New Artical

"မစ္ဆရိယ ၅-မျိုး"

 


"မစ္ဆရိယ ၅-မျိုး"


'မစ္ဆရိယ' ဆိုတာ

ကိုယ့် အရည်အသွေးမျိုး သူများကို မရစေချင်တာ၊
ကိုယ့် အခြေအနေမျိုး သူများ မရစေချင်တာ၊
ကိုယ်နဲ့ လာယှဉ်ပြိုင်လာမယ်ဆိုရင် ကိုယ့်အရည်အသွေးမျိုးကို ကိုယ်ပဲ ပိုင်ဆိုင်ထားချင်တယ်၊
ဒါ မစ္ဆရိယ လို့ ခေါ်တယ်။

မစ္ဆရိယဆိုတာလည်း အတူတူပဲ၊
ဒေါသနဲ့ ယှဉ်တွဲတယ်၊ အရပ်ထဲမှာတော့ မစ္ဆရိယဆိုတာ နှမြောတာ၊
'နှမြောအိုးမို့ ဘာမှ မလှူဘူး၊ မတန်းဘူး၊ မပေးဘူး၊ မကမ်းဘူး'
လို့ ပြောကြတယ်၊ မစ္ဆရိယက နှမြောတာချည်းပဲ မဟုတ်ဘူး၊
မစ္ဆရိယဆိုတာ ကိုယ် ကြီးပွားသလို သူများ မကြီးပွားစေချင်ဘူး၊
ကိုယ်အောင်မြင်သလို သူများ မအောင်မြင်စေချင်ဘူး၊
အဲဒါမျိုးကို မစ္ဆရိယ လို့ ပြောတာ။ မစ္ဆရိယက ၅-မျိုး ရှိတယ်။

(၁) အာဝါသမစ္ဆရိယ တဲ့၊
ကိုယ့်နေတဲ့ နေရာမှာ သူများလာနေရင် မကြိုက်တာ၊ ဟုတ်လား၊
ကိုယ့်အဆောက်အအုံထဲ သူများလာရင် မကြိုက်တာဟာ 'အာဝါသမစ္ဆရိယ'နော်။
'အာဝါသမစ္ဆရိယ' ဆိုတာ အိမ်မှာတင် မစ္ဆရိယဖြစ်တာ မဟုတ်ဘူး၊
မီးရထားနဲ့ သွားတာတောင် ပေါင်ကား ထိုင်သေးတယ်၊ အနားနားမှာ ဒိပြင်လူ လာထိုင်မှာ စိုးလို့၊ အထုပ်လေး တင်ထားမယ်၊ မထိုင်စေချင်ဘူး၊
နေရာ မပေးချင်ဘူး၊ အဲဒါမျိုး ပြောတာ အာဝါသမစ္ဆရိယဆိုတာ။

(၂) 'ကုလမစ္ဆရိယ'
ကိုယ်နဲ့ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို လာပြီးတော့ မိတ်ဆွေဖွဲ့ရင် မကြိုက်တာ၊ ကုလမစ္ဆရိယ၊ဘုန်းကြီးတွေကျတော့ ကိုယ့်ဒကာ, ဒကာမကို သူများ ဒကာ, ဒကာမဖြစ်မှာ မကြိုက်တာ ကုလမစ္ဆရိယပဲ၊ ကိုယ့်မိတ်ဆွေ သူ့မိတ်ဆွေ လာလုပ်မှာ မကြိုက်ဘူး၊
ကုလမစ္ဆရိယ။

(၃) 'လာဘမစ္ဆရိယ'
ကိုယ်ရတာမျိုး သူများ မရစေချင်တာ လာဘမစ္ဆရိယ။

(၄) 'ဝဏ္ဏမစ္ဆရိယ' ဆိုတာ
ကျော်ကြားမှုနဲ့ ပတ်သက်လာလို့ရှိရင် ကိုယ်ပဲ ကျော်ကြားချင်တယ်၊
သူများ မကျော်ကြားစေချင်ဘူး။

(၅) 'ဓမ္မမစ္ဆရိယ'
ဆိုတာ ကိုယ်သိတဲ့တရားကို သူများ မပေးချင်ဘူး၊
ကိုယ်သိတဲ့ ဗဟုသုတတွေ သူများကို မဖြန့်ဝေချင်ဘူး၊
သူတစ်ယောက်တည်းပဲ တကယ့်ကို ဂုရုကြီး လုပ်ချင်တယ်ပေါ့လေ၊
တစ်လောကလုံးရဲ့ ဂုရုကြီး၊သူပဲ သိတယ်၊ ကျန်တဲ့လူတွေ မသိရဘူး၊
အဲဒါမျိုး လုပ်ချင်တာ၊အဲဒါ ဓမ္မမစ္ဆရိယ လို့ ခေါ်တယ်။

'အာဝါသမစ္ဆရိယ၊ ကုလမစ္ဆရိယ၊ လာဘမစ္ဆရိယ၊ ဝဏ္ဏမစ္ဆရိယ၊ ဓမ္မမစ္ဆရိယ' ဆိုပြီးတော့ မစ္ဆရိယငါးမျိုး ရှိတယ်၊
မစ္ဆရိယဆိုတာ ကိုယ်ရထားတဲ့ အနေအထားမျိုး သူများကို မရစေချင်တာ အဲဒါကို ပြောတာနော်၊
ဒါလည်းပဲ မရစေချင်ဘူးဆိုတော့ သူက ဒေါသနဲ့ ယှဉ်တယ်။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph. D)
အဘိဓမ္မာမြတ်ဒေသနာ- "စိတ်၏အညစ်အကြေးများ" မှ ကူးယူ ပူဇော်အပ်ပါသည်။

No comments