New Artical

၃။ လကဲ့သို့ကျင့်သော မဟာလူသားများ



 ၃။ လကဲ့သို့ကျင့်သော မဟာလူသားများ 

အမည်းကင်းပ တိမ်စင်လ၏ 

လပြည့်ညခင်း လပြည့်မင်းကား 

အလင်းလည်းပေး အအေးလည်းချ 

ဓာတ်ဘာဝဖြင့် အရှေ့မှသည် အနောက်ဆီသို့ 

ဆံချည်မဖဲ့ မစောင်းငဲ့ဘဲ 

သွားမြဲတိုင်းသာ သွားချေပါ၏။ 

သူ့မှာအောက်တည့် ကျရောက်မိသည့် 

သက်ရှိအများ သက်မဲ့များအား 

သင်ကားဘယ်ကို ဘာဘယ်လိုဟု 

နှုတ်ဆိုမထွက် လက်ဆက်မကူ ထွေးမပြုဘဲ 

ပေးမြဲဓာတ်အား ပေးလျက်သွားသည် 

မထားကန့်သတ် လောကဓာတ်သို့ . . . ။

သည့်အတူပ မြတ်ဗုဒ္ဓ၏ 

ဓမ္မဓာတ်အား သိဒ္ဓိများနှင့် 

ကိုယ်ပွားသံဃာ အရိယာ၏ 

သိက္ခာလွှမ်းခြုံ ဓာတ်သားဂုဏ်လည်း 

ယုံသူအရှိ သူ့အောက်တည့်ကို 

သူ့ရှိဘာဝ၊ တေဇ ပညာ မြတ်ဥစ္စာတို့ 

ယူပါမဖွင့် ရော့ အင့်မပေး 

အတွေးမျှပင် ပေးမဝင်ဘဲ 

ကျင့်စဉ်သူ့လမ်း ဖြောင့်ဖြောင့်တန်းမှ 

လမ်းအောက်မှီခို များလူဗိုလ် 

လိုရာပေး၍ သွားနေသည်။ 

သီလဂုဏ်အောက် အယုံရောက် 

လအောက်ကဲ့သို့ အေးစေ့မည်။ 

ပညာဂုဏ်တွင်း အယုံချဉ်း 

လမင်းလင်းသို့ လင်းစေ့မည်။ 

သမာဂုဏ်ရှိ အယုံလှည့် 

လပြည့်၏သို့ ပြည့်စေမည်။ 

အကယ်၍များ စကားနှုတ်ဖွင့် 

လက်ပင့်လက်ရမ်း အတောင်းကြမ်းသော် 

ဖမ်းခံငပုပ် လဂုဏ်ဆုတ်သို့

အေးရုပ်မဆင်း ရောင်မလင်း 

စပ်ဖျင်းဖျင်းနှင့် ပြီးပြေမည်။



🙏 ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်၏

     ကဗျာ့နန်းတော် စာအုပ်မှ ဓမ္မကဗျာများကို 

     ပြန်လည်ရေးသားပူစော်သည်။🙏


ကိုဖြိုး(ဧရာမြေ)

No comments