New Artical

ကြေးကျွန်မ လေး နဲ့ ဖာရိုးဘုရင် ( ပုံပြင် )


 ကြေးကျွန်မ လေး နဲ့ ဖာရိုးဘုရင် ( ပုံပြင် )

(အီဂျစ်ပုံပြင် - အီဂျစ်စင်ဒရဲလား ဟုလည်း ဆိုသည်)

ရှေးရှေးတုန်းက အီဂျစ်ပြည်ကြီးကို ဖာရိုးဘုရင် က အုပ်ချုပ်သတဲ့။ ဘုရင်ကြီးမှာ သူနဲ့အတူ တိုင်းပြည်ကို အုပ်စိုးမယ့် မိဖုရား မရှိဘူးတဲ့လေ။ သင့်တော်ရာ ဇနီးချော တစ်ယောက်လောက်နဲ့အတူ ပျော်ရွှင်စွာ နေထိုင် နိုင်ဖို့ သူမျှော်လင့်နေတာပေါ့။ ကြင်နာတတ်တဲ့ မိဖုရား ပေးသနားပါလို့ ဖာရိုးဟာ ရှေးနတ်ဘုရား တွေကို အမြဲတိုင်တည် တယ်။

တစ်ချိန်တည်းမှာပဲ အီဂျစ်က နော်ကရာတစ်စ် မြို့မှာ ကျေးကျွန်မလေး ရိုဒိုပစ်စ် ဆိုတာ ရှိလေတယ်။ အိပ်ရာဝင် တိုင်း ကျေးကျွန်ဘဝကနေ လွတ်မြောက်ဖို့အတွက် ဆန္ဒပြုလေ့ရှိတဲ့ မိန်းကလေးပါ။ သူဟာ ကျွန်ပိုင်ရှင် မိသားစုအတွက် ဆေးကြောသန့်စင်ပေးတယ်၊ ချက်ပြုတ်ပေးတယ်၊ ပြီးတော့ အပ်ချုပ်ပေးသတဲ့လေ။ ရိုဒိုပစ်စ် ဟာ အပ်ချုပ်တဲ့နေရာမှာ သိပ်ကို ထူးချွန်တာပဲတဲ့။ ကျွန်ပိုင်ရှင်တွေဟာ သူတို့အဝတ်တွေကို လာပြီးတော့ ပြင်ဆင်ချုပ်ခိုင်းကြတယ်။ ကျေးကျွန်မလေး ဟာ မငြင်းနိုင်ပါဘူး။ ပင်ပန်းလွန်းလို့ လက်တွေနီရဲပြီး ဖောင်းကား နေရှာတယ်။

ကျွန်ပိုင်ရှင်ကြီးရဲ့ သမီးတွေက ရိုဒိုပစ်စ် လေး ကို မုန်းကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စုတ်ပြတ်ပေရေ နေတဲ့ အဝတ်လေးတွေဝတ်နေရ တာတောင် သူကလေး က သိပ်လှတာကိုး။ ရိုဒိုပစ်စ် ဆိုတဲ့ အဓိပ်ပါယျကကို နှင်းဆီရောင် မျက်ဝန်းများတဲ့။ နိုင်းလ် မြစ်ဘေးက ပန်းမန်အခင်းတွေလို လှပလွန်းပြီး သူ့အသံကလည်း ကျေးငှက် သာရကာ သီကျူးသံလို ချိုသာ လှတယ်။ သူ့ရဲ့ စိတ်ထားက အာရပ်ပိုးထည်တွေလို နူးညံ့လှတယ်။ သူဟာ ကုလားအုတ်တစ်ကောင်လို အလုပ်ကြိုးစားတယ်။

တစ်ရက်မှာတော့ ရိုဒိုပစ်စ် ဟာ သူ့ရဲ့ ဖိနပ်ကလေး စုတ်နေတာကို သတိထားမိသွားခဲ့တယ်။ ဖိနပ်အသစ်လေး ရဖို့အတွက် ညဘက်အချိန်မှာ မီးခွက်လေးနဲ့ ချုပ်ရတယ်။ မနက်လင်းခါနီးမှ ချုပ်လို့ပြီးသွားသတဲ့လေ။ ဖိနပ်လေးဟာ သိပ်ကို လက်ရာမြောက်တယ်။ ကျွန်ပိုင်ရှင်ကြီးရဲ့ ဇနီးနဲ့ သမီးတွေဟာ ဖိနပ်အသစ်လေးကို တွေ့တော့ သိပ်ကို မနာလို ဖြစ်ကြတာပေါ့။

ငါတို့ကို လည်း ဖိနပ်တွေ ချုပ်ပေးစမ်း လို့ ကျွန်ပိုင်ရှင်သခင်မ က ရက်စက်စွာ ပြောတယ်။ သူ့သမီးတွေ ကလည်း နင့်ဖိနပ်ထက် လှမှ ဖြစ်မယ်နော်။ ငါတို့က အောက်တန်းစားကျွန်စီးတဲ့ ဖိနပ်လောက်တောင် မလှတဲ့ ဖိနပ်ကို မစီးနိုင်ဘူး လို့ ပြောကြတယ်။

ရိုဒိုပစ်စ် ဟာ သိပ်ကို ပင်ပန်းနေပေမယ့် မငြင်းနိုင်ဘူး။ သူဟာ အလုပ်ကြိုးစားသူပီပီ ပေးသွားတဲ့ တာဝန်ကို သေသေချာချာ ထမ်းဆောင်သတဲ့။ တခြားနေ့တွေထက် အလုပ် ပိုလုပ်ပြီးတော့ ဖိနပ်အသစ်လေးတွေ လုပ်ပေးနေတယ်လေ။ သူ့လက်တွေဟာ အသားတွေ မာကုန်ပြီပေါ့။ ညဘက်အချိန်အထိ မီးခွက်လေးနဲ့ ဖိနပ်ချုပ်နေရှာတယ်။

ဒီလိုနဲ့ မိုးလင်းလာခဲ့ပြီလေ။

ကျွန်ပိုင်ရှင်တွေက မနိုးသေးဘူး။ ဒီအချိန်ဟာ သူကလေး အတွက် အငြိမ်းချမ်းဆုံး အချိန်ပါပဲ။ မဆုံးနိုင်တဲ့ ခိုင်းစေမှုတွေ မလာသေးတဲ့ တစ်နေ့တာ အချိန်လေ။ ကျွန်မလေး ဟာ မြစ်ဘက်ကို ထွက်လာခဲ့တယ်။ သူ့ ညှပ်ဖိနပ် အသစ်လေးနဲ့ပေါ့။ အေးမြလှတဲ့ မြစ်လေနဲ့ ရေစီးသံဟာ တစ်ညလုံး ဖိနပ်ချုပ် လာခဲ့တဲ့ သူကလေးကို အပန်းပြေစေတယ်။ ရိုဒိုပစ်စ် ဟာ မြစ်ရေထဲမှာ ရေချိုးရင်း ရှေးဟောင်း တေးကဗျာလေးတွေကို ရွတ်ဆိုနေသတဲ့။

အဲဒီအချိန်မှာ ကောင်းကင်ပေါ်ကနေ သိမ်းငှက်ကြီးတစ်ကောင်ဟာ ရုတ်တရက် ထိုးဆင်းလာပါသတဲ့။ ထိတ်လန့်စရာ သားရဲကြီးပါပဲ။ သူဟာ ကျွန်မလေးရဲ့ ညှပ်ဖိနပ်လေးတစ်ဖက်ကို ထိုးသုတ်ချီသွားတယ်လေ။

ဟေ့ ငါ့ဖိနပ်ကို ပြန်ပေးပါ ငှက်ကြီး။ ငါကြိုက်တဲ့ ဖိနပ်လေးပါ လို့ ရိုဒိုပစ်စ် က အော်တယ်။

သူအော်လည်း ငှက်ကြီးက လှည့်မကြည့်ပါဘူး။ သန်မာလှတဲ့ သူ့အတောင်ကြီးတွေ တဝုန်းဝုန်းခတ်ပြီး တိမ်ထုထဲ တိုးဝင်သွားခဲ့တယ်။ ရိုဒိုပစ်စ် ငိုရပြီလေ။ သူပင်ပန်းပါတယ်ဆိုမှ နောက်ထပ် ဖိနပ်တစ်ဖက် လုပ်ရတော့မယ်။ သူဟာ ဝမ်းနည်းစွာနဲ့ နိုင်းလ် မြစ်ကမ်းကနေ ပြန်လာခဲ့ရတယ်။

သိမ်းငှက်ကြီးဟာ နိုင်းလ်မြစ်အတိုင်း ပျံသန်းသွားလိုက်တာ မန်းဖစ်စ် ဖာရိုးနေပြည်တော် အထိ ရောက်သွားခဲ့တယ်။ အဲဒီနေ့မှာပဲ ဖာရိုးဘုရင် ဟာ မင်းနေပြည်တော် နန်းရင်ပြင်မှာ မင်းပရိသတ်ကို စကားပြော မိန့်ခွန်းပြော နေသတဲ့။

ထူးဆန်းတဲ့ အဖြစ်အပျက် ဖြစ်သွားခဲ့တယ်။ သိမ်းငှက်ကြီးဟာ ဖာရိုးဘုရင်ရဲ့ အပေါ်မှာ အချိန်အတန်ကြာ အောင် လှည့်ပတ်ပြီး ပျံနေတယ်။ အီဂျစ်စစ်သည်တော်တွေဟာ သိမ်းငှက်ကြီးကို ပစ်ချဖို့အတွက် လေးမြှားတွေကို အဆင်သင့်ပြင်လိုက်ပေတယ်။ ဖာရိုးဘုရင် က မပစ်ဖို့ အချက်ပြလိုက်တယ်။ ကောင်းကင် ပေါ်ကနေ ဖာရိုးဘုရင်အပေါ်ကို အရာတစ်ခု ကျလာခဲ့တယ်။ ညှပ်ဖိနပ်လေးပါ။ အပေါစား ချည်ပိတ်စတွေနဲ့ ချုပ်ထားပေမယ့် သိပ်လှတဲ့ ညှပ်ဖိနပ်လေးပါပဲ။ သိမ်းငှက်ကြီးဟာ တဖြည်းဖြည်းနဲ့ အဝေးကို ပျံပြီး ပျောက်ကွယ် သွားခဲ့တယ်။

ဖာရိုးဘုရင် ဟာ ဖိနပ်ချုပ်ထားတဲ့ လက်ရာကို သိပ်သဘောကျသွားတယ်။ မိန်းကလေးတစ်ယောက် စီးတဲ့ ဖိနပ်ဖြစ်ရမယ်။ ဘာဖြစ်လို့ ဒီဖိနပ်က သူ့ပေါ်ကျ လာရသလဲ။ ဒါဟာ ရှေးနတ်ဘုရားတွေဆီက လာတဲ့ အချက်ပြ နမိတ်ပေလား။

ဖာရိုးမူးမတ်များ

မှန်လှပါ သခင်

ဒီညှပ်ဖိနပ်ရဲ့ ပိုင်ရှင်ကို ရှာဖွေကြပါ။ သူမ ကို ငါ့ဆီ ဖိတ်ခေါ်ခဲ့ကြပါ

ဖာရိုးဘုရင်က အမိန့်ချလိုက်ပေရဲ့။

နတ်ဆရာ အမတ်ကြီး ဦးဆောင်တဲ့ အီဂျစ်စစ်သားတွေဟာ နိုင်းမြစ်ဝှမ်းတစ်လျှောက် သွားလာကြပြီး ညှပ်ဖိနပ်လေးရဲ့ ပိုင်ရှင်ကို စုံစမ်းကြတယ်။ နန်းတော်ဟာ ဘာကြောင့် ယခုလိုမျိုး စုံစမ်းနေတယ်ဆိုတာ အီဂျစ် ပြည်သားတွေက မသိကြဘူးလေ။ ဒီလိုနဲ့ ဖာရိုးဘုရင်ရဲ့ ကိုယ်စားလှယ်တွေဟာ နော်ကရာတစ်စ် မြို့ကိုလည်း ရောက်လာကြပေရဲ့။

ကျွန်ပိုင်ရှင်ကြီး အိမ်ကို ရောက်လာတဲ့အခါ အီဂျစ်စစ်သားတွေကို သူတို့မိသားစုဟာ ပြာပြာသလဲ ကြိုဆိုကြတယ်။ ဖာရိုးဘုရင်ရဲ့ ကိုယ်စားလှယ်တွေ အိမ်ကို ရောက်လာတဲ့အခါ သူတို့ မျက်နှာသာ လိုချင်တယ်လေ။ ဦးဆောင်တဲ့ စစ်သားဟာ ကျွန်ပိုင်ရှင်ကြီးရဲ့ အိမ်မှာ ချွတ်ထားတဲ့ ဖိနပ်တွေကို မြင်တဲ့အခါ သူတို့ နေရာမှန်ကို ရောက်လာတယ်ဆိုတာ သိလိုက်ပြီလေ။ စစ်သားကြီးဟာ သူယူလာတဲ့ ဖိနပ်တစ်ဖက် ကို ထုတ်ပြီး ကျွန်ပိုင်ရှင်ကြီးရဲ့ သမီးတွေကို စီးခိုင်းကြည့်တယ်။ မတော်ဘူးလေ။ သူတို့ ဖိနပ်မှ မဟုတ်တာ။ ရိုးရှင်းလှပတဲ့ ခြေညှပ်ဖိနပ်လေးကို မြင်တဲ့အခါ ကျွန်ပိုင်ရှင်ကြီးရဲ့ သမီးတွေက ဘယ်သူ့ ဖိနပ်မှန်း သိတာပေါ့။ ဒါပေမဲ့ သူတို့က မပြောကြဘူး။ ဒါဟာ ဆုလာဘ်တစ်ခု ဖြစ်နိုင်တယ်လေ။ အောက်တန်းစား ကျေးကျွန်တွေနဲ့ ဘယ်သင့်တော်ပါ့မလဲ။

ဒီအချိန်မှာ ကျေးကျွန်မလေး ရိုဒိုပစ်စ် ဟာ အဖျော်ခွက်တွေကို ကိုင်လို့ ရောက်လာခဲ့သတဲ့။ စစ်သားက
ဒီမှာ မိန်းကလေးတစ်ယောက် ကျန်သေးတာပဲ။ သူ့ကိုလည်း စီးခိုင်းရမယ် ဆိုပြီး ကျွန်မလေး ကို စီးခိုင်းတယ်။ ဖိနပ်လေးက ကွက်တိတော်နေတာပေါ့။

ဟာ မင်းနဲ့ တော်တာပဲ မိန်းကလေးရဲ့ စစ်သားကြီးက ပြောတယ်။

တော်မှာပေါ့။ ကျွန်တော်မျိုးမရဲ့ ဖိနပ်ပဲဟာကို

ရိုဒိုပစ်စ် လေးဟာ သူ့ရဲ့ ညှပ်ဖိနပ်လေးတစ်ဖက်ကို ထုတ်ပြလိုက်တယ်။ ဟုတ်ပါရဲ့ သူက ဖိနပ်ပိုင်ရှင်ပါပဲ။

မန်ဖစ်စ် မင်းနေပြည်တော် ကို ကျွန်မလေး လိုက်သွားရပြီ။ ဖာရိုးဘုရင် ရဲ့ အမိန့်ဆိုတော့ ကျွန်ပိုင်ရှင် မိသားစု လည်း ဘာပြောနိုင်မှာလဲ။ ကျွန်ပိုင်ရှင်မိန်းမ နဲ့ သမီးတွေက စိတ်တိုပြီး ကျန်ခဲ့တာပေါ့။ ဘာဖြစ်လို့ သူတို့နဲ့ မတော်ရတာလဲ။ သူတို့နဲ့သာ တော်ရင် မန်ဖစ်စ်မင်းနေပြည်တော်ကို လိုက်ရမှာ။
ဖာရိုးဘုရင်ဟာ ရိုဒိုပစ်စ်လေးကို မြင်လိုက်တဲ့အခါ ချစ်မိလွန်းလို့ စကားတောင် မပြောနိုင်ဘူး။ သူ့နာမည်နဲ့ လိုက်အောင် မျက်လုံးလေးတွေက လှလိုက်တာ။ သူ့ရဲ့ အလှထက် ကြင်နာတတ်မှုနဲ့ သတ္တိကိုလည်း ဘုရင်က သိပ်နှစ်သက်နေမိတယ်။

ဖာရိုးဘုရင်ဟာ သူ့မေတ္တာကို လက်ခံပေးဖို့ ရိုဒိုပစ်စ် ကို ပန်ကြားတယ်။ ကျွန်မလေး ဟာ ခန့်ညားချောမော တဲ့ ဖာရိုးဘုရင်ကို ပြန်လည် မေတ္တာသက်ဝင်သတဲ့။ သူတို့နှစ်ဦးဟာ သိပ်ချစ်ကြတဲ့ ချစ်သူတွေ ဖြစ်သွားကြတယ်။ ဖာရိုးဘုရင် ရဲ့ မိဖုရားအဖြစ် အီဂျစ်ပြည်ကြီးကို တူတူ စိုးစံကြလေတော့တယ်။

မိဖုရား ရိုဒိုပစ်စ် အတွက် ဖာရိုးဟာ ပိရမစ်ကြီးတစ်ဆောင် ဂုဏ်ပြု တည်ဆောက်ပေးသတဲ့။

(အဆိုပါ အီဂျစ် ပုံပြင်ကို လွန်ခဲ့သော အနှစ်၂ထောင်ခန့်က ဂရိစာဆိုတော် စတရာဘို က မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်။ အစောဆုံး စင်ဒရဲလား ပုံပြင်ဟု ဆိုကြသည်)


Credit

No comments