New Artical

“မီးလျှံကြားက ရှင်သန်လာတဲ့ ဖီးနစ်ငှက် (သို့မဟုတ်) အင်းလေးဟဲယာရွာမရဲ့ ရေပေါ်ဈေး”


 

“မီးလျှံကြားက ရှင်သန်လာတဲ့ ဖီးနစ်ငှက် (သို့မဟုတ်) အင်းလေးဟဲယာရွာမရဲ့ ရေပေါ်ဈေး”

Inle Lake Floating Market ဟဲယာရွာမရေပေါ်ဈေး
ကို Followထားပြီး အမြဲ Updateကြည့်လိုရတယ်ဗျ။ All photos credit go to the page!
ကိုဗစ်မှာ အရူံးချည်းပဲလို့ ဆိုရမယ်။ ဒါပေမယ့် နှစ်ပေါင်း၂၀လောက် တိမ်မြုပ်နေတဲ့ တန်ဖိုးဖြတ်မရတဲ့ အလေ့အထတစ်ခုကတော့ ကိုဗစ်ကြားမှာပဲ ပြန်လည်ရှင်သန်နိုးထလာခဲ့ပါတယ်။ တစ်ခါပြန်ပြီး တိမ်ကောပပျောက် မသွားအောင် ကျေးဇူးပြုပြီး ဝိုင်းဝန်းထိမ်းသိမ်းကြပါစို့လား? အဲဒီအမွေအနှစ်လေးကတော့ မရောက်ဖြစ်သေးပေမယ့် အခုချက်ချင်းကို ထသွားချင်တဲ့ အင်းလေးဟဲယာရွာမရဲ့ ရေပေါ်စျေးလေးပါပဲဗျ။
ရှမ်းပြည် တောင်ပိုင်း အင်းလေးဟာ ခရီးသွားရာသီမှာဆို အထူးစည်ကားလှပါတယ်။ ရှမ်းပြည်တောင်ပိုင်းရဲ့ အလှ၊ရာသီဥတု၊ အစားအစာတွေက ပြည်တွင်းသာမကဘဲ ပြည်ပခရီးသွားတွေကိုပါ အများအပြား ဆွဲဆောင်နေတဲ့ ဒေသပါ။ ဒီလို ခရီးသွားတွေနဲ့ ပြည့်နှက်တဲ့နေရာမှာ ဟဲယာရွာမရေပေါ်စျေးလို ဒေသအတွက် ဆွဲဆောင်စရာသာမက ကမ္ဘာပါကျော်စေနိုင်တဲ့ ရိုးရာဓလေ့ကို ခရီးသွားတွေ ပိုမျက်စိကျလာအောင် လူသိများပိုစည်ကားလာအောင် အားလုံးဝိုင်းကြိုးစားကြရမယ်ဗျ။
ခရီးတွေသွားလို့ရပြီဆိုတာနဲ့ ကျွန်တော်ကတော့ ဟဲယာရွာမက ရေပေါ်စျေးကို အရင်ဆုံးသွားဖြစ်မှာပါ။ အစားအသောက်ချစ်သူမို့ အင်းစာနဲ့ အခြား‌သောဒေသစာတွေ တစုတစည်းတည်း မြင်နေရပြီး မမြည်းစမ်းရသေးတော့ ကျွန်တော့်အတွက်နေလို့ထိုင်လို့ သိပ်မကောင်းချင်ဘူးဗျ။ ဟင်းထုပ်၊ မင်းတက်ပြား၊ ကြာရွက်ထမင်း၊ ဝက်သားချဉ်၊ အင်းမုန့်တီ၊ ကင်ပေါင်းကြော်၊ ငါးထမင်းနယ်၊ ဆေးခါးဟင်းစသည်ဖြင့် မြင်မြင်သမျှတွေက စားချင်စရာ။ ဒေသခံတွေရဲ့ ဖြူစင်တဲ့အပြုံးတွေနဲ့ ဟန်မလုပ်ဘဲ စကားသံဝဲဝဲနဲ့ ရောင်းနေတဲ့မြင်ကွင်းက တကယ့်ကို ချစ်စရာမြင်ကွင်းလေးဖြစ်မှာပါ။
မနက်ခင်းရဲ့ လတ်ဆတ်အေးမြတဲ့လေပြေလေညှင်းကြားမှာ ဈေးလှေတွေ အများကြီးထဲတိုးဝင်၊ လှေပေါ်က တွေ့သမျှ အသည်ဆီကနေ အကုန်လက်ညှိုးထိုးဝယ်ပြီး မြည်းစမ်းချင်တာက ဖုဒီတစ်ယောက်ရဲ့ ရင်ခုန်သံစစ်စစ်ပါ။ ရင်ခုန်မယ်ဆိုလည်း ခုန်စရာပါ။ ဒေသစာတင်မက၊ လက်ရှိtrendဖြစ်နေတဲ့ ဝက်နံရိုးမီးတောက်ကအစ မုန့်အချိုတွေရော ကာဖီတွေရော အသည်တွေမှ အများကြီးပဲ၊ စုံလို့စိလို့။ ဈေးလှေတွေ အကုန်လုံးမှာလည်း ရောင်းချတဲ့ အမျိုးအမည်နဲ့ price tagလေးတွေ ချိတ်ထားတာကိုက တမျိုးတမည် မျက်စိပသာဒ ဖြစ်နေရော။
အင်းလေးဒေသစာတွေက အရသာကောင်းပြီး လူကြိုက်များပြီးသားဗျ။ ပိုပြီးစိတ်ဝင်စားမယ့် အပြင်အဆင်၊ ထုပ်ပိုး‌ရောင်းချပုံ ခပ်ဆန်းဆန်းနဲ့ဆို ဒီထက်ပို ထိုးဖောက်နိုင်မှာလို့ မြင်မိတယ်။ အခုလည်း တချို့ဈေးလှေတွေမှာ စိတ်ကူးစိတ်သန်း အလန်းစားနဲ့ ဝယ်ချင်လာအောင်၊ မြည်းစမ်းချင်လာအောင် ဆွဲဆောင်နိုင်တာ တွေ့ရတယ်ဗျ။
နောက်အရေးကြီးတာတခုကတော့ ဒီဟဲယာရွာမဈေး ရေရှည်တည်တံ့ဖို့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလည်း အရေးကြီးပါတယ်ဗျ။ ကျွန်တော်တို့လို့ ဈေးလည်‌တဲ့သူတွေအနေနဲ့ မိမိတို့သုံးစွဲပြီး အမှိုက်များကို ရေထဲမချမိဖို့ သတိထားရမယ်။ တယောက်နဲ့တယောက် သတိပေးပြီး ကန်ရေပြင် မညစ်ပတ်သွားဖို့ လိုက်နာပေးကြရမယ်။ ဒါမှ ကျွန်တော်တို့ချစ်တဲ့ ရေပေါ်ဈေးလေး နှစ်တွေအကြာကြီးထိ ရပ်တည်နိုင်မှာဗျ။
တနိုင်ငံလုံးမှာမှ တနေရာသာရှိဦးမယ့် ရေပေါ်ဈေးလေးမှာ ဈေးလှေတွေကြားထဲ မုန့်စားလိုက် ဓါတ်ပုံရိုက်လိုက်နဲ့ အချိန်ဘယ်လိုကုန်သွားမှန်းတောင် သိရမှာ မဟုတ်ဘူးဗျ။ ဒီလိုပျော်စရာကောင်းတဲ့ ဓလေ့ဟာ သိပ်ကို ကြည်နူးစရာကောင်းတဲ့အပြင် ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုအနေနဲ့ ကမ္ဘာတည်သရွေ့ထိမ်းသိမ်းရမယ့် ရိုးရာအမွေအနှစ်တစ်ခု ဖြစ်နေမှာပါ။
ရေပေါ်စျေးအကြောင်းအသေးစိတ်ကို ဒီLinkကနေဖတ်ပေးကြပါနော်။

No comments