ အညံနတ္ထိ ဆိုပေသည်လည်း



 ၄။ အညံနတ္ထိ ဆိုပေသည်လည်း 

ဘုရားသည်သာ ကိုးကွယ်ရာလည်း 

သမ္မာသမ္ဗုဒ် ဂုဏ်ရည်ပုဒ်သို့ 

အဟုတ်ပီပြင် မသက်ဝင်က 

ခြောက်ခွင်ဘုန်းလှည့် စက်မမိကြောင့် 

ရရှိခွင့်ရေး မရသေးပြီ။ 


ရန်ဘေးမီးပွား အစားစားတို့ 

ဝိုင်းထားပိတ်ဆို့ အောက်ဘုံချို့မှ

ဆောင်ပို့အထက် အေးစေကွက်လည်း 

လက်လွတ်ပါရ ချို့တဲ့ရသည် 

ဗုဒ္ဓစက်မှ ထွက်ရခြင်း။ 


တရားသည်သာ ကိုးကွယ်ရာလည်း 

ခန္ဓာဉာဏ်ရောက် ထွင်းမဖောက်က 

အနှောက်သွေးလျှင် ဘေးမစင်ကြောင့်

အေးခွင်အကြိုက် အရိုက်အရာ 

နန်းရိပ်သာသို့ စိတ်မှာဉာဏ်ပွား 

ခံစားမရ အားမပြပြီ 

ဓမ်မရတိ ဝိမုတ်တိ၏ 

အရှိသရုပ် သုဒ္ဓဘုတ်၏ 

မလုပ်ဘဲကောင်း မပေါင်းဘဲပြီး 

မပျက်စီးသော ပြည်ကြီးထီးသုံး 

နန်းသုံးဖလတ် သမာပတ်လည်း 

ကပ်ခွင့်မရ လက်မဲ့ကျသည် 

ဓမ္မစက်မှ ထွက်ရခြင်း။


သံဃာသည်သာ ကိုးကွယ်ရာလည်း 

ပဋာလေးပေါက် ဉာဏ်မရောက်က 

မမြောက်သံဃာ ပုဂ္ဂိုလ်မှာပင်

 စိတ်မေးတင်ကြောင့် ကြည်လင်အေးချမ်း 

ဘေးမသန်းသော မခမ်းရေဦး အမြိုက်ထူးကား 

မကူးကိုယ့်မှာ ရောက်မလာပြီ။


လေးဖြာခမ်းမ သွားလမ်းကျသည့် 

မဂ္ဂင်အင်ပါ ဖိုလ်အင်ပါကို 

ခန္ဓာလျင်ပွား ကျင့်စဉ်များဖြင့် 

ကြားစေနာစေ ဟောချွတ်ခြွေလည်း

 နှုတ်ဗွေမုခ လမ်းဆုံးရသည် 

သံဃာ့စက်မှ ထွက်ရခြင်း။


မြတ်ဘုရားနှင့် ကိုယ်ပွားအလုံး 

ကျင့်သုံးဓမ္မ ထိုသုံးကား 

လကဲ့သို့သာ ဓာတ်ဖြန့်ရာကြောင့် 

ကြည်သာရွှန်းပ အေးသောလက 

ဖြန့်ချကမ္ဘာ ရောင်အဝါဖြင့် 

လသာချင်းချင်း လင်းလင်းပြည့်ပြည့် 

ဘယ်သို့ရှိလည်း ... ။


လ၏အောက်မှာ မရောက်လာသော် 

မလာသူအား လဓာတ်များက 

ခံစားခွင့်ပိတ် အေးတိတ်ဆိတ်သို့။ 

ဂုဏ်ဟိတ်သုံးပါး အလင်းအား၏ 

ဓာတ်များအောက်မှာ မရောက်လာသော် 

မလာသူအား ရိပ်ကွယ်ခြားပြီ 

တရားလက်လွတ် နေလေမင်း။



🙏 ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်၏

     ကဗျာ့နန်းတော် စာအုပ်မှ ဓမ္မကဗျာများကို 

     ပြန်လည်ရေးသားပူစော်သည်။🙏


ကိုဖြိုး(ဧရာမြေ)

No comments