New Artical

မိုးညိုနှင့်အုတ်ဖိုတွင် မိုးသက်လေပြင်းကြောင့် ​နေအိမ် ၅၀ ခန့်ပြိုကျ၊ ၃၀၀ ကျော် အမိုးလန်ပျက်စီး

 

ပဲခူးတိုင်း၊ မိုးညိုနဲ့ အုတ်ဖိုမြို့နယ်တို့မှာ အချိန်အခါမဟုတ် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ​နေအိမ် ၅၀ လောက် ပြိုကျခဲ့ပြီး နေအိမ် ၃၀၀ ကျော် အမိုးလန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


မိုးညိုမြို့နယ်မှာ ဇန်နဝါရီ  ၃၀ ရက်နေ့ က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ် ၄၀ ပြိုကျပြီး စာသင်ကျောင်း ၁ ကျောင်း နဲ့  နေအိမ် ၁၈၀ ကျော် အမိုးလန်ပျက်စီးခဲ့တယ်လို့ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။


မိုးညိုမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်က “မနေ့က နေ့လယ်ပိုင်းလောက်ကစပြီး မိုးသက်​လေပြင်း ကျရောက်ခဲ့တာကြောင့် ကျေးရွာအုပ်စု ၁၁ အုပ်စုက ရွာပေါင်း ၂၆ ရွာက အိမ်တွေ ပြိုတယ်၊ အမိုးတွေလန်တယ်၊ တစ်စိတ်တစ်ပိုင်း ပျက်စီးမှုတွေ ဖြစ်သွားတယ်။ ကရင်ချောင်းကုန်းရွာက ကွာရန်တင်းလုပ်ထားတဲ့ စာသင်ကျောင်း တစ်ကျောင်း ထိခိုက်ပျက်စီးသွားတဲ့အတွက် ကွာရန်တင်းဝင်နေတဲ့လူတွေကိုတော့ နေရာရွှေ့ပေးထားပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာန နဲ့ ချိတ်ဆက်ပြီး ပြုပြင်ပေးနိုင်ဖို့အတွက် အမြန်ဆုံး ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

အချိန်အခါမဟုတ် မိုးသက်လေပြင်း ကျရောက်မှုကြောင့် မြေဇာအုပ်စု၊ ပတ္ထော်၊ ငါးကယ်၊ မြောက်လုပ်ကုန်း၊ ကျွန်းညို၊ ရွာသာယာ၊ ထန်းပင်ကုန်း၊ ဆုံကုန်း၊ အိုးဘိုကျွန်း၊ ကရင်ချောင်း၊ ရေကင်းနဲ့ ညောင်လေးပင် စတဲ့ ကျေးရွာအုပ်စုတွေက နေအိမ်တွေ ပြိုကျ အမိုးလန် ပျက်စီးခဲ့တာပါ။

မနေ့က ညနေပိုင်းကလည်း သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့် ရပ်ကွက် ၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃ အုပ်စုမှာ နေအိမ် ၆ လုံး ပြိုကျခဲ့ပြီး နေအိမ် ၁၂၀ ကျော်နဲ့  စာသင်ကျောင်းအချို့ အမိုးလန်ပျက်စီးခဲ့တယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းအရ သိရပါတယ်။

မိုးရာသီကာလမှာတော့ နှစ်စဥ်နှစ်တိုင်း လေပြင်းကျရောက်တာတွေ ဖြစ်ပေါ်လေ့ ရှိပေမဲ့ အခု​ကျရောက်သော မိုးသက်လေပြင်းကတော့ အချိန်အခါမဟုတ်ဘဲ ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

သတင်း - ဝဏ္ဏထွန်း၊ ဓာတ်ပုံ - ဒေသခံ

No comments