New Artical

ဖုန်းသုံးတဲ့အခါ မလုပ်သင့်တဲ့ အရာ (၅) ခု

ဖုန်းတွေဟာ လူတွေနဲ့ အမြဲတမ်းအတူရှိတဲ့ အဖော် တစ်ယောက်လို ဖြစ်နေပါပြီ။ လူအချင်းချင်းတောင်မှ လူကောင်းလူဆိုး ခွဲခြားပေါင်းရသေးတာပဲ။ ဒီတော့ ၂၄ နာရီနီးပါး အနားအမြဲရှိနေတဲ့ ဖုန်းရဲ့ ကောင်းတဲ့ ဆိုးတဲ့အချက်လေးတွေကို မှတ်သားထားပြီး ကိုယ့်အတွက်မကောင်းတဲ့ အချက်တွေကို မလုပ်မိစေဖို့ သတိထားဆင်ခြင်ကြရအောင်အကြံပြုတင်ပြလိုက်ပါတယ်။

ဖုန်းသုံးတဲ့အခါ လူတိုင်း လုပ်မိတတ်တဲ့ မကောင်းတဲ့ အမှား(၅)ခု

(၁) ဖုန်းနဲ့အတူအိပ်ခြင်း

ဖုန်းဆိုတာဟာ အခြေခံအားဖြင့် လျှပ်စီးသံ လိုက်စက်ကွင်းတွေကို ကူးပြောင်းပေးတဲ့၊ လက်ခံပေးတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဆိုလိုချင်တာက ဖုန်းကနေ ရေဒီယိုလှိုင်းတွေ ထွက်ပါ တယ်။ ရေဒီယိုလှိုင်းတွေ နဲ့ အချိန်ကြာထိတွေ့ခြင်းက ဦးနှောက်ကို ထိခိုက်စေနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ နောက်ပြီး ဖုန်းကိုအနားမှာထားအိပ်တဲ့အခါ ဖုန်းမက်ဆေ့စ် ပဲဖြစ်ဖြစ် Noti တက်လာတဲ့အခါ ဦးနှောက်က နိုးထသွားပြီး အိပ်စက်ခြင်းစက်ဝန်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။

ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင် ဖုန်းပိတ်အိပ်ပါ၊ Airplane Mode လုပ်အိပ်ပါ။ ဒါမှမဟုတ် ဖုန်းကို အခြားအခန်းမှာ ထားထားလိုက်ပါ။

(၂) ဆက်သွယ်မှုလိုင်း အားနည်းနေချိန် အသုံးပြုခြင်း

ဖုန်းလိုင်းအားနည်းလေ၊ ဖုန်းကနေ ရေဒီယို သံလိုက်လှိုင်းတွေကို ပိုစုတ်ယူရလေပါပဲ။ အဲလိုအချိန်မှာ ဖုန်းကနေ စွမ်းအင်တွေ အများကြီးသုံးနေရတဲ့အတွက် ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် ဖုန်းလိုင်းအား နည်းနေချိန် မှာ မဖြစ်မနေဖုန်းဆက် ရမယ့် ကိစ္စရှိရင် ကြိုးဖုန်း သုံးဖို့၊ လက်ကိုင်ဖုန်းကို လူနဲ့တက်နိုင်သမျှ ဝေးဝေးထားဖို့

“Disconnect  :  The Truth About Cell Phone Radiation, What the Industry Is Doing to Hide It, and How to Protect Your Family ”

စာအုပ်ကိုရေးသားသူ ဒေါက်တာ Devra Davis က အကြံပြု ထားပါတယ်။ ဒါ့အပြင် ဖုန်းလိုင်းအားကျနေတဲ့အချိန် ဖုန်းသုံးခြင်းက ဖုန်းအပူချိန်တက်စေပါတယ်။ ဒါလည်း အန္တရာယ်တစ်မျိုးပါပဲ။

(၃) ဖုန်းကို အသားအရေနဲ့ထိတွေ့ခြင်း

ဆဲလ်ဖုန်းသုံးခြင်းနဲ့ ကင်ဆာရောဂါကြား မှာ ဆက်စပ်မှုရှိနေတယ် ဆိုတဲ့ လေ့လာတွေ့ရှိမှုတွေ တော်တော်များများ ရှိပါတယ်။ ဖုန်းလိုင်းအား 900 MHz ဝန်းကျင် ထွက်နေတဲ့အခါ ဖုန်းက ပူလာပါတယ်။ အဲလိုအချိန်မှာ ဖုန်းကို အသားအရေနဲ့ ထိတွေ့စေမယ်ဆိုရင် အသားအရေကနေ ဖုန်းရဲ့အပူတွေကို စုတ်ယူလိုက်မှာပါ။ အဲလိုစုတ်ယူခြင်းက အသားအရေအတွက် မကောင်းနိုင်ပါဘူး။

ဒါကြောင့် ဖုန်းပြောတဲ့အခါ ဖုန်းကိုမျက်နှာနဲ့ မထိတွေ့မိအောင် နားကြပ်သုံးပြီး (သို့မဟုတ်) စပီကာဖွင့်ပြီး ပြောပါ။ ဖုန်းလိုင်းအားနည်းနေချိန်၊ ဖုန်းပူနေချိန်မှာ အသားအရေနဲ့ ဝေးဝေးထားပါ။

(၄) ဖုန်း Screen ကို ကြည့်တဲ့ ကိုယ်နေဟန်ထား မှားယွင်းခြင်း

မှားယွင်းတဲ့ ကိုယ်နေဟန်ထားနဲ့ ဖုန်းသုံးခြင်းကြောင့် Tenosynovitis လို့ခေါ်တဲ့ လက်မနာကျင်မှု၊ Text Neck လို့ခေါ်တဲ့ ဇက်ပိုးနာကျင်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဖုန်းမျက်နှာပြင်ကို ငုံ့ကြည့်ဖို့ ဇက်ပိုးကို ကွေးရတဲ့ အခါ ကျောရိုး မကြီးကို တဖြည်းဖြည်း ထိခိုက်လာပါတယ်။ အချိန်ကြာတဲ့အခါ ဇက်ပိုးရဲ့ အလေးချိန်ဟာ ၅ ဆလောက် ပိုလေးလာတယ်လို့ ခံစားရပါလိမ့်မယ်။

အဲဒီကနေ ဇက်ကြောနာတာ၊ ကိုယ်နေဟန်ထား မမှန်ကန်တာတွေ ဖြစ်လာနိုင် ပါတယ်။ ဒါကြောင့် ဖုန်းသုံးတဲ့အခါ မျက်လုံးနဲ့တစ်တန်းထဲမှာထားပါ။ လည်ပင်းကိုကွေးပြီး ခေါင်းငုံ့သုံးတာမျိုး တတ်နိုင်သမျှ ရှောင်ပါ။

(၅) ဖုန်းကထွက်တဲ့ အပြာရောင် အလင်းတန်းနဲ့ အချိန်ကြာထိတွေ့ခြင်း

ဖုန်း Screen ကထွက်တဲ့ အလင်းဟာ အိပ်စက်ခြင်း စက်ဝန်းကို ပုံမှန်လည်ပတ်စေတဲ့ Melatonin ဟော်မုန်းကို ပျက်စီးစေပါတယ်။ အပြာရောင်အလင်းတန်းဟာ ခေါင်းကိုက်စေတဲ့အပြင် မျက်စိနဲ့ အမြင်အာရုံပြဿနာတွေ ဖြစ်စေပါတယ်။

ဒါကြောင့် အမှောင်ထဲမှာ မဖြစ်မနေ ဖုန်းသုံးရမယ်ဆိုရင် ဖုန်းအလင်း ပမာဏကို အနိမ့်ဆုံး လျှော့ထားပါ။ ဒါမှမဟုတ် အပြာရောင်အလင်းတန်း မထွက်စေတဲ့ Filter မျိုး သုံးပါ။

အခုပြောနေရင်းတောင် အထက်မှာ ပြောခဲ့တဲ့အမှားတွေ သင်လုပ် မိနေနိုင်ပါတယ်။ ဘာမှမဖြစ်သေးလို့ဆိုပြီး လက်လွှတ်စပယ် မနေသင့်ပါဘူး။ ဆိုးကျိုးတွေက ချက်ချင်းမဖြစ်ပါဘူး။ တဖြည်းဖြည်း လှိုက်စားလာမှာပါ။ အချိန်လွန်တော့မှ နောင်တမရ ရအောင် ကြိုတင်ပြီး ဆင်ခြင်သင့်ပါတယ်နော်။

WeMedia

No comments