New Artical

တချိန်က အရှေ့တောင်အာရှရဲ့အကောင်းဆုံး တက္ကသိုလ် (သို့) ရန်ကုန်တက္ကသိုလ်အကြောင်း

ရန်ကုန်တက္ကသိုလ်သည် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော တက္ကသိုလ် ဖြစ်သည်။ အရှေ့တောင်အာရှ၏ အစောဆုံး တက္ကသိုလ်များတွင်လည်း ပါဝင်သည်။

ရန်ကုန်တက္ကသိုလ်သည် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အင်းယားကန်၏ အနောက်တောင်ဘက်၊ ပြည်လမ်း နှင့် တက္ကသိုလ်ရိပ်သာလမ်းတို့ ဆုံရာတွင် တည်ရှိသည်။ ပင်မတက္ကသိုလ်ကျောင်းဝန်း နှင့် လှိုင်ကျောင်းဝန်း ဟူ၍ ၂ မျိုးရှိပြီး၊ ဂျပ်ဆင် ဘုရားကျောင်းမှာ ပင်မ ကျောင်းဝန်း အတွင်းတွင် ရှိသည်။ ဘွဲ့နှင်းသဘင် အနီးတွင်ရှိသော အထင်ကရ သစ်ပုတ်ပင်ကြီးသည် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က တိုက်ခတ်သွား နာဂစ်မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံပြီး မားမားမတ်မတ် ဆက်လက်ရပ်တည်လျက်ရှိသည်။

ရန်ကုန် တက္ကသိုလ်ကို ၁၈၇၈ ခုနှစ်တွင် ဗြိတိသျှ-အိန္ဒိယရှိ ကလက္ကတား တက္ကသိုလ် လက်အောက်ခံ ရန်ကုန် ကောလိပ် အဖြစ် စတင် တည်ထောင် ခဲ့သည်။ ကိုလိုနီဒေသများ၏ ပညာရေးအတွက် ဖွဲ့စည်းထားခဲ့သော ပညာရေးဌာနမှ တိုက်ရိုက် ကိုင်တွယ်ခဲ့သည်။ ၁၉၀၄ ခုနှစ်တွင် အစိုးရကောလိပ် ဟု အမည်ပြောင်း ခဲ့ပြီး၊ ၁၉၂၀ တွင် ယူနီဗာစီတီ ကောလိပ် နှင့် ဂျပ်ဆင်(ယုဒသန်)ကောလိပ် ဟူ၍ ပေါ်ထွက်လာခဲ့သည်။

ယူနီဗာစီတီ ကောလိပ်မှာ ဘာသာရေး နှင့် မသက်ဆိုင်သော ကျောင်းဖြစ်ပြီး၊ ဂျပ်ဆင်ကောလိပ်မှာ နှစ်ခြင်းခရစ်ယာန် သာသနာ အခြေပြု ကျောင်းဖြစ်သည်။ အမေရိကန် နှစ်ခြင်းခရစ်ယာန် သာသနာပြုအဖွဲ့မှ ဂျပ်ဆင်ကောလိပ် အား ရန်ကုန် တက္ကသိုလ် လက်အောက်ခံ သီးခြားလွတ်လပ်သည့်ကျောင်း အဖြစ် အသိအမှတ် ပြုခဲ့သည်။

ရန်ကုန်တက္ကသိုလ်ကို အင်္ဂလန် နိုင်ငံရှိ အောက်စဖို့ နှင့် ကိန်းဘရစ်ခ်ျ တက္ကသိုလ်တို့၏ စနစ်အတိုင်း ဖွဲ့စည်း တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၁၉၄၀ နှင့် ၅၀ ခုနှစ်များ အတွင်းတွင် အရှေ့တောင် အာရှ၏ အကောင်းဆုံး တက္ကသိုလ် ဖြစ်ခဲ့ပြီး အာရှအဆင့်တွင်လည်း ထိပ်တန်း ရပ်တည်နိုင်ခဲ့ခြင်းကြောင့် အခြား အာရှနိုင်ငံ များမှ ကျောင်းသားများ လာရောက် ပညာဆည်းပူးရာ တက္ကသိုလ် ဖြစ်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်ကို ပါမောက္ခများ ကောင်စီ၊ ပညာရှင်များနှင့် အစိုးရအရာရှိများ ပူးပေါင်းအုပ်ချုပ်ခဲ့သော်လည်း ၁၉၆၂ ခုနှစ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်တွင် အဆင့်မြင့် ပညာရေး ဦးစီးဌာနမှ တိုက်ရိုက်ချုပ်ကိုင်ခဲ့သည်။ ထို့အပြင် ကျောင်းတွင်း သင်ကြားရေး ဘာသာစကားအားလည်း အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြောင်းလဲခဲ့ပြန်သည်။

မကြာမီ ပညာရေး အဆင့်အတန်း တဖြည်းဖြည်း နိမ့်ကျလာခဲ့ရာ အပြည်ပြည်ဆိုင်ရာမှ အသိအမှတ်ပြုခြင်းများ ရပ်တန့် သွားခဲ့ရသည်။ ဆေးပညာ၊ ဘောဂဗေဒ နှင့် ပညာရေးဌာနများအား သီးခြားကျောင်းများ အဖြစ် ခွဲထုတ်ပြီးချိန်တွင် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် ဟုအမည် ပြောင်းလဲခဲ့သည်။ ၈၈၈၈ လူထု အုံကြွမှု ကာလအပြီးမှ စ၍ ရန်ကုန် တက္ကသိုလ်သည် အချိန် အကန့်အသတ် မရှိ ပိတ်ထားခြင်းခံခဲ့ရပြီး ယနေ့တိုင် ဘွဲ့လွန် နှင့် ဒီပလိုမာ သင်တန်း အနည်းငယ်သာ သင်ကြားပေးလျက်ရှိသည်။

၁၉၉၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်၏ ၇၅ နှစ်ပြည့် စိန်ရတုသဘင်အား တစ်ပတ်ကြာ ကျင်းပခဲ့ပြီး န.ဝ.တ အစိုးရမှ ကျပ်သိန်း ၆၃၀ တန် စိန်ရတုခန်းမကို ဆောက်လုပ်ခဲ့သည့်အပြင် အထိမ်းအမှတ် တံဆိပ်ခေါင်း နှစ်မျိုးလည်း ထုတ်ဝေခဲ့သည်။

၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် တရားမျှတမှုမရှိသော တက္ကသိုလ် စည်းမျဉ်းများအတွက် ကျောင်းသားများ ကျောင်းဝင်းအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ် ဦးနေဝင်း၏ တပ်များ ပစ်ခတ်မှုကြောင့် တစ်ဒါဇင်ခန့် သေဆုံးခဲ့ရသည့်အပြင် သမိုင်းဝင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗ.က.သ) အဆောက်အဦးပါ ဒိုင်းနမိုက်နှင့် ဖေါက်ခွဲ ဖျက်စီးခံခဲ့ရသည်။

၁၉၇၄ ဒီဇင်ဘာ ၅ ရက်နေ့တွင် ကျိုက်က္ကဆံကွင်းအတွင်း ပြသထားသော ဦးသန့်၏ ရုပ်အလောင်းကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများမှ ခိုးယူပြီး နိုင်ငံတော်ဈာပနဖြင့် သြင်္ဂိုလ်ပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် စစ်တပ်မှ ကျောင်းဝင်းအတွင်း ဝင်ရောက် စီးနင်းပြီး ဦးသန့် အလောင်းကို ပြန်လည် ယူငင်ခဲ့သောကြောင့် ကျောင်းသား အချို့ သေဆုံးခဲ့ရသည်။

ထင်ရှားသော ရန်ကုန်တက္ကသိုလ်ကျောင်းသားများမှာ ဗိုလ်ချုပ်အောင်ဆန်း ၊ ဒေါက်တာဘမော် ၊ ကာတွန်း ဘကလေး ၊ သိန်းဖေမြင့် ၊ ဦးရာဇတ် ၊ ဦးနု ၊ ဦးသန့် ၊ ဒေါက်တာမောင်မောင် ၊ ဦးနေဝင်း ၊ ဆာမောင်ခင် ၊ မြို့မ-ဦးသန်းကြွယ် ၊ ဒေါ်ခင်မျိုးချစ် ၊ ဒေါက်တာသန်းထွန်း ၊ မင်းသုဝဏ် ၊ နိုင်ရွှေကျင် ၊ ဦးကြည်မောင် ၊ ဝန်ကြီးချုပ်ဟောင်း ခင်ညွန့် ၊ လူထုဒေါ်အမာ နှင့် ကောလိပ်ဂျင်နေဝင်း တို့ဖြစ်ကြသည်။

အရှေ့တောင်အာရှရဲ့ အကောင်းဆုံးတက္ကသိုလ်မှာ ဘယ်လိုသင်ခဲ့သလဲ ဆိုတာကို မသိသေးတဲ့သူတွေအောက်က ဗီဒီယိုမှာကြည့်ရှုနိုင်ပါတယ်။ ၁၉၅၇ခုနှစ်က ရန်ကုန်တက္ကသိုလ်ရဲ့စာသင်ချိန်တစ်ခုကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သင်တဲ့သူက ပရော်ဖက်ဆာ ဒေါက်တာကျော်သက် ဖြစ်ပါတယ်။ ဒေါက်တာကျော်သက်ဆိုတာ 1921 ရန်ကုန်မှာမွေးဖွားကြီးပြင်းခဲ့ပြီး မွန် ဗမာစပ်လူငယ်တစ်ဦးဖြစ်ပြီး London University မှ သမိုင်းဆိုင်ရာ ပါရဂူဘွဲ့ကိုရခဲ့တယ်။ PhD ဘွဲ့အပြီး ကမ္ဘာကျော် Yale တက္ကသိုလ်ကြီးရဲ့ ဘွဲ့လွန်တန်းတွေမှာနှစ် နှစ်ကြာစာသင်ကြာပို့ချခဲ့ပြီးရန်ကုန် အရှေ့တိုင်း သမိုင်းပညာဌာနမှာ ပရော်ဖက်ဆာ အဖြစ်တာဝန်ထမ်းဆောင်သွားခဲ့တယ်။


 Wikipedia

No comments