New Artical

အသစ်စက်စက် ထာ၀ရ − ဂျူး

 

အသစ်စက်စက် ထာ၀ရ
✨✨✨✨✨✨✨

ဂျူး

မင်းထွက်ခွာသွားချိန်တုန်းက အိမ်ရှေ့မှာ လေးနာရီပန်းတွေပွင့်နေခဲ့သည်။မင်းစိုက်ပျိုးခဲ့သည့် ပန်းပင်တွေပါပဲ။

ညနေခင်း။

တိမ်နီရောင်ဖြင့် ကောင်းကင်တစ်ခွင်မှာ လိမ္မော်ရောင်တောက်ပနေခဲ့သည်။သစ်ရွက်တွေရော တိမ်တွေရော မေလ၏ မိုးစက်မိုးပေါက်များကို တမ်းတနေခဲ့ချိန်။

မင်းဘယ်တော့မှ ပြန်ရောက်မည်ဟုမသိနိုင်ပါ။ ပြန်လာချင်မှလည်း လာတော့မည်။စောင့်မနေတော့ဘူးဟု ကိုယ်မှာလိုက်သော်လည်း မင်းမသိအောင် မင်းကို စောင့်နေခဲ့မိသည်။

ဘယ်အချိန်ပွင့်လာမည်မှန်းမသိနိုင်သော ပိတ်ထားသည့် တံခါးတစ်ချက်ကို ငေးမောကြည့်နေသလို၊ ညိုးရော်လို့ ငုံသွားသော ပန်းတစ်ပွင့်ကို ရေထဲမှာစိမ်ပြီး ပြန်ပွင့်လန်းလာလေနိုးနဲ့ မျှော်လင့်တကြီး စောင့်နေသလို။

ငြိမ်ငြိမ်သက်သက် တိတ်တိတ်ဆိတ်ဆိတ်။

ဝေးပြီဆိုမှတော့ တိတ်ဆိတ်စွာ ဝေးကွာခဲ့ရတာ ကောင်းပါသည်။

ကိုယ်က ညမှောင်မှောင်မှာ မျက်နှာကို ကောင်းကင်ဆီမော့လျက် ကြယ်တွေကိုရေတွက်ဖို့ နှစ်သက်သည်။ မင်းက နံနက်ခင်း ဆန်းစနေခြည်အောက်မှာ နှင်းမှုန်တွေနောက် ပြေးလိုက်ဖို့ နှစ်သက်သည်။

မတူခြားနားမှုတိုင်းသည် စိတ်ပျက်စရာ စိတ်ရှုပ်ထွေးစရာမဟုတ်။ တူညီမှုတိုင်းသည်လည်း ပျော်ရွှင်ချမ်းမြေ့စရာမဟုတ်။

အခုကိုပဲကြည့်။ကိုယ်တို့ဖောက်ခဲ့ကြသည့်လမ်းက အတော်လေးပီပြင်လာခဲ့ပြီ။

ကိုယ့်အသက် ဆယ့်ရှစ်နှစ်အရွယ်၊တောင်တန်းတစ်ခု၏ အရိပ်အောက်မှာ ညချမ်းညိုသည်အထိ ကိုယ်မတ်တပ်ရပ်နေခဲ့ချိန်တုန်းက နှစ်ပေါင်းများစွာအဝေးမှာ မင်းရှိနေလိမ်မည်ဟု နည်းနည်းမျှပင် စိတ်ကူးယဉ်မကြည့်ခဲ့မိပါ။

“မဝေးချင်ဘူး”

မင်းနှင့်ကိုယ် ပြိုင်တူညည်းညူပြီး အတူတူပြုံးခဲ့ကြဖူးသည်။

“မဝေးချင်ရင် မနီးကြစို့နဲ့”

ကောင်းပြီလေ။တစ်ခါတလေတော့ မြစ်တစ်ခုတည်းမှာ နှစ်ယောက်အတူရွက်လွင့်ကြမည်။ တစ်ခါတလေတော့ ပန်းပွင့်တစ်ပွင့်တည်းကို နှစ်ယောက်အတူနမ်းရှိုက်ကြမည်။

အေးမြချမ်းမြေ့ခြင်းတိမ်တိုက်ပေါင်း သုံးဆယ်။ကိုယ့်ကို မင်းချစ်ခဲ့တာ တိမ်တိုက်ပေါင်း သုံးဆယ်။

ခရီးဆုံးပန်းတိုင်မပါ။ အနာဂတ်မပါ။ရယူလိုမှုမပါ။ပေးခြင်းသက်သက်ဖြင့် ကိုယ်တို့တစ်ယောက်ကိုတစ်ယောက် ပြည့်စုံစေခဲ့ကြသည် ။ မျှော်လင့်ခြင်းအိပ်မက် တစ်ခုတည်းအောက်မှာ ကောင်းကင်တစ်ခုတည်းအောက်မှာ။ ကိုယ်တို့အသက်ရှင်ခဲ့ကြပါသည်။

ကိုယ်နှင့်မင်းအကြားမှာ မဟာရံတံတိုင်းကြီးလည်း ခြားမနေခဲ့။ပင်လယ်ကြီးလည်း ကာဆီးမထားခဲ့။ပါးလွှာသော တိမ်လွှာလေးတစ်ထပ်သာ ခြားခဲ့သည်။ သို့ပါလျှက် ကွာဝေးသည်ကလည်း ဆောင်းရာသီပေါင်း နှစ်ဆယ်၊မိုးရာသီပေါင်းနှစ်ဆယ်၊ နွေရာသီပေါင်း နှစ်ဆယ်၊ရာသီခြောက်ဆယ်။

ကိုယ်ကျေနပ်ခဲ့ပါသည်။

မင်းကိုမပြောခဲ့မိသော အရာတွေအတွက်ကိုယ်ကို မင်းခွင့်လွှတ်ပါ။လျို့ဝှက်ခြင်းဟူသည် အမြဲတစေဖွင့်ကြည့်ကောင်းသော ပန်ဒိုရာ သေတ္တာတစ်ခုတော့မဟုတ်။ မသိခဲ့ရလျှင် အကောင်းသားဟု တစ်ချိန်ချိန်မှာ မင်းနောင်တရမိသွားမှာကို ကိုယ်မခံစားချင်ပါ..။

တစ်ခုသော မြက်ခင်းပြင်တွင်ပိုးစုန်းကြူးတွေ လင်းလက်တောက်ပသော ညချမ်းတစ်ခုတုန်းက သူုတို့ကိုငေးမောကြည့်ရင်း ကမ္ဘာလောကတွင် မင်းရှိနေခဲ့လိမ့်မည်ဟု မသိသေးပဲ ကိုယ်မင်းကို တမ်းတမိခဲ့ဖူးသည်။

ငါလတစ်စင်းမဖြစ်ချင်ဘူး။။ ကြယ်တစ်စင်းပဲ ဖြစ်လိုက်ချင်တယ်။ကိုယ်ပိုင်အလင်းရောင်လေးနဲ့ ဘယ်လောက်ပဲမှိန်နေပါစေ။ကျေနပ်ချင်တယ်။ ဘေးမှာအတူလိုက်ပါ့မယ်သူရှိရင်လည်း ကြယ်ကလေးတစ်စင်းပဲ ဖြစ်စေချင်တယ်။အဲသည်အတွေးလည်းပြီးရော ကိုယ်မျက်နှာမူရာအရှေ့ကောင်းကင်မှာ ငွေကြယ်စင်တစ်ပွင့် ပေါ်လာခဲ့သည်။ထိုညက လတော့မသာခဲ့။ ဒါပေမယ့် ကိုယ်ကျေနပ်ခဲ့သည်။

ကိုယ်က စကြာ၀ဠာမှာ အလင်းဖြန့်ကျက်နိုင်သည့် ကြယ်သေးသေးလေး လိုချင်ပေမယ့် မင်းက ကမ္ဘာလောက၏ ထောင့်တစ်နေရာရာမှာ အလင်းရောင်ပေးနိုင်သည့် ခပ်သေးသေးမွှားမွှား မီးပြတိုက်တစ်ခုသာ ဖြစ်ချင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် ကိုယ်တို့ရေးရမည့် စာမျက်နှာပေါင်းများစွာ ကျန်သေးသည်။

ဝေးဖို့အချိန်မတိုင်သေးပါဘူး..။

**********************

“မင်းနေခဲ့ဖူးတဲ့ကျောင်းကို ကိုယ်ကြည့်ချင်တယ်”

သူငယ်တန်းမှစ၍ ဆယ်တန်းအထိနေခဲ့သည့်ကျောင်းက သုံးကျောင်း။ တက္ကသိုလ်တက်သည့်အခါ နေရသည့်ကျောင်းက တစ်ကျောင်း။ဘွဲ့လွန်ဒီပလိုမာ တက်သည့်အခါ နေရသည့်ကျောင်းကတစ်ကျောင်း။ဘွဲ့လွန် မာစတာတန်းတက်သည့်အခါ နေရသည့်ကျောင်းကတစ်ကျောင်း။

“ဘာဖြစ်လို့ကျောင်းကို ကြည့်ချင်ရတာလဲ”

”အော် မင်းနေခဲ့တဲ့ကျောင်းမို့ပေါ့။ မင်း စာသင်ခဲ့တဲ့အခန်း၊ မင်းထိုင်ခဲ့တဲ့ထိုင်ခုံ၊ မင်းစာရေးနေကျ စားပွဲခုံလေး၊ မင်း ထိုင်ခဲ့ဖူးတဲ့ သစ်ပင်။အဲဒါတွေကို ကိုယ်မြင်ချင်တယ်။ ကိုင်ကြည့်ချင်တယ်”

မင်းဘာမှမပြောပဲ ရယ်မောပါသည်။

တစ်ခါမှာတော့ မင်းက ကိုယ့်ကို စက်ဘီးပေါ်မှာ တင်နင်းလျှက် အထက်တန်းကျောင်းကို လိုက်ပြခဲ့သည်။

” ဒါက ကိုးတန်း ဆယ်တန်းမှာနေခဲ့ရတဲ့ကျောင်းလေ။ ဒီကျောင်းကို ကိုယ်သိပ်တော့ မစွဲလမ်းဘူး”

“မင်းစာသင်ခဲ့တာ ဘယ်အဆာင်လဲ”

မင်းက ခပ်ဝေးဝေး စိန်ပန်းပင်ကြီးအောက်မှအဆောင်သစ်ကို ညွှန်ပြသည်။

“အဲဒီမှာ ကိုယ့်ခြေရာလက်ရာဘာမှမကျန်တော့ဘူး။ ကျောင်းဆောင်က အသစ်ဆောက်ထားတာ။ခုံအသစ်၊ နံရံအသစ်၊ အားလုံးအသစ်”

“ဟင်”

ကိုယ် စိတ်ပျက်သလိုဖြစ်သွားသည်။

“မြေကြီးကတော့ အသစ်မဟုတ်နိုင်ပါဘူး”

“မြေကြီးကလည်း အသစ်ပေါ့ကွာ။အစအဆုံးအသစ်ပါဆို။ နဂိုက အုတ်သမံတလင်းအကြမ်း။ အခု အုတ်သမံတလင်းအချော”

“တော်ပြီ”

ကိုယ်တို့စိတ်ပျက်လက်ပျက် ရယ်မောခဲ့ကြသည်။

ကိုယ့်ကျောင်းကို မင်း မြင်ရသည့်အခါမှာလည်း မင်းကို သည်လိုပဲ ပြောခဲ့ရသည်။

“အဲဒါ ကိုယ်နေဖူးတဲ့ ကျောင်းဆောင်မဟုတ်ဘူး။ ဒါက အသစ်စက်စက်။ အဲဒီမှာ ကိုယ့်ခြေရာမရှိဘူး”

ဆယ်စုနှစ် ကာလတွေလွန်ရုံနှင့် အပြောင်းလဲကြီးပြောင်းလဲခဲ့သော စာသင်ကျောင်းအဆောက်အအုံတွေအကြောင်း ။

ဆယ်စုနှစ်ကာတောင် မလွန်သေးခင်အချိန်အတွင်း အပြောင်းလဲကြီးပြောင်းလဲခဲ့သော ကျောင်းသားကျင့်၀တ် စံနှုန်းတွေအကြောင်း။

ကိုယ်တို့ရောက်တတ်ရာရာ ပြောရင်း မင်းရော ကိုယ်ရော အနာဂတ်ကို လွမ်းခဲ့ကြဖူးသည်။

“ကိုယ့်အိပ်မက်တွေ မှုန်ဝါးကုန်ပြီ”

မင်းက တိုးတိုးလေးရေရွတ်တော့ မင်းလက်ကို ကိုယ် ဆုပ်ကိုင်လျက် ဖျစ်ညှစ်အားပေးခဲ့ရသည်။သို့သော် ကိုယ်တိုင်ကတော့ ကလေးဘ၀အရွယ်မှာ ကိုယ့်အစ်မ၏ ရည်းစားစာကို ခိုးဖတ်စဉ်က အစ်မရည်းစားက ရေးသည့်စာကြောင်းတစ်ကြောင်းကို ကိုယ် သတိရမိသွား၏။

“ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးကို ဖြိုမယ်ကြံပေမယ့် ခါးမသန်တဲ့အဖြစ်တွေပါ ကလေးရယ်”တဲ့။

ကိုယ်ဒဏ်ရာဒဏ်ချက်တွေနဲ့ နာကျင်ခါးသီးစွာ အားတင်းရသည့်အခါမျိုးမှာ ကိုယ့်ဘေးမှာ မင်းရှိနေရုံလေး မျှော်လင့်ခဲ့တာ ကိုယ်လောဘများသိပ်ကြီးသွားမိသလားကွယ်။

အခုတော့ ကိုယ်စိတ်ညစ်အားငယ်တိုင်း မင်းသီဆိုပြခဲ့ဖူးသည့် သီချင်းကို ပြန်လည်ကြားယောင် ခံစားရင်း အားတင်းခဲ့ရပြီ။

ပင်လယ်ပြင်မှာ သဘောထားပြောင်းလွန်းတယ်။ကံတရား ရေလှိုင်းများနှင့် ကြုံလာသူကို ကူညီဖို့ ကြိုနေစောင့်နေမယ် ပင်လယ်ဟာ ရိုင်းစိုင်းကြမ်းတမ်း နူးညံ့မုန်တိုင်းများနဲ့ လှိုင်းတစ်ပိုးကျောက်ဆောင် တစ်ခါတစ်ရံလည်း ငြိမ်းအေးလှပမယ်။ဒီလိုအခြေအနေတွေ မင်းဖြတ်ခဲ့ရသမျှ ပင်ပန်းနေတဲ့ မင်းရဲ့နှလုံးသားလေးကို အနည်ထိုင်ဖို့ ဒီမှာ နားပါကွယ်။

ယုံကြည်စွာပင် ကိုယ့်ရဲ့အသွေးများ ခန်းခြောက်သွားတဲ့အထိ လောင်ကျွမ်းရင်းနဲ့ အလင်းများရဖို့ ကိုယ်ပိုင်အလင်း မင်းအတွက်ကိုယ့်ရဲ့အချစ်။

မြက်တောရှည်ရှည်တွေထဲမှာ ရေစပ်စပ်ကွင်းလယ်ကောင်မှာ ညနေအမှောင်ထဲကနေ အလင်းရောင်သေးသေးငယ်ငယ်လေးတွေ မှိတ်တုတ် မှိတ်တုတ် လင်းလိုက် ပျောက်လိုက်။

“ဟိုမှာကြည့်စမ်း။ ကြယ်အသေးစားလေးတွေ ကျနေတာပဲနော်။ ပိုးစုန်းကြူးလေးတွေ”

ကိုယ်စိတ်ပြောင်းသွားအောင် မင်း က အခြေအနေကို လမ်းလွှဲယူတတ်သည်။

“ကြယ်မှုန်မှုန်လေးတွေလို့ ပြောကြရအောင်ပါ” ကိုယ်ကပြန်ပြောသည်။ထို့နောက်ကိုယ့်ခေါင်းထဲသို့ စကားတစ်ခွန်းရောက်လာသဖြင့် ရွတ်ဆိုလိုက်မိသည်။

“ကြယ်တွေက အနက်ရောင်ညမှာ ငွေမှုန်တွေလို တွယ်ကပ်နေကြတယ်”

“ဟာ စကားလုံးလေးက လှလိုက်တာ”

မင်းက ကောက်ချက်ချတော့ ကိုယ်အသာပြုံးမိသည်။

ကိုယ်မနေ့ညက ဆီလ်ဗီယာလော့သ် ၏ ကဗျာတစ်ပုဒ်ဖတ်ခဲ့သည့်အကြောင်း မင်းကို မပြောခဲ့ပါ။ ပြောလျှင်မင်းကမေးသည်။

ဘာကဗျာလဲ။

နှစ်များတဲ့

ဆီလ်ဗီယာပလာ့သ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ ကဗျာဆရာမမဟုတ်လား။

အင်း။

ဘာအကြောင်းရေးထားသလဲ အဲဒီကဗျာက၊

ထိုအခါ ကိုယ်ရေရွတ်ပြရတော့မည်။

“အို ဘုရားသခင်။ကျွန်မကသင့်လိုမဟုတ်ပါ

သင်၏ လေဟာနယ်အနက်ရောင်ထဲမှာ

ကြယ်တွေနေရာအနှံတွယ်ကပ်လို့..

မိုက်မဲတောက်ပတဲ့ပွဲတော်သုံးပန်းစက္ကူစတစ်စ။

ထာ၀ရကို ကျွန်မ ငြီးငွေ့တယ်။ဘယ်တုန်းကမှ ကျွန်မ မလိုချင်ခဲ့ပါ”

အဲသည်လိုဆိုလျှင် မင်း စိတ်မကောင်းဖြစ်သွားပါလိမ့်မည်။

ထာ၀ရ။ ထာ၀ရ ကိုယ် မယုံကြည်။လိုလည်း မလိုချင်။ ကိုယ် လိုချင်တာက အချိန်ကာလအနည်းငယ်လေးပါ။

မင်းကိုဖတ်ပြချင်သည့် စာအုပ်တွေအတွက်အချိန်။

ကိုယ့်ကို မင်းဖတ်ပြစေချင်သည့်စာအုပ်တွေအတွက်အချိန်။

မင်းနဲ့အတူ ထွေးဆုပ်ကြည့်ချင်သော တိမ်တွေအတွက်အချိန်။

ဒါပေမယ့် မင်းနှင့်ကိုယ် တစ်ယောက်ကို တစ်ယောက်ပေးလို့ လက်ခံလို့မရသောအရာမှာ အချိန်ဖြစ်သည်။

ဒါကြောင့် မင်းနဲ့ ကိုယ် ဝေးကြရခြင်းဖြစ်သည်။

******************************************************

ကိုယ့်ကို မင်းထားရစ်ခဲ့တာက လက်ချည်းသက်သက်မဟုတ်။ကိုယ့်လက်ထဲကို မှော်ဦးထုပ်တစ်လုံး မင်းထည့်ပေးခဲ့သည်။အဲသည် ဦးထုပ်ထဲကနေ မင်းတောင် အံ့သြသွားမည့် အရာ၀တ္ထုတွေ တစ်မျိုးပြီးတစ်မျိုး ထွက်လာနေလိုက်တာ။

ချက်ချင်းလက်ငင်း အရုပ်ကြိုးပြတ်ပုံလဲသွားနိုင်သည့် မျှော်လင့်ချက်က တစ်ခု၊

သူတစ်ပါးအပေါ် ကြိုတင်ယုံကြည်မှုထားတတ်ပြီး ဘယ်တော့မှ အဲသည်ယုံကြည်မှုကို တုံပြန်မခံရသော အဟောသိကံ စိတ်စေတနာကတစ်ခု။

ဖြတ်ဖို့ရန် အလွန်ခက်ခဲလှသောသေးငယ်စွာခိုင်မြဲသည့် ’မင်း’ ဆိုသည့် ကြိုးကတစ်ချောင်း။

ဒါပေမဲ့…
ထိလိုက်သမျှအရာရာကို အရည်ပျော်သွားစေနိုင်သည့် အနုပညာကလည်းတစ်ခု။

ကမ္ဘာကြီးရဲ့ တစ်နေရာရာမှာ မီးလောင်နေတုန်းအခြားတစ်နေရာရာမှာ နှင်းတွေလမ်းပေါ်မှာ ပိတ်ဆို့နေတာ လေးငါးပေအနက် ထူသတဲ့။ အံ့သြစရာမဟုတ်။

ကိုယ့်နှလုံးသား၏ သွေး၀င်ခန်းမှာက အေးစက်စက်သွေးတွေ လည်ပတ်စီးဆင်းနေပြီး သွေးလွှတ်ခန်းမှာက ပူနွေးနွေးသွေးတွေ စီးဆင်းနေသည်။ အံ့သြစရာမဟုတ်။

ညနေလေးနာရီ။

ဘယ်လောက်ပဲ စိတ်ညစ်ခဲ့ညစ်ခဲ့ ။ကိုယ်အဲသည်နေ့က မညည်းညူခဲ့။ နောက်ဆုံးတွေ့ဆုံခြင်း ဖြစ်လိမ့်မည်ဟု ကိုယ်သာ သိပြီး မင်းကို မသိစေချင်ခဲ့သောညနေခင်းမှာ မင်းကစပြီး နှုတ်ဆက်လိုက်တော့ ကိုယ် တိမ်မျှင်တစ်စလို လွင့်မျောသွားခဲ့သည်။

ဒါနောက်ဆုံးဟု တစ်ယောက်ကိုတစ်ယောက်ကဖွင့်မပြောသော်လည်း သိနေကြပြီး မသိဟန်လည်းဆောင်ထားခဲ့ကြပါသည်။

ညနေ လေးနာရီ။

ကိုယ်မင်းအတွက် လက်ဆောင်တစ်ခုပေးလိုက်သည်။ဘ၀တစ်ခုလုံးအတွက် အရေးပါဆုံးသော လက်ဆောင်တစ်ခု။ မင်းတစ်ချိန်ချိန်မှာ ထိုလက်ဆောင်ကို မြင်တွေ့ရပါလိမ့်မည်။

အဲသည်လက်ဆောင်မှာ လျှို့ဝှက်ခြင်း ခြုံလွှာတစ်ခုပါသည်။အကြွင်းမဲ့ လွတ်လပ်ခွင့်တစ်ခုပါသည်။အိပ်မက်နှင့်တိုင်းတာချိန်တွယ်သော နှစ်ကာလများပါသည်။

ကိုယ်တို့နှစ်ယောက်ကြားမှာ စံနှုန်းတစ်ခုထားပြီးလဲလှယ်စရာ တန်ဖိုးကြီးသည့်အရာမှာ ငွေကြေးမဟုတ်။ အိပ်မက်ဖြစ်သည် မဟုတ်လား။

ကိုယ့်မှာရှိသည့်အိပ်မက်တို့အကြောင်းကို မင်းကလွှဲလျှင် ဘယ်သူမှမသိပါ။ မင်းကသာ ကိုယ့်အိပ်မက်တွေကိုလည်းသိ။ရင့်မှင့်မလာသည့်မျှော်လင့်ခြင်း သစ်သီးစိမ်းတွေကိုလည်း သိ။ ကြွေသွားသည့် ယုံကြည်မှု ပွင့်ချပ်တွေကိုလည်း သိခဲ့သည်။

တစ်စစီ၊တစ်ပွင့်စီ၊တစ်လွှာစီ။

လွမ်းဆွတ်ခြင်းဝေဒနာကို ကိုယ်သည် Masochist တစ်ယောက်လို တမ်းမက်စွာရွေးချယ်ခဲ့ခြင်းလား။ရှောင်လွှဲလို့မရနိုင်တော့သော ကျရောက်မှုတစ်ခုလို အထိတ်တလန့် လက်ခံကြိုဆိုလိုက်ရခြင်းလား။ ကိုယ်ကိုယ်တိုင်အသိဆုံးပါ။ တကယ်တော့ လောကမှာ ဘယ်သူကများ လွမ်းချင်မှာလဲ။

ဒါပေမယ့် ဝေးဝေးသို့သွားပါ။အိမ်မှအဝေးနိုင်ဆုံး ဝေးပါ။နေ့စဉ်မြင်နေကျ အပြုံးတုတွေနဲ့ဝေးရာ၊မင်းကို အချိန်မှန်လာခေါ်မည့် ခြေထောက်တွေနှင့်ဝေးရာ၊အမှောင်ထဲမှာပင် မင်းကို မင်းမှန်းသိမည့် သူတွေထံမှ ဝေးရာ။

သည်နေရာမှာ စကားလုံးတွေပိုလျှံနေသည်။ သူတို့ကို စည်ရိုးတိုင် တစ်ခုမှာ အသာချိတ်ထားခဲ့ပါ။ မင်းသွားမည့် လမ်းမှာတော့ စကားလုံးတွေမလို။ ဖြောင့်တန်းသော မြှားတစ်စင်းသာ လိုသည်။

…………………………………………………………

ကိုယ်တို့နှစ်ယောက်ဆေးခြယ်ခဲ့သည့် ကောင်းကင်မှာ ဘာများမှားယွင်းသွားခဲ့လို့လဲ။ သည်လောက်တောင် အဝါရောင်တွေ များနေရတာ။

ဒါနဲ့ပဲ ကိုယ်တို့ ရပ်လိုက်ကြရတော့မှာလား။

ကြေကွဲခြင်းတွေကို နေ့စဉ်အာဟာရလို မျိုချရတော့ရော ဘာဖြစ်သေးလဲ။ ။



ဂျူး

ရွက်နုဝေမဂ္ဂဇင်း - ၁၆။ မေ ။ ၂၀၀၄
Credit:

No comments