"သိမ်" ဘာကြောင့် ခေါ်ပါတယ်။
သိမ်ဆိုသည်မှာ သီမာဟူသော ပါဠိမှ လာသောစကားဖြစ်သည်။ အပိုင်းအခြား နယ်ပယ်ဟု ဆိုလေသည်။ သံဃာတော်များ ကံကြီးကံငယ်ပြုရာ နေရာဋ္ဌာနကို သိမ်ဟုခေါ်သည်။ သိမ်ဟူသည် ရှိသမျှ ရဟန်းတော်များ တစုတဝေးတည်း အညီအညွတ်ပေါင်းစု၍ ကံကြီးကံငယ်ဆောင်ရာ နယ်တခုအဖြစ် သီးခြားသတ်မှတ် ထားသောနေရာပင်ဖြစ်သည်။
ရဟန်းတော်တို့ချည်းသာ ပြုလုပ်ဆောင်ရွက်ရသော ရဟန်းခံခြင်း၊ ဥပုသ်ပြုခြင်း၊ ပဝါရဏာပြုခြင်း၊ ကထိန်သင်္ကန်းပေးခြင်းစသော ကိစ္စများကို သာသနာတော် အသုံးအနှုန်းအားဖြင့် ကံကြီးကံငယ် ဟုခေါ်၏။ ထိုကံကြီးကံငယ်တို့တွင် တခုခုကို ဆောင်ရွက်လိုသောအခါ ရဟန်းတော်တို့ သိမ်အတွင်း စုဝေးကြရသည်။ ထိုသို့စုဝေးရာ၌ တပါးနှင့်တပါး ၂ တောင့်ထွာထက် မဝေးစေဘဲ ထိုင်နေစည်းဝေးခြင်းကိုပင် ကာယသာမဂ္ဂီ ပေးသည်ဟုခေါ်သည်။ ကိုယ်ဖြင့်ညီညွတ်မှု သဘောတူ ကျေနပ်မှုကို ပြသည်ဟုဆိုလိုသည်။ ယင်းသိမ်သည် (၁) ဗဒ္ဓသိမ်၊ (၂) အဗဒ္ဓသိမ် ဟူ၍နှစ်မျိုးရှိသည်။
ထိုသို့စည်းဝေး၍ ကံပြုသောအခါ အစွန်ဆုံးရဟန်းမှ အပြင်ဖက် ၂ တောင့်ထွာ အရပ်အတွင်းသို့ လူဝတ်ကြောင်၊ သာမဏေ စသူတို့ မဝင်လာ မရှိစေရပေ။ ဝင်လာခဲ့ ရှိခဲ့သော် ပြုဆဲကံ မပျက်သော်လည်း ကံပြုသော ရဟန်းတော်တို့ အာပတ်သင့်လေသည်။
ထို့ကြောင့် ကံပြုနေစဉ် အဆိုပါပုဂ္ဂိုလ်များ မဝင်လာ မရှိစေဖို့ အရေးကြီးသည်။ ထို့အပြင် ကံပြုနေသော သံဃာ၏ ၂ တောင့်ထွာအရပ်၌ အပြင်ဘက်သိမ်နယ်ပယ်အတွင်း တနေရာ၌ ရဟန်းတပါးပါး သို့မဟုတ် ၂ ပါး၊ ၃ ပါးစသည် မရှိစေဖို့လည်း အရေးကြီးပြန်သည်။ ယင်းသို့ရှိလျှင် ကာယသာမဂ္ဂီကို မပေးသဖြင့် ပြုသောကံကို သဘောမတူရာ ရောက်သောကြောင့် ပြုဆဲကံပျက်လေသည်။
ထို့သို့သိမ်နယ်ပယ်တခုအတွင်းမှာပင် ကံပြုသံဃာ၏ ၂ တောင့်ထွာ အရပ်မှ လွှတ်လျက် အခြားရဟန်းဖြစ်စေ၊ ရဟန်းများဖြစ်စေ ရှိနေခြင်းကို ဝဂ်ဖြစ်သည်ဟု ခေါ်လေသည်။ အစုကွဲသည်ဟု ဆိုလိုပေသည်။
သာသနာတော် အရှည်တည်တံ့နိုင်ရန် ရဟန်းတော်များ အဆက်မပြတ်ရှိနေဖို့ အရေးကြီးသည်။ ရဟန်းအဖြစ်သို့ ရောက်အောင် ဆောင်ရွက်ရန်မှာလည်း သိမ်တမျိုးမျိုးမရှိပဲ မဖြစ်နိုင်ပေ။ ထို့ကြောင့် သိမ်သည် သာသနာတော် အရှည်တည်တံ့ရေးတွင် ရေသောက်မြစ်ပမာ လွန်စွာအရေးကြီးသောအရာ ဖြစ်ပေသည်။
WaiLinn
ကျေးဇူးတင်ပါတယ် ...
ReplyDelete