New Artical

"နန်းသုံးတော်ဝင် (၇) ပါး သံစဉ်"


 "နန်းသုံးတော်ဝင် (၇) ပါး သံစဉ်"

ညှင်းလုံး၊ အောက်ပြန်၊ ပုလဲ (သံ)

ခြောက်သွယ်ညွန့် (စံ)၊ ပြည်တော်ပြန်

မြင်စိုင်း၊ ဒူရက (သံ)

မြန်မာ့စာပေကျမ်းဂန်များတွင် ဖော်ပြပါရှိသော ဗေလုဝစောင်း၊ ဂုတ္တိလစောင်း၊ ဥတိန္နစောင်း၊ မင်းကုသစောင်း များသည် မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် မြန်မာစောင်း ကောက်မျိုးများ မဟုတ်ဘဲ၊ အိန္ဒိယပြည်တွင် ရှေးပဝေဏီမှ ပေါ်ပေါက်ခေတ်စားလာခဲ့၍၊ ယနေ့တိုင် သုံးစွဲနေသော ကြိုး (၇) ချောင်းတပ် 'ဝီဏာ'ခေါ် အိန္ဒိယတူရိယာတစ်မျိုးပင် ဖြစ်ဟန် တူသည်။ မြန်မာနိုင်ငံတော်တွင် ကျန်စစ်မင်းတည်ထားခဲ့သော ပုဂံအာနန္ဒာ စေတီတော်အတွင်းရှိ နံရံကပ် ကျောက်ရုပ်တုတော် များတွင် စောင်းကောက်ပုံ တစ်ပုံကို အစောဆုံး တွေ့ရှိရခြင်း အားဖြင့်၊ ပုဂံခေတ်အခါကတည်းကပင် မြန်မာနိုင်ငံ၌ စောင်း ကောက်များ ခေတ်စားခဲ့သည်မှာ ထင်ရှားပေသည်။
ယနေ့ မြန်မာ့ပန်တျာလောက၌ မြန်မာစောင်းကောက်များ တွင် ရှေးအခါက ကြိုး (၇) ချောင်းဖြင့်သာ တီးခဲ့ကြသည်ဟူ သော ယုံကြည်ချက်နှင့် ကြိုး (၇) ချောင်းမှ ကြိုး (၁၃) ကြိုးတီး သော စနစ်ကို မြဝတီမင်းကြီး တီထွင်ခဲ့သည်ဟူသော ယုံကြည် ချက်နှစ်ရပ်မှာ မခိုင်မာသော ယုံကြည်ချက်များသာဖြစ်ပေသည်။ ရှေးအခါက မြန်မာစောင်းများ၌ ကြိုး (၇) ချောင်းတပ်ဆင် ၍ တီးမှုတ်ကြသည်ဟူ၍ ယုံကြည်ချက် ဖြစ်ပေါ်လာခဲ့ခြင်း အကြောင်းအရင်းမှာ ပုဂံခေတ်အခါက အိန္ဒိယပန်တျာနှင့် စပ်ဆိုင်သည့် အကြောင်းအရာများပါရှိသော အိန္ဒိယကျမ်းများမှ တစ်ဆင့် မြန်မာဘာသာသို့ တိုက်ရိုက်ဘာသာပြန်ဆိုကြစဉ်က 'ဝီဏာ'ခေါ် ကြိုး (၇) ချောင်းတပ် အိန္ဒိယတူရိယာ တစ်မျိုးကို 'စောင်း'ဟူ၍ ဘာသာပြန်ဆိုခဲ့သောကြောင့်ဖြစ်သည်။
 
သက္ကရာဇ် (၉ဝ၄) ခုနှစ် အရှင်အဂ္ဂသမာဓိ ရေးသားတော်မူ ခဲ့သည့် နေမိဘုံခန်းပျို့၊ ဖလိကဝိမာန ဘုံခန်းအကြောင်း ဖွဲ့နွဲ့ စပ်ဆိုရာ၌ 'မှုတ်တီးညှင်းစောင်း၊ ရွှေနင်းနောင်းနှင့် မိကျောင်း ပြိုင်ဆော်၊ ပြည်တော် ပုလဲ၊ အောက်ပြန်လွှဲလျက်' ဟူ၍၎င်း ပတ္တမြားဘုံခန်းအကြောင်း ဖွဲ့နွဲ့စပ်ဆိုရာ၌ 'သံလေးချည်ချောင်း၊ သာသည့်စောင်းနှင့်၊ မိကျောင်းညှို့လှုပ်၊ ငြင်းလက်အုပ်လည်း၊ ချုပ်ကနွဲနွဲ၊ ပုလဲအောက်ပြန်၊ ပြည်တော်လှန်လျက်၊ တစ်ဖန် နှိုင်းထောက်၊ မြင်စိုင်းကောက်၍'ဟူ၍ စပ်ဆိုသီကုံးခဲ့ခြင်းကို အထောက်အထားပြု၍၊ အင်းဝခေတ် စောင်းတူရိယာများကို ကြိုး (၁၃) ချောင်းတပ် စနစ်ဖြင့် ညှင်းလုံး၊ အောက်ပြန်၊ ပုလဲ၊ မြင်စိုင်း အစရှိသည့် သံသစ် (၇) မျိုးပြောင်းလွှဲတီးခဲ့ကြကြောင်း သိသာထင်ရှားလေသည်။
 
ထို့ပြင် လွန်ခဲ့သောနှစ်ပေါင်း (၃၅ဝဝ) လောက်ကတည်းကပင် အီဂျစ်စောင်းကောက်များတွင် ကြိုး (၈) ချောင်းကို ဘွဲ့ကြိုးများဖြင့် ချည်လျက် တီးခဲ့သည်ကို တွေ့ရှိရသည်တစ်ကြောင်း၊ အိန္ဒိယပြည်ဘာရဟုတ်မြို့ ဘုရား ရှိခိုးကျောင်း ရုပ်လုံးတုများတွင် တွေ့ရှိရသည့် အိန္ဒိယစောင်း ကောက်များ၌ ကြိုးအများအပြားပါရှိဩည်ကို တွေ့ရခြင်းအား ဖြင့်၊ အိန္ဒိယစောင်းကောက်များမှာ လွန်ခဲ့သည့်နှစ်ပေါင်း နှစ် ထောင်ကျော်ကတည်းကပင် ကြိုးအများအပြားတပ်လျက် တီးခဲ့ သည်ကို တွေ့ရှိရသည်တစ်ကြောင်း၊ အာရပ်လက်အောက်ခံ အယ်လဟီးရော့နယ်၌ တွေ့ရှိသည့် (၆) ရာစုခေတ်အခါလောက် က စောင်းများ၌ ကြိုး (၁၃) ကြိုးမှ ကြိုး (၄ဝ) အထိ တပ်ဆင် ထားသည်ကို သိရှိရသည့်တစ်ကြောင်းကြောင့်၊ မြန်မာနိုင်ငံတွင် ပုဂံခေတ်အခါလောက်ကတည်းကပင် စောင်းကောက်များ၌ ကြိုး (၁၃) ကြိုးတပ်လျက် တီးနေကြပြီဟူ၍ ယူဆရသည်။
 
စောင်းကောက်လက်ရုံးတွင် ကြိုးများချည်ရာ၌ ဘွဲ့ကြိုးဖြင့် ၎င်း၊ သို့မဟုတ် လက်ရုံးကိုအပေါက် ဖောက်၍ ဒလက်များ တပ်၍၎င်း ချည်ကြသည်။ ကြိုးချည်နည်းများအနက် စောင်း လက်ရုံးကြိုး လျော့မကျ စေရန် အထစ်များပြုလုပ်၍ ချည်နည်း မှာ ရှေးအကျဆုံး ချည်နည်းဖြစ်သည်။ ထိုချည်နည်းမှတစ်ဖန် ယခုမြန်မာ့ စောင်းများတွင် ဘွဲ့ကြိုးဖြင့် ဗူးလည်သီး ခတ်ချည် နည်းသို့ ကူးပြောင်းလာခဲ့သည်။ မြန်မာနိုင်ငံအနီးအနားတစ်ဝိုက် တိုင်းပြည်များတွင် တွေ့ရှိရသော ရှေးစောင်းကောက်များမှာ အများအားဖြင့် ဘွဲ့ကြိုးများ ဖြင့်သာလျှင် ချည်ကြလေသည်။
 
မြန်မာနိုင်ငံတွင် စောင်းလက်ရုံးကို အပေါက်ဖောက်၍ ဒလက် များတပ်လျက် ကြိုးချည်ထားသည့် စောင်းမျိုး တစ်မျိုးတွေ့ရှိရ သည်။ ထိုစောင်းမျိုးကို ပဲခူးရိုးမတစ်ဝိုက်ရှိ စကောကရင် လူမျိုးများနှင့် ရှမ်းပြည်နယ်အချို့အရပ်ဒေသများရှိ ရှမ်းလူမျိုး များတီးကြသည်။
 
ပုဂံခေတ်အခါ၌ စောင်းတူရိယာနှင့်ယှဉ်တွဲ၍၊ ငြင်း၊ ကန့် လန့်ဖြတ်ပြွေများဖြင့် တီးမှုတ်လေ့ရှိကြောင်းလည်းသိရပေသည်။ မှန်နန်း မဟာရာဇဝင်တော်ကြီး၊ မန္တလေးတိုင်း ပထမတွဲစာအုပ်၊ စာမျက်နှာ (၂ဝ၅) ၊ ရတန သိဒ္ဓိပထမတွဲစာအုပ် စာမျက်နှာ (၂၂၄) တွင် သုမုန္ဒရီဖြိုကြွင်းသက္ကရာဇ် (၈၉) ခုနှစ် နန်းတက်တော်မူသော ပျူစောထီးမင်း နန်းတက်ပွဲအခမ်းအနား၌ စောင်းတူရိယာတီး ကြောင်း တွေ့ရှိရခြင်းဖြင့်၎င်း၊ မှန်နန်းရာဇဝင်တော်ကြီး၊ ပထမ တွဲ စာအုပ်စာမျက်နှာ (၂၉၂) ၊ ရတနသိဒ္ဓိပထမတွဲ စာအုပ်စာမျက်နှာ (၃၁၆) တွင် သက္ကရာဇ် ၄၅၄ခုနှစ် နန်းတက်တော်မူသော အလောင်းစည်သူမင်းကြီး၏ မိဖုရားကြီး (၄) ပါးတို့၏ နန်းတော် ဆောင်များ၌ မိန်းမစည်၊ မိန်းမပတ်၊ မိန်းမစောင်း၊ မိန်းမငြင်း တို့ဖြင့် မပြတ်ဖျော်ဖြေတီးကြရကြောင်း တွေ့ရှိရသဖြင့်၊ ပုဂံ ခေတ်မင်းခမ်းမင်းနားများတွင် စောင်းတူရိယာများ တီးကြောင်း သိရှိရ၏။ 'ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းငယ်ကောင်း ယောင်း မတို့တော်၊ မဲလည်ပင်နှင့် ဒန်းပင်နွဲ့နှောင်း၊ ယှက်ခါငယ်ပေါင်း' အစချီသုံးထောင့် အိုင်ချင်းတစ်ပုဒ်၌ 'စုန်မဲ့ဆို စုံမဲ့ရက်၊ ဆက် ဆက်မစုန်လို၊ တီးသည့်စောင်းနှင့် လောင်းသည့်ကြက်ကို ပိုက် လို့ငယ်ငို၊ မောင့်ကိုကုန်သွား၊ ထဲ့သလားတော်'ဟူ၍ ရေးသား ထားခဲ့ခြင်းဖြင့်၊ ရှေးအခါကပင် စောင်းတူရိယာများကို မင်းခမ်း မင်းနားသဘင်များတွင် တီးကြရုံသာမက၊ တောင်သူလယ်သမား ဆင်းရဲသားပိုင်း များ၌လည်း ခေတ်စားလျက်ရှိကြောင်း သိရှိရ ပေသည်။
 
ရှေးအစဉ်အဆက်မှ ဆင်းသက်၍ ကုန်းဘောင်ခေတ်ဦးပိုင်း တွင် မိမိတို့တီးသော စောင်းတူရိယာများကို 'ကရဝိက်သံ၊ မြ ခြူသံ၊ ဇီဝစိုး၊ သစ်ကနက်၊ သန်းခေါင်ကျူး၊ သန်းခေါင်မောင်း၊ စံရှား' အစရှိသည့် အမည်နာမမျိုးများ မှည့်၍ စောင်းအိုး၏ အနောက်ဘက်၌ ကမ္ပည်းစာတမ်းထိုးလေ့ရှိကြသည်။ အတွင်း တော်များ၌ စောင်းတူရိယာများကို လက်ဝဲစောင်း၊ လကျာ် စောင်းဟူ၍ ခွဲခြားတီးကာ ဖျော်ဖြေကြရသည်။ သက္ကရာဇ် (၉၇၁) ခုနှစ်တွင် နန်းတက်တော်မူသော တောင်ငူဘုရင် နတ်ရှင်နောင်၊ သက္ကရာဇ် (၁၁၈၁) ခုနှစ် နန်းတက်တော် မူသော ဘကြီးတော် ဘုရား၊ သက္ကရာဇ် ၁၁၉၉ ခုနှစ် နန်းတက်တော်မူသော သာယာဝတီမင်းခေါ် ရွှေဘိုမင်း၊ အနောက်နန်းမတော်မမြလေး၊ မြဝတီဝန်ကြီးဦးစတို့သည် စောင်းအတီးပညာကို ကိုယ်တိုင် လေ့လာလိုက်စား ဆည်းပူးခဲ့သည်များကို အထောက်အထားပြု လျက် အင်းဝခေတ်နှင့် ကုန်းဘောင်ခေတ်အခါ၌ ရှင်ဘုရင်မှစ၍ မင်းညီမင်းသားများကိုယ်တိုင် စောင်းတီးခြင်းကို အမြတ်တနိုး လေ့လာလိုက်စားခဲ့ကြောင်း သိသာထင်ရှားပေသည်။
 
မြန်မာစောင်းကောက်မှာ အရွယ်အားဖြင့် နှစ်စားရှိသည်။ ယောကျာ်းတီးစောင်းမှာ ကြီး၍၊ မိန်းမတီး စောင်းမှာငယ်သည်။ မြန်မာစောင်းကောက်များတွင် တပ်ဆင်ထားသောကြိုး (၁၃) ကြိုး ကို အထက်ဆုံးမှ အောက်ဆုံးကြိုးအထိ အသံကြီးစဉ်ငယ်လိုက်_
(၁)အထက်ဒုန်း
(၂)နှစ်ပင်ဒုန်း
(၃)သုံးပင်ဒုန်း
(၄)လေးပင်ဒုန်း
(၅)ငါးပင်
(၆)ဒုန်းလက်ညှိုး
(၇)နှစင်ဒုန်း (နှစ်ပင် ဒုန်းလက်ညှိုး
(၈)သုံးပင်ဒုန်းလက်ညှိုး
(၉)တျောကြိုး
(၁ဝ)တျေကြိုး
(၁၁) တျာကြိုး
(၁၂)သံကျပ်ကြိုး
(၁၃)သံဖြားကြိုးဟု ညှင်းလုံးသံစဉ် ညှိ၍ တီးသည့်အခါ ခေါ်ဝေါ်ကြသည်။ 
 
ယင်းကြိုးအခေါ်အဝေါ် များသည် ညှင်းလုံးသံစဉ်ဖြင့်ညှိထားသော အခါ၌သာ ခေါ်သော အမည်များ ဖြစ်၏။ အခြားသံစဉ်များဖြင့် ညှိသောအခါတွင် ကြိုးအခေါ်အဝေါ်များ ပြောင်းလွှဲသွားတတ်သည်။ ယခုအခါ များသောအားဖြင့် အပေါ်ဆုံးတွင် တစ်ကြိုးတင်ကာ (၁၄) ကြိုး တပ်၍တီးကြသည်။ ရှေးအခါက စောင်းအတီးပညာကိုသင်ကြား ရာ၌ ရှေးဦးစွာ ကြိုးရှိအသံအနေအထားနှင့် ကြိုးအတွဲအဖက် များကို လေ့လာသင်ကြားနိုင်ရန် သီချင်းအားဖြင့် ဖွဲ့နွဲ့စီကုံး သော အလေ့အထမှစတင်၍၊ ကြိုးသီချင်းဟူသော သီးချင်း အမျိုးအစားများ မြန်မာ့ပန်တျာလောကတွင် ပေါ်ထွန်းခဲ့ရလေ သည်။
 
စောင်းကို သင်ရာတွင် အသံတူကြိုး တွဲတို့အပြင် အသံမတူဘဲတွဲဖက်ရသော (၃) ကြိုးတွဲဌာန်၊ (၄) ကြိုးတွဲဌာန်၊ (၅) ကြိုး တွဲဌာန်၊ (၇) ကြိုးတွဲဌာန်၊ (၉) ကြိုးတွဲ ဌာန်ဟူ၍ အမျိုးမျိုးရှိသည့်အပြင်၊ ဒျန့်ခေါ် ကြိုးတွဲနည်းလည်း ရှိလေသည်။
 
စောင်းတီးရာ၌ 'ညှင်းလုံးသံစဉ်၊ အောက်ပြန်သံစဉ်၊ ပုလဲ သံစဉ်၊ မြင်စိုင်းသံစဉ်၊ ဒူရကသံစဉ်၊ ခြောက်သွယ်ညွန့်သံစဉ်၊ ပြည်တော်ပြန်သံစဉ်'ဟူ၍ သံစဉ် (၇) မျိုးခွဲခြားလျက် ကြိုးများ ကို ပြုပြင်ပြောင်းလွှဲတီးကြ၏။ ဤကဲ့သို့စောင်းများတွင် သံစဉ် (၇) မျိုးဖြင့် ခွဲခြားတီးသော အစဉ်အလာတစ်ရပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်းလေးရာကျော်က ပေါ်ထွန်းခဲ့ကြောင်း ခိုင်မာစွာသိရှိရ သည်။ ထိုသံစဉ် (၇) မျိုးအနက် ဒူရကသံစဉ်၊ ခြောက်သွယ်ညွန့် သံစဉ်၊ ပြည်တော်ပြန် သံစဉ် (၃) မျိုးတီးသည့် အလေ့အထမှာ ကွယ်ပျောက် တိမ်ကောခဲ့လေပြီ။ သံစဉ် (၃) မျိုးတီးသည့် အလေ့ အထ ကွယ်ပျောက်သွားခဲ့သော်လည်း၊အဆိုပါ သံစဉ် (၃) မျိုး တီးနည်းမှာ ကျန်ရှိနေသော ညှင်းလုံး၊ အောက်ပြန်၊ ပုလဲ၊ မြင်စိုင်းသံစဉ်များ၌ တီးသည့်နည်းအတိုင်းပင် ဖြစ်လေသည်။
 
ကျန်ရှိနေသော သံစဉ်များနှင့် ကွယ်ပျောက်သွားသော သံစဉ် များ၏ ကွာခြားချက်မှာ အသံအစီအစဉ် အနေအထား အားဖြင့် ကွာခြားခြင်းမရှိဘဲ၊ အသံအနိမ့်အမြင့်သာလျှင် ကွာခြားလေ သည်။ စောင်းညှိပုံ ညှိနည်းများဖော်ပြရာ၌၊ အသံအနိမ့်အမြင့် အားဖြင့် သိသိသာသာပြောင်းလွှဲညှိရသော အသံများကိုသာ ဖော်ပြထားလေသည်။ ဖော်ပြထားသည့်အသံစဉ် တစ်မျိုးမှ တစ်မျိုးသို့ ကူးပြောင်းညှိနည်းအတိုင်း ကြိုးများညှိလျှင် အသံစဉ် ရှိအသံများ ရာခိုင်နှုန်းပြည့် ကိုက်ညီနိုင်မည်မဟုတ်ချေ။ သံစဉ် အလိုက် ကြိုးရှိ အသံ နှစ်သံ သုံးသံလောက်ကို မသိမသာ အနည်းငယ်ပြုပြင်ပေးဖို့ လိုလေသည်။ 
 
စောင်းသံစဉ်အမျိုးအစား အလိုက်သီချင်းအမျိုးအစားများ ကို ခွဲခြားသီဆိုတီးမှုတ်သော အစဉ်အလာတစ်ရပ် ရှိသည်။ ညှင်းလုံးသံစဉ်တွင် ကြိုး၊ ဘွဲ့၊ သီချင်းခံများကို၎င်း၊ အောက် ပြန်သံစဉ်တွင် ပတ်ပျိုး၊ လေးထွေ သံကပ်၊ မြင်းခင်း၊ လောက နတ်သံ၊ နတ်ချင်းများကို၎င်း၊ ပုလဲသံစဉ်တွင် ယိုးဒယား၊ မွန်၊ ဘောလယ်၊ ရှေးသံဆန်းများကို၎င်း၊ မြင်စိုင်းသံစဉ်တွင် တေး ထပ်၊ ရှစ်ဆယ်ပေါ်၊ ဒိန်းသံသီချင်း များကို၎င်း သီဆို တီးမှုတ် လေ့ရှိကြသည်။ ရှေးမြန်မာတူရိယာ များဖြစ်သော စောင်း၊ ဆိုင်း၊ ပတ္တလား၊ မိကျောင်းအစရှိသည့် တူရိယာများအနက်၊ စောင်းဖြင့်တီးသော စောင်းတီးကွက်သည် အထင်ရှားဆုံးနှင့် အခန့်ညားဆုံးတီးကွက် ဟူ၍ ရှေးမြန်မာ့ပန်တျာ လောကမှစတင်၍ အသိအမှတ်ပြုခြင်းခံခဲ့ရပေသည်။

 

Wai Linn (ရွှေလက်)

မူရင်း၊ ကိုးကား_ မာဃဋီကာ မာဂဓအဘိဓာန်

မှန်နန်း ရာဇဝင်တော်ကြီး ၊ ကဗျာဗန္ဓသာရကျမ်း

No comments