New Artical

သံယောဇဉ်ဇော

 


သံယောဇဉ်ဇော


[ တစ် ]
''ကိုကြီးထွန်း ရောင်းမယ်လို့ ဆုံးဖြတ် ပြီးရင်လည်း စျေးဖွင့်တော့ဗျာ။ ကျုပ်လူတွေက စိမ်းပြာကြီးကို ကြည့်ပြီးကြပြီ။ စျေးကြိုက်ရင် ဆွဲမယ်တဲ့''
သည်စကားတွေကို မျှော်လင့်ထားပြီးသားဖြစ်သော်လည်း နွားပွဲစားမြင့်အောင်ဆီက လက်တွေ့ကြားလာရသောအခါ ကိုထွန်းမင်း သူ့နားတွေကို ယောင်ယမ်းပိတ်လိုက်မိသည်။ အဝေးတစ်နေရာကို ငေးမောနေရာမှ နွားစားကျင်းဘက်ကို ကြည့်လိုက်သည့်အခါတွင် စိမ်းပြာကြီးက အစားကိုဟုတ်တိပတ်တိမစားဘဲ သူ့ကိုတွေတွေကြီး စိုက်ကြည့်နေတာနှင့် ဆုံလိုက် ရသည်။ကိုထွန်းမင်း စိမ်းပြာကြီး၏အကြည့် ကို ရင်မဆိုင်ရဲစွာ သူ့အကြည့်တွေကို ချက်ချင်းပင် လွှဲဖယ်လိုက်မိသည်။ ဒီကောင်ကြီးက သခင့်သဘောကို အရမ်းနားလည်သည်။အကင်းလည်း ပါးလွန်းသည်။အခုလည်း သူ့ကို စျေးဆိုင်နေမှန်း စိမ်းပြာကြီးက သိနေပုံ ရသည်။ ခါတိုင်း အစာကို သဲကြီးမဲကြီး ငုံ့စားတတ်သော ကောင်ကြီးက အခုခေါင်း တမော့မော့ လည်တခါခါနှင့်။ မြင့်အောင်တို့က သူ့အနားကပ်ကာ လှည့်ပတ်ကြည့်သည်ကို နှာမှုတ်သံ တရှူးရှူးဖြင့် မကြိုက်သည့်ဟန် ပြနေသည်။
''နောက်ငါးရက်စောင့်မယ်၊ ငါးရက် စောင့်လို့မှမရရင် ငါ့အဆိုးမဆိုနဲ့။နင်တို့ သေကောင်ပေါင်းလဲဖြစ်ပြီး ငွေလိုတုန်းက နင်တို့ ဘယ်လိုပြောခဲ့တာလဲ။ နောက်ငါးရက်ဆို ငါးရက်ပဲနော် ငါ့ငွေကို ပေးနိုင်အောင် လုပ်ထားကြ''
အိမ်တိုင်ရာရောက်လာပြီး ပြောဆို ကြိမ်းမောင်းသွားသော ဒေါ်ကြည်မြိုင်၏ စကားတွေပြန်ကြားရင်း ကိုထွန်းမင်း စိမ်းပြာကြီးဆီကို နောက်တစ်ကြိမ် အကြည့်ရောက် သွားမိသည်။ သည်တစ်ကြိမ်မှာတော့ စိမ်းပြာကြီးက သူ့ဆီကို ကြည့်မနေတော့။သူ့သခင်၏ ယိုင်နဲ့နဲ့ တဲအိမ်အိုလေးဆီကိုသာ ဦးတည်ငေးမောနေသည်။စိမ်းပြာကြီး သူ့ကိုစိတ်နာ သွားပြီလားဟုတွေးကာ ကိုထွန်းမင်း၏ ရင်အစုံသည် နာကျင်စို့နင့်လာသည်။ လှိုက်ခနဲတက်လာသော ဝမ်းနည်းခြင်းကြောင့် ကိုထွန်းမင်း၏ နှလုံးသားပြတင်းပေါက်များတွင် မျက်ရည်ခိုးများ ဝေ့သီလာသည်။ မျက်တောင်တံခါးများဖြင့် အတင်းပုတ်ခတ်တားဆီး တွန်းဖယ်သော်လည်းမရ။ မျည်ရည်ကြည်များ ကြောင့် အမြင်တွေသာ ပို၍ဝေဝါးလာသည်။ကိုထွန်းမင်းအမြင်တွင် စိမ်းပြာကြီးကို နွားတစ်ကောင်ဟု မြင်၍မရခဲ့။ အဆင်မပြေခြင်းတွေကို လက်တွဲရုံးကန် ထွန်ယက်ခဲ့သည့် သားတစ်ဦးအဖြစ်သာ မြင်ခဲ့သည်။
''ဖေကြီးကို ခွင့်မလွှတ်ပါနဲ့ သားကြီးရယ်။''
စိမ်းပြာကြီး ကြားနိုင်မည် မဟုတ်သော် လည်း ကိုထွန်းမင်းကတော့ အကြိမ်ကြိမ်အခါခါ တောင်းပန်နေမိသည်။
ကိုထွန်းမင်း သောကဝေဒနာတွေဖြင့် ပျံ့လွင့်နေသော သူ၏စိတ်တို့ကို စုစည်းလိုက်သည်။ ကိုထွန်းမင်း၏ ဘဝတွင် စကားတစ်ခွန်းပြောဖို့ သည်မျှလောက် ခက်ခဲပင်ပန်းတာ မရှိခဲ့ဟုထင်သည်။
''မြင့်အောင် မင်းလူတွေက မွေးလက် တော့ သေချာပါတယ်နော်''
[ နှစ် ]
မခင်စိန်တောကို ထွက်လာခဲ့သော်လည်း လုပ်စရာ မယ်မယ်ရရရှိ၍မဟုတ်။ အိမ်မှာ မြင်တွေ့ရမည့် မြင်ကွင်းများကို မခံစားနိုင်မည်စိုး၍ ထွက်လာခဲ့ခြင်း ဖြစ်သည်။ မမြင်ရလျှင် ဝေဒနာတွေ သက်သာမည်ဟု မခင်စိန် တွေးထင်သော်လည်း လက်တွေ့တွင် ထိုသို့ မဟုတ်။ စိမ်းပြာကြီးအကြောင်းကိုသာ ထပ်တလဲလဲတွေးမိနေသည်။ ထိုသို့ တွေးမိ တိုင်းလည်း ''သားရေ စိမ်းပြာကြီးရေ အမေတို့ကို ခွင့်လွှတ်ပါသားရယ်''ဟု တွင်တွင်ဆိုကာ မျက်ရည်များက ပါးပြင်ပေါ်ကို အဆက်မပြတ် စီးကျနေခဲ့သည်။
စိမ်းပြာကြီးဘဝသည် အလွန်သနားစရာ ကောင်းသည်ဟု မခင်စိန်ထင်သည်။ စိမ်းပြာကြီးကိုမွေးတော့ သူ့အမေက တဘဲဘဲသာ အော်ညှစ်နေသော်လည်း အချိန်အတော်ကြာသည့်အထိ စိမ်းပြာကြီးအပြင်ကို ရောက်မလာခဲ့။ ကိုထွန်းမင်းက မိခင်နွားမကို သူတတ်သမျှ မှတ်သမျှဖြင့် မွေးနိုင်ဖွားနိုင်ဖို့ ကူညီလုပ်ဆောင်ပေးသော်လည်း မရ။ မွေးချိန်သာ ကြာလာသော်လည်း ကလေးက အပြင်ရောက်မလာဘဲ မိခင်နွားမသာ အားအင်ကုန်ခန်းကာ ခပ်ပျော့ပျော့ ဖြစ်လာသည်။ကြာလေ အခြေအနေဆိုးလေဖြစ်လာ၍ ကိုထွန်းမင်းက တိရစ္ဆာန်ဆေးကုဆရာဝန်ကို ချက်ချင်းဖုန်းဆက်ခေါ်သည်။သို့သော်လည်း ဆရာက အခြားရွာတစ်ရွာကို ဆေးထိုးသွားနေ၍ အတော်နှင့်ရောက်မလာ။ဆရာရောက်လာ ချိန်တွင် ရိုးရိုးမွေးမရသဖြင့် ခွဲဟယ်စိတ်ဟယ် လုပ်သော်လည်း စိမ်းပြာကြီး၏ အသက်သာ ရလိုက်သည်။ မိခင်အသက်ကို ကယ်မရလိုက်။စိမ်းပြာကြီးသည် အခြားမွေးကင်းစ နွားငယ် တွေလို မိခင်၏လျှာကြမ်းကြမ်းများဖြင့် သူ့ခန္ဓာကိုယ်မှ အညစ်အကြေးများကို လျက်ဖယ်ပေးခြင်း မခံခဲ့ရ။တုန်ချိ၍ ခွာလေးချောင်းကို ဟန်ချက်ညီအောင် မထိန်းမတ်နိုင်ခင်မှာပင် မိခင်သည် သူ့ကို စိတ်ချစွာ စွန့်ခွာထားခြင်းကို ခံခဲ့ရလေသည်။
မိခင်၏ရင်အစုံကို ခေါင်းဖြင့်တိုးဝှေ့ ကျီစယ်ရင်း နို့ရည်ချိုကို စို့ခွင့်မရခဲ့ရှာ။ တဘဲဘဲအော်ကာ မိခင်ကို ချွဲနွဲ့ဆော့ကစားမြူးထူးခွင့်ကို မပိုင်ဆိုင်ခဲ့ရ။ မခင်စိန်တိုက်သော နို့ဘူးကိုသာစို့၍ ကြီးပြင်းခဲ့ရရှာသည်။ မခင်စိန်ကိုသာ မိခင်အမှတ်ဖြင့် သူနို့ဆာတိုင်း တိုးဝှေ့တောင်းရမ်းတတ်သည်။ မခင်စိန်ကို ဟိုမှသည်မှ ပတ်ကာဝေ့ကာ ပြေးလွှားဆော့ ကစားရင်း တဘဲဘဲအော်၍ မြူးထူးဆော့ကစား တတ်သည်။
မခင်စိန်ပျောက်သွားလျှင် တဘဲဘဲ အော်၍ ရှာတတ်သည်။ မခင်စိန်ကိုမြင်သည်နှင့် ခွာစုံပေါက်ပြေးလာတတ်သည်။ မခင်စိန် သွားလေရာ ခွာစုံပေါက်၍ ပြေးလွှားလိုက်တတ် သည်။ ရွာထဲသွားလှျင် ရွာထဲလိုက်သည်။ထို့ကြောင့် မခင်စိန်ရွာထဲသွားတိုင်း စိမ်းပြာ ကြီးပါလာတတ်၍ ''ဒီသားအမိ ဘယ်အိမ် သွားလည်ကြမလို့တုန်း''ဟု လမ်းတွေ့သည့်လူများက မေးတတ်ကြသည့်အထိပင် ဖြစ် သည်။
စိမ်းပြာကြီး၏အမွေးသည် ငယ်စဉ်က အဖြူရောင်ပေါ်တွင် အစိမ်းရေးရေးလေးသာ ပြေးသည့်အရောင်ဖြစ်သည်။ အဖြူရောင်ဟုပင် ထင်စရာ။ သို့သော် တဖြည်းဖြည်း ခန္ဓာကိုယ်ဖွံ့ဖြိုးလာသော စိမ်းပြာကြီး၏ အမွေးများသည် စိမ်းဖန့်လာသည်။နောက်ပိုင်း အပြာရောင်ဘက်သို့ပင် လုလာသည်။ထို့ကြောင့် မခင်စိန်က စိမ်းပြာကြီးဟု ချစ်စနိုးခေါ်ရာမှ အာလုံးက စိမ်းပြာကြီးဟု ခေါ်ကြတော့သည်။ စိမ်းပြာကြီးကလည်း ထိုနာမည်ခေါ်သံကို ကြားလိုက်သည်နှင့် ခေါင်းမော့ကြည့်တတ်သည်။
အရွယ်ရောက်လာ၍ စိမ်းပြာကြီးကို နဖားစဖောက်သည့်နေ့ကဆို မခင်စိန်ကို အားကိုးတကြီးကြည့်ကာ ရုန်းကန်အော်ဟစ်နေသော စိမ်းပြာကြီးကိုကြည့်၍ မခင်စိန် ငိုမိသည်။
''ခင်စိန်ရာ နင်ကလည်း အဖြစ်သည်းနေ လိုက်တာ။ နွားပဲဟ အရွယ်ရောက်ရင် နဖားတော့ ဖောက်ရမှာပေါ့''
''ကိုထွန်းမင်း စိမ်းပြာကြီးကို နွားလို့ မပြောနဲ့။ ကျုပ်နို့ကို လှန်မတိုက်ခဲ့ရရုံ မွေးခဲ့ရတဲ့ သားတော့ သား''
စိမ်းပြာကြီး အပေါ်ထားသော မခင်စိန်၏ သဘောကိုသိသော ကိုထွန်းမင်းက ဘာမှထပ်မပြော။ ရယ်ကျဲကျဲသာ လုပ်နေသည်။ ကိုထွန်းမင်း၏ စိမ်းပြာကြီးအပေါ်ထားသည့် သံယောဇဉ်သည်လည်း မခင်စိန်ထက်မသာလျှင်သာရှိမည်၊လျော့တော့ လျော့မည် မဟုတ်မှန်း မခင်စိန်သိသည်။ မခင်စိန်က အတိတ်ကံတွေအရ ဘဝချင်းမတူကြသော် လည်း စိမ်းပြာကြီးကို သားဟု သဘောထားသည်။ ထို့အပြင် စိမ်းပြာကြီးသည် မခင်စိန်တို့ မင်္ဂလာဦးလက်ဖွဲ့၏ နောက်ဆုံးမျိုးဆက်။
မခင်စိန် ကိုထွန်းမင်းနှင့် အိမ်ထောင် ကျတော့ မခင်စိန်အဖေ ဦးသာအောင်က နွားမတစ်ကောင် လက်ဖွဲ့ခဲ့သည်။ထိုနွားမကြီး သည် ပေါက်ခဲ့သမျှထဲတွင် စိမ်းပြာကြီး၏ မိခင်တစ်ကောင်သာ အမပါသည်။ ကျန်သည်က အထီး‌ေတွချည်း။ စိမ်းပြာကြီး အမေသည်လည်း သူ့အမေဗီဇလိုက်သည်လား မသိ။ အရင်နှစ်ကမှ အထက်နွားဝယ်လက်ထဲ ပါသွားသည့် စာဥကြီးကို သားဦးအဖြစ်မွေးသည်။ ပြီးနောက် စိမ်းပြာကြီးကို ဒုတိယမြောက်သားအဖြစ် လောကကြီးထဲထားကာ ဆုံးပါးသွားရှာသည်။ထို့ကြောင့် မခင်စိန်တို့၏ မင်္ဂလာဦးနောက်ဆုံး မျိုးဆက်ဖြစ်သော စိမ်းပြာကြီးကို ပိုမြတ်နိုးတန်ဖိုးထားခဲ့မိသည်။
ကိုယ်လုံးကိုယ်ထည် ကောင်းသည့်အပြင် ဒေါက်အမြင့်မှာ သုံးထောင့်လက်လေးဆစ်ကျော်ပြီး ရုပ်ဆင်းကောင်းလှသော စိမ်းပြာကြီးကို နွားဝယ်များက စျေးကောင်းပေး၍ မကြာခဏ လာဝယ်ကြသည်။ ထိုအခါတိုင်း ကိုထွန်းမင်းရော မခင်စိန်ပါ နှစ်ခါမစဉ်းစားဘဲ ငြင်းဆန်ပစ်ခဲ့သာချည့်။ စိမ်းပြာကြီးကလည်း လိမ္မာလှသည်။ မည်မျှလောက် ဝန်ကိုဆွဲသည်ဖြစ်စေ တစ်ချက်မတွမတွန့်တတ်။ပုံမှန်ခြေချ အတိုင်းပင်။ ကိုထွန်းမင်းကဆို သားကြီး သားကြီးနှင့် ပါးစပ်ကမချ။သူမစားရမှာထက် စိမ်းပြာကြီးမစားရမှာကို ပိုပူတတ်သူ ဖြစ်သည်။
ထို့ကြောင့်လည်း မနှစ်က ကိုထွန်းမင်း အသက်အန္တရာယ်ပင် နီးခဲ့သည်။ညနေစောင်းမှ အိမ်ကိုအလည်လာသည့် ဘကြီးတင်ထွန်းက ကိုထွန်းမင်းကို မင်းစိမ်းပြာကြီး အစာစိုမစားရရင် " ငါ့ပြောင်းခင်း ရိတ်ကျွေး လေကွာ " ဟု ပြောသည်နှင့် နေ့ကူးအောင်ပင် မစောင့်တော့ဘဲ ချက်ချင်းသွားရိတ်၍ ကိုထွန်းမင်း ပိုးထိခဲ့သည်။ ပိုက်ဆံများစွာဖြင့် ကိုထွန်းမင်းအသက်ကို ဆက်ယူခဲ့ရသည်။
''ညည်းတို့နွားကြီး စျေးကောင်းပေးတုန်း ရောင်းသင့်တယ်နော်။ ဟိုနေ့က လာဝယ်တဲ့ သူတွေဆို စျေးတွေအရမ်း ပေးတာဆို။ သံယောဇဉ်ဆိုတာ တော်ရုံ ကောင်းတာပါအေ။ သတ္တဝါတစ်ခု ကံတစ်ခုပဲမို့လား။ ကိုယ့်အကြွေးတင်ခံပြီး မထားသင့်ဘူး။ အခုခေတ် မိုးကောင်းတောင်သူဆိုတာကလည်း ရေပေါ်အရုပ်ရေးနေရသလိုပဲ။အကြွေးနွံထဲ နစ်သွားရင် ညည်းတို့ မလွယ်ဘူးနော်။ သေချာစဉ်းစားကြ''
ဟိုတလောကလည်း မခင်စိန်တို့ အကြောင်းကို အတွင်းအပြင်အားလုံးသိသူ အဒေါ်ဝမ်းကွဲဒေါ်လေးကြင်က စိမ်းပြာကြီးကို ရောင်းပြီး တင်နေသည့် အကြွေးများကို ဆပ်ဖို့ နားချဖျောင်းဖျပြောသော်လည်း မခင်စိန် မလှုပ်ခဲ့။ ဒေါ်လေးကြင် ပြောသည်မှာ မှန်သော်လည်း စိမ်းပြာကြီးကို ရောင်းဖို့ ဆိုသည်ကို စိတ်ကူးလေးနှင့်ပင် တွေး၍မရခဲ့။ အခြေအနေ တစ်ခုအရ ရောင်းချဖို့ ကြုံလာလျှင်လည်း သတ်သူလက်ကို ဘယ်လောက်စျေးရရ မရောင်းဟု မခင်စိန်တို့ လင်မယား ဆုံးဖြတ်ထားကြသည်။
မနေ့က ဒေါ်ကြည်မြိုင် မခင်စိန်တို့အိမ်ကို လာပြီးသောင်းကျန်းသွားကတည်းက မခင်စိန်တို့လင်မယား တစ်ညလုံး အပူမီးတွေဟပ်ကာ သက်ပျင်းကိုယ်စီချရင်း တလူးလူး တလွန့်လွန့် ဖြင့် အိပ်မပျော်ကြ။ အကြွေးက ကိုထွန်းမင်း ပိုးထိတုန်းက ယူခဲ့ရသည့်အကြွေး။ သီးနှံက အထွက်လျော့၊စျေးကကျနှင့် ယူထားသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်သော်လည်း မဆပ်နိုင်သေး၍ ဒေါ်ကြည်မြိုင်က လာကြမ်းခြင်းဖြစ်သည်။ ဒေါ်ကြည်မြိုင်က ငါးရက်ရက်ချိန်းပေးသည်။မခင်စိန်တို့လို လက္ခဏာအမြော်အမြင် မရှိသူများအဖို့ ချက်ချင်း ငွေရှာဖို့ဆိုတာ မဖြစ်နိုင်။ သည်တော့ မခင်စိန်တို့ လင်မယားနှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် ထုတ်မပြော ကြသော်လည်း မျက်စိထဲမြင်မိသည်က စိမ်းပြာကြီးကိုသာ။ ကိုထွန်းမင်းက စ,မပြော၍ မခင်စိန်က အထစ်ထစ်အငေါ့ငေါ့ဖြင့် စပြော ရတော့သည်။ မခင်စိန်၏ စကားအဆုံးတွင် ကိုထွန်းမင်း၏ ငြင်းပယ်သံကို မကြားရ။စိတ်ကျဉ်းကျပ်လွန်းသောအခါ ချတတ်သည့် သက်ပြင်းချသံကိုတော့ ကြားလိုက်ရသည်။မှောင်နေ၍ မခင်စိန်၏မျက်ရည်များကိုတော့ ကိုထွန်းမင်း မမြင်မှာသေချာသည်။ထို့ကြောင့် မခင်စိန် အမှောင်ကိုပင် ကျေးဇူးတင်မိသည်။
[ သုံး ]
မခင်စိန်၏ တောပြန်ခြေလှမ်းများသည် မပြေးရုံတမယ်သာ။တစ်ချက်တစ်ချက် ပြေးတောင်ပြေးမိသည်ဟု ထင်သည်။ မခင်စိန် သူ့လှမ်းနေသည့် ခြေလှမ်းများကိုပင် အားမရ။နှေးလွန်းသည်ဟု ထင်သည်။
''ခင်စိန်ရာ နင်တို့ကလည်း အစကတော့ မရောင်းဘူး မရောင်းဘူးနဲ့ ရောင်းမယ့် ရောင်းတော့လည်း စိမ်းပြာကြီးကို သားသတ်ရုံက ဝယ်လက်တွေဆီ ရောင်းတာလားဟ။ စျေးဘယ်လောက်ကွာလို့တုန်းဟာ စိမ်းပြာကြီးကို သနားပါတယ်''
အခင်းနားနီးချင်းဖြစ်သူ ကိုမြင့်စိုး စကားတွေက မခင်စိန်နှလုံးသားတွေကို ကွဲကြေစေသည်။ ထိုစကားလုံးများကို ပြန်ကြားတိုင်း မခင်စိန် သူ့ခြေလှမ်းများကို ပိုသွက်လှမ်းမိသည်။အိမ်အဝင်ပေါက်ရောက်တော့ မခင်စိန်အတော်ပင်မောနေပြီ။မခင်စိန်၏ မျက်လုံးများက နွားစားကျင်းဆီကို အရင်ကြည့်လိုက်မိသည်။ စိမ်းပြာကြီး မရှိတော့။
''ကိုထွန်းမင်း...ကိုထွန်းမင်း''
ကိုထွန်းမင်းနာမည်ကို အသံကုန် အော်ဟစ်ခေါ်ရင်း အိမ်ထဲပြေးဝင်လာသည့် မခင်စိန်ကို ကိုထွန်းမင်း နားမလည်နိုင်သည့် မျက်ဝန်းများနှင့် ကြည့်မိသည်။ ကိုထွန်းမင်းရှေ့တွင်တော့ စိမ်းပြာကြီးအတွက် မြင့်အောင်တို့ ပေးချေသွားသည့် နွားဖိုးငွေများက အပုံလိုက်။အခုထိ ထိုငွေများကို ကိုထွန်းမင်း ထိတို့ မကြည့်ရသေး။ထိတို့ကြည့်ချင်စိတ်လည်း မရှိ။
''မြင့်အောင်တို့က စိမ်းပြာကြီးကို လိမ်ဝယ်သွားတာ။ တော်က သားသတ်ရုံက ဝယ်လက်ဆို မရောင်းဘူးဆိုတာသိလို့ မွေးလက်ဆိုပြီး လိမ်ဝယ်သွားတာတဲ့‌ေတာ့ ''
မခင်စိန်၏အမောတကောပြောသော စကားအဆုံးတွင် ကိုထွန်းမင်း တောက်တစ်ချက်ကို ပြင်းပြင်းခေါက်သည်။ပြီးလျှက် သူ့ရှေ့က ပိုက်ဆံများကို ပုဆိုးခါးပိုက်လုပ်ကာထည့်၍ ''လာ ခင်စိန် မြင့်အောင်တို့အိမ်ကို လိုက်မယ်။ဆွဲသွားတာ မကြာသေးဘူး။မီသေးတယ်။စိမ်းပြာကြီးကိုတော့ သတ်ရာအပါမခံနိုင်ဘူး။ ''ပြောပြောဆိုဆို မြင့်အောင်တို့ အိမ်ဘက်ကို သုတ်ခြေတင်ထွက်သွားသော ကိုထွန်းမင်းနောက်ကို မခင်စိန်လည်း လိုက်ခဲ့သည်။ ထိုအချိန်တွင် ကိုထွန်းမင်းတို့ လင်မယား၏စိတ်ထဲတွင် ဒေါ်ကြည်မြိုင်အား ငါးရက်အတွင်း ပေးရမည့်အကြွေးများအကြောင်း၊ လာမည့် မနက်ဖြန်များတွင် ရင်ဆိုင်ရမည့် အခက်အခဲများအကြောင်း အားလုံးကို မေ့လျော့နေကြသည်။ စိမ်းပြာကြီး၏ အသက် အန္တရာယ်မကျရောက်ဖို့ ကယ်တင်ချင်သည့် သံယောဇဉ်ဇောတစ်ခုသာ ကပ်ငြိနေသည်မှာ သေချာလှသည်။ ။

No comments