New Artical

ဗုဒ္ဓမြတ်စွာ ခြေတော်ရာ နောက်သို့

 

 ဗုဒ္ဓမြတ်စွာ ခြေတော်ရာ နောက်သို့
===================
ဗုဒ္ဓဝင်ကို စတင် ဖတ်ဖူး၊ ကြားဖူးတဲ့အခါ ဗုဒ္ဓမြတ်စွာနဲ့ ပတ်သက်ပြီး နေရာဒေသ အခေါ်အဝေါ်တွေကို နားယဉ်ခဲ့ရတယ်။
ကပိလဝတ်၊ လုမ္ဗနီ၊ မဂဓ၊ ရာဇဂြိုဟ်၊ ဥရုဝေလ၊ နေရဥ္ဇရာမြစ်၊ မိဂဒါဝုန်၊ သာဝတ္ထိ၊ ဇေတဝန်၊ ဝေသာလီ၊ မလ္လမင်း၊ ကုသိနာရုံ စတဲ့ နေရာဒေသ၊ အဆောက်အအုံတွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ရတယ်။ သို့ပေမယ့် အဲဒီနေရာတွေ၊ အဆောက်အအုံတွေရဲ့ ယနေ့ တည်နေရာကို မျက်စိထဲ မမြင်ခဲ့ဘူး။ မသိခဲ့ဘူး။ အိန္ဒိယထဲမှာ ရှိနေပေမယ့် ဘယ်နေရာတွေကို ရည်ညွှန်းမှန်း လုံးလုံးမသိခဲ့ဘူး။
ပထမ အကြောင်းရင်းက အချို့နေရာတွေဟာ နှစ်ပေါင်းထောင်ချီ ကြာလာတဲ့အခါ တိမ်ကောပပျောက်သွားခဲ့ပြီ။ ဥပမာ ကောလိယ၊ ဝေဒေဟ၊ ဘဏ္ဍရွာ။ ဒုတိယ အကြောင်းရင်းက အချို့နေရာတွေဟာ ရှိတော့ ရှိတယ်။ ဒါပေမယ့် နာမည်အခေါ်အဝေါ် ပြောင်းလဲသွားခဲ့ပြီ။ ဥပမာ နေရဥ္စရာမြစ်။ အဲဒီမြစ်ကို ကျနော်တို့က သက္ကတ ဘာသာကနေ အသံဖလှယ် ယူခဲ့တယ်။ သို့ပေမယ့် အဲဒီမြစ်ကို အခုအခါ Falgu river လို့ ခေါ်နေကြပြီ။ တတိယ အကြောင်းရင်းက ကျနော်တို့က ဗုဒ္ဓဝင်ပါ အခေါ်အဝေါ်တွေကို မြန်မာအသံနဲ့ ဖလှယ်ပြီး သုံးနှုန်းပြောဆိုနေပေမယ့်၊ မူလနာမည်တွေရဲ့ အခေါ်အဝေါ်က ကျနော်တို့ ခေါ်ဝေါ်သလို မဟုတ်ဘဲ ဒေသခံ အသံထွက်တွေနဲ့ ဖြစ်နေတယ်။ ဒီရက်ပိုင်း မြတ်စွာဘုရားခေတ် မဇ္ဈိမတိုင်းရဲ့ မြေပုံကို ကြည့်မိရာက ဗုဒ္ဓမြတ်စွာရဲ့ ခြေရာနောက်ကို လိုက်ပြီး၊ သူကြွမြန်းခဲ့ဖူးတဲ့ ဗုဒ္ဓဝင်ပါ နေရာတွေကို လိုက်တူးဆွကြည့်မိတယ်။
အကွာအဝေး
မြတ်စွာဘုရားဟာ သူ့ရဲ့ လေးဆယ့်ငါးဝါ ကာလပတ်လုံး ကျွတ်ထိုက်သော သတ္တဝါတွေကို တရားပြကာ ကျွတ်တမ်းဝင်စေခဲ့တာ အများအသိပါ။ အဲဒီလို တရားပြတဲ့ ကိစ္စရပ်တွေကို ဘယ်ဒေသတွေမှာ လုပ်ခဲ့သလဲ၊ အကျယ်အဝန်းအားဖြင့် ဘယ်လောက် ရှိခဲ့သလဲဆိုတာ ကျမ်းဂန်ပါ အချက်အလက်တွေနဲ့ တိုက်စစ်ပြီး၊ မြေပုံပေါ် ချကြည့်တဲ့အခါ ပုံပါအတိုင်း တွေ့ရတယ်။
တန်ခိုးပြာဋိတွေ၊ ဈာန်အဘိညာဉ်တွေနဲ့ ကြွတာတွေကို ဖယ်ထားပြီး၊ သာမန် ကြွရိုးကြွစဉ်အတိုင်း ခြေလျင် ကြွတာကို ကြည့်တဲ့အခါ အရှင် ကာဠုဒါယီ ပင့်ဖိတ်လို့ ရာဇဂြိုဟ်ကနေ ကပိလဝတ် နန်းတော်ကို ပြန်ကြွတဲ့ ခရီးဟာ အရှည်ဆုံးပဲ။ ရှေးအတိုင်းအတာအရ ယူဇနာ ခြောက်ဆယ် ကွာဝေးတယ်လို့ ဆိုပါတယ်။ တစ်ယူဇနာကို ရှစ်မိုင်လောက် မှန်းကြတာမို့ မိုင်ပေါင်း လေးရာ့ရှစ်ဆယ်လောက် ရှိတယ်။ တစ်နေ့ကို တစ်ယူဇနာနဲ့ ရက်ပေါင်းခြောက်ဆယ် ကြွခဲ့ရတယ်လို့ ဆိုပါတယ်။
တောထွက်တော်မူစဉ်ကလည်း ကပိလဝတ်မှသည် ရာဇဂြိုဟ်အထိ ကြွကာ၊ ရာဇဂြိုဟ်အနီး ဥရုဝေလတောသို့ဝင်၍ တရားကျင့်တာမို့ ခရီးအကွာအဝေး အတူတူလောက်ပဲ။ ဒါကြောင့် တောထွက်စဉ်ကာလ ရာဇဂြိုဟ်သို့ တောက်လျှောက် ကြွလာရင်တောင် ရာဇဂြိုဟ်ရောက်ဖို့ အချိန်ကာလအားဖြင့် နှစ်လလောက် ကြာမယ်လို့ မှန်းမှ သင့်လျော်ပေမယ်။ ဖွားဘက်တော် ကဏ္ဍကမြင်းကို စီးထွက်တယ်ဆိုပေမယ့် ညတွင်းချင်း အနော်မာသောင် တစ်ဘက်ကမ်း အရောက်မှာ ကဏ္ဍကမြင်းနဲ့ ဆန္ဒအမတ်ကို နေပြည်တော် ပြန်လွှတ်ပြီး၊ တစ်ပါးထဲ ကြွတော်မူတာမို့ ကဏ္ဍက လိုက်ပို့တဲ့ အကွာအဝေးဟာ အများကြီး မဖြစ်နိုင်ဘူး။ (အနော်မာသောင်၊ အနော်မာမြစ်ကိုတော့ ယခုထိ ကျနော် မတွေ့သေးပါဘူး။ တွေ့တဲ့အခါ အကွာအဝေးကို ပိုပြီး တိတိကျကျ ပြောနိုင်ပါလိမ့်မယ်။)
နောက်တစ်ခါ အနာတပိဏ်သူဌေး ပင့်လျှောက်လို့ ရာဇဂြိုဟ်မှပင် ကောသလတိုင်း သာဝတ္ထိကို ကြွခဲ့ပြန်တယ်။ အကွာအဝေးအားဖြင့် ယူဇနာ လေးဆယ့်ငါးကို၊ တစ်နေ့လျှင် တစ်ယူဇနာအားဖြင့် လေးဆယ့်ငါးရက်ကြာ ကြွမြန်းခဲ့တယ်။ ခရီးအကွာအဝေးအားဖြင့် မိုင်ပေါင်း သုံးရာခြောက်ဆယ်လောက် ဝေးတယ်။
မြေပုံပေါ်ပါ တည်နေရာတွေအားဖြင့် ဒီခရီးနှစ်ခုဟာ မြတ်စွာဘုရား တဆက်တစပ်ထဲ လျှောက်လှမ်းခဲ့တဲ့ ခရီးတွေထဲ အဝေးကွာဆုံး ခရီးတွေပဲ။ ပြောရရင် အနောက်မြောက်ဘက် ကပိလဝတ်၊ သာဝတ္ထိမှသည် အရှေ့တောင်ဘက် ရာဇဂြိုဟ်အထိ မိုင်အားဖြင့် ငါးရာနီးပါးဟာ မြတ်စွာဘုရား ဒေသစာရီ ကြွမြန်းခဲ့တဲ့ အဝေးကွာဆုံး အကွာအဝေး တစ်ခုပဲ။ အခြားသော ဒေသတွေကို ကြွမြန်းကောင်း ကြွမြန်းနိုင်ခဲ့ပေမယ့် ကျမ်းဂန်မှာ ထင်အရှား မတွေ့ရဘူး။
အငြင်းပွားဖွယ် တစ်ခုက ရာဇဂြိုဟ်က လှမ်းတိုင်းရင် ကပိလဝတ်က သာဝတ္ထိထက် ပိုနီးတယ်။ သို့သော် ကျမ်းဂန်တွေမှာက ရာဇဂြိုဟ်မှ ကပိလဝတ်ကို ယူဇနာ ခြောက်ဆယ်၊ သာဝတ္ထိကို ယူဇနာ လေးဆယ့်ငါးလို့ ရေးသားကြတာမို့ ဒါကို ပြန်စမ်းစစ်သင့်တယ်။ လက်ရှိ တည်နေရာအရလည်း ကပိလဝတ်နဲ့ သာဝတ္ထိဟာ ခုနစ်ယူဇနာလောက်ပဲ ကွာဝေးတယ်။
အရှေ့အနောက်ကို ကြည့်ပြန်ရင်လည်း အနောက်တောင်ဘက်က ဗာရာဏသီနဲ့ အရှေ့ဘက်က ရာဇဂြိုဟ်၊ နာလန္ဒ၊ ဝေသာလီတို့ ကြားမှာပဲ မြတ်စွာဘုရား ခရီးဒေသစာရီ ကြွမြန်းခဲ့တာ များပါတယ်။ ဒါတောင် ဗာရာဏသီတို့၊ မိဂဒါဝုန်တို့ကို တရားဦး ဓမ္မစြင်္ကာဟောအပြီး ထပ်ကြွတယ်လို့ မတွေ့မိဖူးရယ်။ ရှိရင်လည်း ရှိနိုင်ပါတယ်။
ပါဋလိပုတ်တ
တည်နေရာအားဖြင့် ဗိဗ္ဗိသာရတို့ရဲ့ မဂဓတိုင်း ရာဇဂြိုဟ်နဲ့ လိဇ္ဇဝီမင်းတို့ရဲ့ ဝဇ္ဇီတိုင်း ဝေသာလီဟာ ဂင်္ဂါမြစ်နဲ့ ပိုင်းခြားခြင်း ခံထားရတယ်။ ထိုနှစ်တိုင်းဟာ မြတ်စွာဘုရားခေတ် ကတည်းက တစ်ဦးနဲ့ တစ်ဦး ရန်စောင် စစ်ခင်းကြတယ်။ မြတ်စွာဘုရားအား သူ့ထက်ငါ ကိုးကွယ်ကြောင်း ပြသနိုင်ဖို့ အပြိုင်အဆိုင် ပင့်ဖိတ်ကြတယ်။ သို့ကြောင့် မြတ်စွာဘုရားဟာ ဒီဒေသနှစ်ခုကြား ကြိမ်ဖန်များစွာ ကူးလူးခဲ့ရတယ်။ ဒီအခါ ကြားထဲက ဂင်္ဂါမြစ်ကို ကူးဖြတ်ရမယ့် အပိုင်းက ပါလာပြီ။ ကျမ်းဂန်တွေထဲ ဂင်္ဂါမြစ်ကို မြတ်စွာဘုရား ဖြတ်ကူးပုံနဲ့ ပတ်သက်ပြီး လှေသမ္ဗာန်တွေအကြောင်း ထည့်မရေး သလောက်ပဲလားလို့။ လူအများ အလွယ် ထင်မှတ်သလို တန်ခိုးနဲ့ ကြွတယ် ဆိုတာမျိုးတော့ လုပ်ခဲ့မယ် မထင်ပါဘူး။
ဒီအခါ ပါဋလိပုတ္တဆိုတဲ့ ရွာငယ်လေးက ဗုဒ္ဓဝင်မှာ အရေးပါလာတယ်။ ဒီရွာကလေးကို အဇာသတ်တို့ခေတ်မှာ စတည်ခဲ့တာပါ။ တည်နေရာက ဂင်္ဂါမြစ်ရဲ့ တောင်ဘက် မဂဓတိုင်းထဲမှာ။ အခုတော့ Patna ဆိုတဲ့ မြို့ကြီး ဖြစ်နေပါပြီ။ ဒီရွာကလေးဟာ ဗုဒ္ဓဝင်ထဲ ဘာကြောင့် အရေးပါလာသလဲဆိုရင် မြတ်စွာဘုရားဟာ နောက်ဆုံးဝါကို ဝေသာလီမြို့ ဝေဠုဝ ရွာကလေးမှာ ဝါဆိုဖို့အတွက် ဂင်္ဂါမြစ်ကို ဖြတ်တဲ့အခါ ထိုပါဋလိပုတ္တ ရွာကလေးကနေ ဖြတ်တယ်လို့ မဟာပရိနိဗ္ဗာနသုတ်မှာ ထင်အရှား မှတ်တမ်းတင်ထားလို့ပဲ။ ကျမ်းဂန်မှာ မြတ်စွာဘုရားဟာ မဂဓတိုင်း နာလန္ဒာမြို့မှ ပါဋလိပုတ္တရွာကို ကြွ၊ ထိုမှ ဂင်္ဂါမြစ်ကိုဖြတ်၊ ကောဋိရွာ၊ နာတိကာရွာတို့ကို ဖြတ်ပြီး အမ္ဗပါလီ သရက်ဥယျာဉ်တွင်နား၊ ထိုမှ ဝေဠုဝရွာတွင် နောက်ဆုံးဝါဆို။ ဒီလို ဆိုထားတယ် မဟုတ်လား။ အချိန်အားဖြင့် မဟာသက္ကရာဇ် ၁၄၇ ခုနှစ်။
ဒီနောက်မှာတော့ ပါဋလိပုတ္တဟာ မဂဓတိုင်းရဲ့ မြို့တော် ဖြစ်လာတယ်။ သူ့တည်နေရာက မြစ်ကမ်းဘေးမို့ ကူးသန်းရောင်းဝယ်ရေး ဖြစ်ထွန်းတာကြောင့် ဖြစ်နိုင်တယ်။ သမိုင်းတစ်လျှောက် မြို့ပြနိုင်ငံတွေဟာ မြစ်တွေကို မှီခိုပြီး ထွန်းကားလာတာပဲလေ။ ဒီနောက် မောရိယမင်းဆက်၊ ဂုတ္တမင်းဆက်၊ ပါလမင်းဆက်တွေရဲ့ မြို့တော်အဖြစ် တောက်လျှောက် ရပ်တည်ခဲ့တယ်။ ကမ္ဘာ့သမိုင်းတစ်လျှောက် သက်တမ်းအရှည်ဆုံး မြို့တစ်မြို့အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်။
မဂဓတိုင်းသားများ
မြတ်စွာဘုရားဟာ သူ့ရဲ့ အဂ္ဂသာဝက နှစ်ပါးနဲ့ တတိယ သာဝကကို ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းတော်မှာ သတင်းသုံးစဉ် ရရှိခဲ့တယ်။ ထိုအရှင်သုံးပါးစလုံးဟာ ရာဇဂြိုဟ် အနီးပတ်ဝန်းကျင် ရွာတွေကလာတဲ့ မဂဓတိုင်းသားတွေ ဖြစ်တယ်။ ပြောရရင် သာသနာရဲ့ အထင်ရှားဆုံး သာဝကကြီး သုံးပါးဟာ မဂဓတိုင်းသားများ ဖြစ်တယ်။
အဇာသတတ်ဟာ အချိန်အားလျော်စွာ မြောက်ဘက်က ဝဇ္ဇီတိုင်းကို သိမ်းပိုက်ဖို့ ကြံစည်တယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးတဲ့နောက်မှာ သူ့အကြံ အထမြောက်ခဲ့ပါတယ်။ ဝဇ္ဇီတိုင်းကို မဂဓထဲ သိမ်းသွင်းကာ ဂင်္ဂါမြစ်ရဲ့ တောင်နဲ့ မြောက်ကို ပေါင်းစည်းခဲ့တယ်။ ဒီနောက် အနောက်ဘက်ရှိ ကာသိတိုင်းကို သိမ်းပိုက်တယ်။ အထက်ဘက်မှာလည်း ကောသလတိုင်းဟာ အရှေ့ဘက်က မလ္လမင်းတို့ရဲ့ နယ်မြေနဲ့ ကပိလဝတ်ကို သိမ်းပိုက်ဖို့ ကြံနေတယ်။ ပသေနဒီ ကောသလမင်းရဲ့ နှမ ဝေဒေဟီ မိဖုရားနဲ့ ဗိဗ္ဗိသာရတို့ကနေ အဇာသတတ်ကို မွေးခဲ့တာမို့ အဇာသတတ်ဟာ ပသေနဒီ မင်းကြီးရဲ့ တူတော်တယ်။ နယ်ချဲ့ဖို့ အကြံချင်း တူနေတာမို့ တူအရီးနှစ်ယောက် သိပ်မတည့်ဘူး ဆိုပါတော့။ ဒီလိုနဲ့ ပသေနဒီနောက် ဝိဋဋူပဟာ ကပိလဝတ်ကို မျိုးဖြုတ်ပြီး၊ သူကိုယ်တိုင်လည်း မြစ်ထဲမျောပါသွားတာမို့ ကောသလ မင်းဆက်ပြုတ်ကာ အဆုံးမှာတော့ မဂဓတိုင်းရဲ့ သိမ်းပိုက်ခြင်းကို ခံရတယ်။
မြတ်စွာဘုရား ဒေသစာရီ ကြွချီခဲ့တဲ့ ဒေသ အတော်များများဟာ သူပရိနိဗ္ဗာန်ပြုပြီးတဲ့ နောက်မှာ မဂဓတိုင်းထဲ ရောက်ကုန်ကြတယ်။
သကျနဲ့ ဟိမဝန္တာ
ဖြတ်ပြောစရာ ရှိတာက သကျလို့ ခေါ်ဆိုကြတဲ့ မြတ်စွာဘုရား အနွယ်တွေဟာ ယနေ့ နီပေါနဲ့ အိန္ဒိယ နယ်စပ်မျဉ်းနား ဟိမဝန္တာ တောင်ခြေတွေမှာ အခြေချကြတယ်။ တိုင်းနိုင်ငံဆိုတာထက် မြို့ပြနိုင်ငံငယ်တွေသာ ဖြစ်တယ်။ ကပိလဝတ်ကနေ အရှေ့မြောက်နားမှာ ကောလိယတို့ နေတယ်။ ထိုကမှ အရှေ့ဘက်ဆက်သွားပြီး ဝဇ္ဇီတိုင်းရဲ့ အထက်နားမှာ ဒေဝဒတ်တို့ရဲ့ ဝေဒေဟ ရှိတယ်။ အားလုံးက ဟိမဝန္တာ တောင်ခြေ မြို့ပြလေးတွေ ဖြစ်တယ်။
ဒါကြောင့် သကျတို့ဟာ ဟိမဝန္တာသား၊ ဟိမဝန္တာ ရာသီဥတုနဲ့ ကျွမ်းဝင်သူများ ဖြစ်တယ်။ သာဝတ္ထိမြို့ဟာလည်း ဟိမဝန္တာ တောင်ခြေရင်းမှာပဲ ရှိတာမို့ မြတ်စွာဘုရားဟာ ဟိမဝန္တာ ရာသီဥတုနဲ့ အတော့်ကို နီးနီးကပ်ကပ် နေခဲ့လိမ့်မယ်။ တောမထွက်မီ ၂၉ နှစ်၊ ဘုရားအဖြစ်ရောက်ပြီး သာဝတ္ထိမှာ ဝါဆိုတာက ၂၄ ဝါမို့၊ စုစုပေါင်း ၅၃ နှစ်ခန့်ဟာ ဟိမဝန္တာ တောင်ခြေအနီးမှာ နေထိုင်ခဲ့တယ်။ ပြောချင်တာက ဟိမဝန္တာရဲ့ ဆောင်းဟာ အလွန်ကြမ်းပါတယ်။ ဒီဒဏ်ကို မြတ်စွာဘုရား ဘယ်လို ရင်ဆိုင်ခဲ့ရသလဲဆိုတာ မှတ်တမ်းမှတ်ရာ သိပ်မတွေ့မိသေးလို့ပါ။
ပါဝါနဲ့ ကုသိနာရုံ
နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓထဲမှာ မဟာပရိနိဗ္ဗာနသုတ်လာ မြတ်စွာဘုရားရဲ့ နောက်ဆုံး ခရီးစဉ်တွေကို ဖော်ပြထားပါတယ်။ ဝေဠုဝရွာမှာ ဝါဆိုအပြီး ဝေသာလီ အနီးမှာပဲ သီတင်း ဆက်သုံးခဲ့တယ်။ ဒီနောက် မဟာသက္ကရာဇ် ၁၄၇ ခုနှစ် တပို့တွဲလပြည့်နေ့မှာ ဝေသာလီမြို့ စာပါလနတ်ကွန်းမှာ အာယုသင်္ခါရ စွန့်လွှတ်တော်မူတယ်။ ဆိုလိုတာက နောက်သုံးလအကြာ မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန်ပြုမယ်။
ပရိနိဗ္ဗာန်ပြုမယ့် နေရာကို ကြည့်တော့ မလ္လမင်းတို့ရဲ့ ကုသိနာရုံမြို့။ အကြောင်းရင်းက နောက်ဆုံးသာဝက ဖြစ်လာမယ့် သုဘဒ္ဒ ပရဗိုဇ်ကို အဲဒီမှာ တရားပြဖို့ ရှိနေသေးတယ်။ ဝေသာလီကနေ ပါဝါမြို့ကို ဘယ်အချိန် စကြွသလဲဆိုတာ ကျမ်းဂန်က ပြောမထားဘူး။ ဝေသာလီနဲ့ ပါဝါဟာ အကွာအဝေးအားဖြင့် ၁၇ ယူဇနာလောက် ရှိပြီး၊ ထိုအချိန်မှာ မြတ်စွာဘုရားဟာ အားအင်ချိနဲ့ နေပြီမို့ ငယ်စဉ်ကလို တစ်နေ့ တစ်ယူဇနာ ကြွလှမ်းချင်မှ ကြွလှမ်းနိုင်မှာမို့၊ အချိန်ကာလအားဖြင့် တစ်လခန့်လောက် ကြာနိုင်မယ်လို့ မှန်းဆရင် သင့်မယ် ထင်ပါတယ်။
ဒီလို မှန်းဆမယ်ဆိုရင် ပါဝါမြို့ကို ရောက်တဲ့အချိန်ဟာ မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လဆန်း ၁၄ ရက်လို့ အတိအကျ ဖော်ပြထားတာမို့၊ ဝေသာလီပြည်က စတင်ထွက်ခွာလာမယ့် အချိန်ဟာ မဟာသက္ကရာဇ် ၁၄၈ ခုနှစ် တန်ခူးလပြည့်မှသည် လပြည့်ကျော် သုံးလေးရက် အတွင်းလောက်လို့ ခန့်မှန်းသင့်တယ်။
မဟာပရိနိဗ္ဗာနသုတ်မှာ လမ်းခရီးထဲက ရွာတွေဖြစ်တဲ့ ဘဏ္ဍရွာ၊ ဟတ္ထိရွာ၊ အမ္ဗုရွာ၊ ဇမ္ဗုရွာ၊ ဘောဂနာဂရမြို့တွေကို ဖြတ်ကျော်ခဲ့တယ်လို့ ဆိုထားတယ်။ သို့ပေမယ့် အဲဒီမြို့ရွာတွေကို ယနေ့အခါ ရှာမတွေ့သေးပါဘူး။ အကယ်၍ ထိုမြို့ရွာတွေကို ပြန်ရှာတွေ့မယ်ဆိုရင် မြတ်စွာဘုရားရဲ့ နောက်ဆုံးခရီးစဉ် လမ်းကြောင်းကို အသေးစိတ် ခန့်မှန်းနိုင်လိမ့်မယ်။ ဝေသာလီကနေကြည့်ရင် ပါဝါမြို့ဟာ ကုသိနာရုံမြို့ရဲ့ အထက်ဘက်ကို ရောက်နေတာမို့ ဘာကြောင့် ကုသိနာရုံကို တည့်တည့်မဝင်ဘဲ ပါဝါမြို့ဘက်က ပတ်ဝင်ခဲ့ရသလဲ ဆိုတာလည်း အဖြေထွက်လာနိုင်တယ်။
ပါဝါမြို့မှာ စုန္ဒပန်းတိမ်သည် ကပ်တဲ့ နောက်ဆုံး ဆွမ်းတစ်နပ်ကို မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လဆန်း ၁၄ ရက်မှာ ဘုန်းပေး။ ဆွမ်းစားအပြီး ပါဝါမှသည် ကုသိနာရုံသို့ ကြွ။ ခရီးအကွာအဝေးအားဖြင့် သုံးဂါဝုတ်လို့ ပြဆိုပါတယ်။ ခြောက်မိုင်လောက် ဝေးတယ်။ (တစ်ယူဇနာ - လေးဂါဝုတ် - ရှစ်မိုင်။ မြို့ကွက်တွေရဲ့ တည်နေရာဟာ အတိုးအချဲ့ ရှိနိုင်တာမို့ မြို့နေရာ မပြောင်းပေမယ့် မြို့ကွက်တွေရဲ့ နေရာဟာ ပြောင်းလဲနိုင်တယ်။ နှစ်ပေါင်း နှစ်ထောင့် ငါးရာကျော်လာပြီမို့ ယခင် တည်နေရာအတိုင်း မလွဲမသွေ ရှိနေမယ်လို့ ကျနော်တို့ မယူဆအပ်။ ယနေ့ခေတ် အတိုင်းအတာအရ လက်ရှိ ပါဝါမြို့နဲ့ ကုသိနာရုံမြို့ဟာ ၁၃ မိုင်ခွဲလောက် ဝေးပါတယ်။)
နေမဝင်ခင် ကုသိနာရုံ အင်ကြင်းတောကို ဝင်တယ်လို့ ဆိုထားတာမို့၊ ဆွမ်းစားပြီးချိန်မှသည် နေမဝင်ခင်ဟာ မသကာ ရှိလှ ရှစ်နာရီထက် မပိုနိုင်ဘူး။ လမ်းမှာ နားတာနဲ့ဆိုရင် တစ်နာရီကို တစ်မိုင်ဝန်းကျင်လောက် ခရီးနှင်ခဲ့ရမယ်။ ဒီအသက်အရွယ်နဲ့ ဒီခရီး အကွာအဝေးကို နောက်ဆုံးနေ့မှာ လျှောက်လှမ်းခဲ့ရတာမို့ ထိုအချိန်မှာ မြတ်စွာဘုရား ဘယ်လောက် ပင်ပန်းနေမလဲဆိုတာ မှန်းကြည့်နိုင်တယ်။
ထိုနှစ်မြို့အကြား သွားလာစဉ် နောက်ကျိနေတဲ့ ချောင်းငယ်မှ ရေကို ခပ်ကပ်ရတယ်လို့ ဆိုထားသလို၊ ကကုဓာမြစ်ကိုလည်း ဖြတ်ကျော်ခဲ့ရတယ်လို့ ဆိုပါတယ်။ ယနေ့ခေတ် မြေပုံပေါ်မှာတော့ ပါဝါနဲ့ ကုသိနာရုံကြားမှာ ဘာချောင်း ဘာမြစ်မှ မတွေ့ရတော့ပါဘူး။ ကောသွားကြဟန် တူတယ်။ ထိုမှ ဟိရညဝတီမြစ်ကို ဖြတ်ကူးခဲ့ကာ ကုသိနာရုံ အင်ကြင်းတောကို ရောက်တယ်လို့လည်း ဆိုထားပါတယ်။ ယနေ့ခေတ် အခေါ် Chhoti Gandak River ဆိုတဲ့ မြစ်တစ်စင်းကို ကုသိနာရုံရဲ့ အောက်နားလေးမှာ တွေ့ရတာမို့ ဒီမြစ်ကို ရှေးက ဘယ်လို ခေါ်သလဲဆိုတာ စမ်းစစ်သင့်တယ်။ (ကကုဓာမြစ် ဖြစ်နိုင်မလားလို့။) မြစ်ကြောင်းတို့ဟာ ပြောင်းလဲတတ်တာမို့ နှစ်ပေါင်း နှစ်ထောင့် ငါးရာအတွင်း မြစ်ရဲ့ လမ်းကြောင်းဟာ ဒီအကွာအဝေးလောက် ပြောင်းလဲသွားနိုင်တယ်။ ထို့ပြင် ပါဝါနဲ့ ကုသိနာရုံကြားမှာ ချောင်းမြစ်တို့ စီးဆင်းခဲ့နိုင်တဲ့ မြေနိမ့်ပိုင်းတွေ ရှိမရှိကိုလည်း ရှာဖွေကြည့်သင့်တယ်။
ဒီနောက် မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်နေ့အကူးမှာ မလ္လမင်းတို့ရဲ့ ကုသိနာရုံ အင်ကြင်းတောမှာ မြတ်စွာဘုရား မဟာပရိနိဗ္ဗာန် စံဝင်တော်မူတယ်။ နောက်ဆုံး မိန့်မှာခဲ့တာက
အပ်ပမာဒနေ သမ်ပာဒထေ
(ဒါတွေကတော့ မြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ် ဒေသစာရီ ကြွချီတော်မူရာ နေရာဒေသတွေရဲ့ ပုံရိပ်ကြမ်းမျှသာ ဖြစ်ပါသေးတယ်။ ပိုပြီး တိကျတဲ့ အချက်အလက်တွေ၊ နေရာဒေသ၊ အချိန်အခါတွေကို ရှာဖွေတူးဆွပြီး ဖြည့်စွက်ဖို့ လိုပါတယ်။ အချက်အလက် သိရှိပြီးသူများ ရှိပါကလည်း ပြောပြစေချင်ပါတယ်။ ဒါမှသာလျှင် ပိုမိုကောင်းမွန်တဲ့ ပိတ်ကားတစ်ချပ် ဖြစ်လာပါလိမ့်မယ်။) 


Credit
ကပိလဝတ် - Kapilvastu; ကုသိနာရုံ - Kushinagar; ဂါယာ - Gaya; နာလန္ဒ - Nalanda; နေရဥ္စရာမြစ် - Falgu River; ပါဋလိပုတ္တ - Patna; ပါဝါ - Padrauna; မိဂဒါဝုန်တော - Sarnath; ရာဇဂြိုဟ် - Rajgir; လုမ္ဗနီ - Lumbini; ဝေသာလီ - Vaishali; သာဝတ္ထိ - Shravasti; ဗာရာဏသီ - Varanasi; ဥရုဝေလ - Uruvela
#HlaThanAung

No comments