New Artical

အချိန်မီသေးတယ်တဲ့ ( ငြိမ်းကျော် )

 

အချိန်မီသေးတယ်တဲ့

ငြိမ်းကျော်

(၁)

ကျုပ်က တစ်ယူသန်သမားလို့ ကျုပ် မထင်ပါဘူး။ ကျုပ်မှာက ကျုပ်ရဲ့ အကြောင်းပြချက်နဲ့ ကျုပ်ပါ။ လူငယ်လူရွယ်ကတည်းက ကျုပ်က စကားတစ်ခွန်းကို အမှတ်မဲ့မပြောဘူး။ ဒါပေမယ့် အများနဲ့က တစ်မျိုး ဖြစ်နေတယ်။ အများရဲ့ ထင်မြင်ပြောဆိုနေတာနဲ့က ကျုပ်နဲ့က မတူ ဘူးလေ။ မတူတာမှ တစ်ပုံတစ်ပင်။ အများဆို တခြားမပြောနဲ့။ အဘိုး အဘွား၊ အဖေ အမေတို့နဲ့တောင် ကျုပ်နဲ့က တစ်မျိုးစီ။ ငယ်ငယ်ကတည်း ကဗျ။ ကဏန်းတွင်း မနှိုက်ရဘူးတဲ့။ ဘာလို့ မနှိုက်ရမှာလဲ။ လူကြီး တွေက မြွေဝင်အောင်းနေရင် လက်ကိုခဲမယ်တဲ့။ တုတ်ထိပ်မှာ သံချိတ် ချိတ်ပြီး နှိုက်တာပဲ။ ဘယ်လာ လက်ကိုထိမလဲ။ ဒီတော့ သူများအသက် ငရဲကြီးမယ်တဲ့။ ငရဲဆိုတာ ဘယ်သူမှ လက်ညှိုးထိုးပြနိုင်တာလည်း မဟုတ်။ ငရဲပြန်က ဘိလပ်ပြန်လို ဘယ်ရွေ့ဘယ်ဝါ ပြန်ပြောပြနိုင်တာ လည်းမရှိ။ ကျုပ်ကို စကားကတ်သတ်တယ်တဲ့။ လျှာရှည်တယ်တဲ့။ ငါ့စကားနွားရတဲ့။ အငြင်းသန်သတဲ့။ ငရဲဆိုတာထားတော့။ ကျုပ် နှိုက် လာတဲ့ ကဏန်းလိုပဲ။ ”အဲဒီကငါး” ဆိုပြီး လာရောင်းတော့ ဝယ်ကြရော။ ငါးရံ့၊ ငါးခူအကောင်ကြီးကြီး၊ ငါးရှဉ့်အကောင်ကြီးကြီး လက်ညှိုးထိုး ဝယ်ရော။ ရောင်းတဲ့သူက တုတ်နဲ့ ဂေါက်ဂုတ်ရိုက်ပေးပြီး ချိန်ခွင်ပေါ် တင်ရောင်းတာ ဝယ်စားတာပဲ။ ပံ့သကူသားပဲလေ။ ကျုပ်ကလည်း ကြွက်ထောင်၊ ချိုးထောင်၊ ဖားရိုက်၊ ကဏန်းနှိုက်၊ ကျုပ်ကိုယ်တိုင် သတ္တဝါကိုချွတ်ပေးတာ။ သတ္တဝါဆိုတာ ကိုယ်ချွတ်မှ ကျွတ်တာဆိုပြီး ပြောတော့ အမေကအစ မျက်စောင်းခဲပြန်ရော။ လေးခွနိုင်တဲ့ အရွယ်ကျ တော့ သရက်သီးပစ်တယ်။ ငှက်ပစ်တယ်။ တချို့အိမ်က...

“ဟဲ့.. ငှက်ရိုး၊ ဘုရားစင်ကမှန်ကူကွက် နင့်ကြောင့် ကွဲသွား ပြီ၊ လျော်ပေး၊ မပေးရင် သူကြီးနဲ့ သွားတိုင်မယ်” တဲ့။ ကျုပ်က အဖက် တောင်မလုပ်ဘူး။ အိမ်လာတိုင်ရော၊ သူကြီးအိမ်ရောက်ရော၊ ကျုပ်က ကျုပ်စကားကိုပဲ ထပ်ပြောတယ်...။

“ကျုပ် သူ့ဘုရားစင်မှန်ကို ပစ်တာမဟုတ်ဘူး၊ ဘုရားပေးပေး၊ ကျမ်းပေးပေး မြေကိုင်ပြောဆို ပြောပါတယ်၊ ပစ်တာငှက်၊ သစ်ကိုင်းမှန် ပြီး သစ်ကိုင်းကနေ လောက်စာလုံးလွင့်သွားတာ ဘယ်တတ်နိုင်မှာလဲဗျ”

သူကြီးက နှုတ်ခမ်းမွေးသရင်းနဲ့ ကျုပ်ကိုပြောတယ်။

“မင်းလေးခွကြောင့်ထိတာ မင်းတာဝန်ပေါ့ ငှက်ရိုးရ”

“ငှက်က အဲဒီအိမ်ရှေ့မှာလာမနားရင် ကျုပ်ဘယ်လာပစ်မိ မှာလဲ၊ ဘုရားစင်မှန်ကွဲရတာ ကျုပ်ကြောင့် မဟုတ်ရပေါင်ဗျာ၊ ရှင်းနေ တာကြီး၊ ငှက်ကြောင့်မှန်ကွဲရတာ ထမင်းစားတဲ့လူဆို သိတာချည်းပဲ”

လက်ခံခဲ့ရတာပေါ့။ ကျုပ်ပြောတာကိုး။ ကျုပ်ပြောတာ အမှန် တရားပဲ။ သူတို့မျက်နှာတွေ ရှုံ့တွသွားကြတာပေါ့ ဗျာ။ ကျုပ်က ပြောစရာ ရှိပြီဆိုရင် အဲသလို..။

ကျောင်းတက်ခဲ့တုန်းကလည်း အတန်းထဲမှာ ကျုပ်နဲ့ အခြေ အတင်ဖြစ်ခဲ့ရတာတွေ အများကြီးရှိတာပေါ့ ဗျာ။ ဆရာပေးထားတဲ့ အလီတွေကို ကျုပ်ကလွဲရင် တစ်တန်းလုံးကြတယ်။ မရတဲ့ကျုပ်ကို မတ်တတ်ရပ်ခိုင်းတယ်။ ကျုပ်က မရပ်ဘူး။ ကျောင်းအုပ်ဆရာကြီး ရောက်လာရော။

“ဪ.. ငှက်ရိုး၊ မင်းစာရအောင် ဘာလို့ကျက်မလာသလဲ”
တဲ့။

“ကျွန်တော်ကျက်ပါတယ် ဆရာကြီး”

“ကျက်ရင် ရရမှာပေါ့ကွ၊ ကိုင်း... ဆိုစမ်း” တဲ့။

ခုနစ်အလီ၊ ခုနစ်တစ်လီ ခုနစ်၊ ခုနစ်နှစ်လီ ဆယ့်လေးလည်း ပြီးရော ကျုပ် ရှေ့ဆက်မရဘူး..။

“မင်းမကျက်လို့ မရတာပေါ့ ငှက်ရိုး” တဲ့။
“ကျက်ပါတယ် ဆရာကြီး၊ ကျက်မရအောင်ခက်လို့ မရတာပါ”

”ရအောင်ကျက်ရင် ရလို့ပဲ တစ်တန်းလုံးရကြပြီ၊ မရတာ မင်းတစ်ယောက်တည်း၊ မင်းအလီရအောင် မကျက်ခဲ့လို့ မရတာ၊ မင်းမှာ အပြစ်ရှိတာပေါ့ကွ” တဲ့။ ဒေါသဖြစ်လာပုံရတယ်၊ မျက်နှာကြီးနီလာ တယ်၊ လက်ထဲက ကြိမ်လုံးကလဲ လှုပ်လှုပ်ရွနဲ့၊ ကျုပ်က ဘယ် ကြောက်လိမ့်မလဲ၊ ကိုယ့်မှာ အပြစ်မှမရှိတာပဲဟာ၊ ဒါကြောင့်လည်း...

”မရှိဘူး ဆရာကြီး၊ ကျက်မရအောင်ခက်တဲ့ ခုနစ်အလီ လုပ် ထားတဲ့သူသာ အပြစ်ရှိတာပါ”

”ခေါင်းထဲစွဲအောင် မင်းမကျက်ဘဲ လျှောက်ဆော့နေလို့၊ ပျင်း လို့ စာမရတာဘဲကွ”

ဆရာကြီးရဲ့ လေသံ သိပ်မာလာတယ်၊ တစ်တန်းလုံးလည်း အပ်ကျသံ မကြားရ၊ အတန်းပိုင်ဆရာက စိတ်ပျက်လက်ပျက်မျက်နှာနဲ့ ကျုပ်ကိုကြည့်နေတယ်...။

“ကျွန်တော် ကျက်လို့မရအောင် လုပ်ထားတဲ့အလီကြောင့် မရ တာပါ ဆရာကြီး”

ကျုပ်ကိုဗျာ တိတ်တဲ့၊ ဆရာကြီးက ကြိမ်ဒဏ် သုံးချက် မတရားရိုက်ခဲ့တယ်၊ အိမ်ကျတော့ ကြိမ်ဒဏ်ကို နနွင်းသိပ်ရ တာပေါ့၊ အမေတို့ က မင်းစာမကျက်လို့ အရိုက်ခံရတာ နည်းတောင် နည်းသေးသတဲ့ဗျာ၊ မခက်ခက်အောင် လုပ်ထားတဲ့စာကိုတော့ အပြစ် မမြင်ကြတာ တွေ့လား...။

ကာလသားဘဝမှာ ကာလသားပဲဗျာ၊ အပေါင်းအသင်းစုမိရင် ကြက်လေးခိုးတာ၊ ထန်းရည်စုသောက်ကြတာကို ပြောလားဆိုလား လုပ်ချင်ကြတယ်၊ ကျင်စွမ်တို့ဘဲတဲက ဘဲသွားခိုးမယ်လို့ ကျုပ်ကပြော
တော့ ဖြစ်ပါ့မလားတဲ့ ဘဦးက၊ တော်ကြာ ဆယ်အိမ်ခေါင်းအိမ်ရောက်၊ ဘယ်ရောက်ဖြစ်မယ်နော်တဲ့ ဟာရှင်က၊ ခဏခဏ ဘဲခိုးစားနေတော့ မကောင်းဘူးကွတဲ့၊ မောင်အုန်းက...။

“ဟ.. ရွာမှာ ကာလသားရှိရင် ကာလသားအလုပ် ကာလ သားက လုပ်မှာပေါ့၊ ဘယ်သူက စီးပွားဖြစ် ခိုးစားလို့လဲ၊ ဒေါ်အိတို့ ဘူးစင်က ဘူးတစ်လုံး၊ ဘဲတဲက ဘဲတစ်ကောင်၊ ဒါမှမဟုတ် တစ်အိမ် အိမ်က ကြက်တစ်ကောင် ခိုးပြီးရောင်းစားရင် ငါတို့အလွန်၊ ချက်ပြီး ဟင်းလျှောက်ရောင်းပစ်ရင် ငါတို့အလွန်၊ အပျော်ချက်စားတာ၊ အပြစ် ပြောကြည့်၊ ငါနဲ့အတွေ့ပဲ၊ ဒါ ကမ်ဘာဦးကတည်းက လုပ်လာကြတာ ကာလသားတိုင်းပဲ၊ ငါပြောတာ မင်းတို့စဉ်းစားကြည့်၊ ငါပြောတာမှန်လို့ ဘဲပျောက်ကြက်ပျောက်၊ ဘူးသီးပျောက်ကြပေမယ့် ဘယ်သူက ငါ့ကို ပြောလဲ၊ မှန်တာမို့ ဘယ်လာပြောဝံ့ကြမှာလဲကွ”

ကျုပ်က ရှင်းပြတော့ ဘာမှပြန်မပြောကြဘူး။ ဒီလိုနဲ့ ကျုပ်နေ လာခဲ့တာပဲ။ လူတွေဟာ မှန်မှန်ကန်ကန် မတွေးတောတတ်ကြဘူးပဲဗျ။ ဒါကြောင့်လည်း ကျုပ်နဲ့အချီအချ မပြောဘူးသူရယ်တော့ မရှိသလောက် ပါပဲ။ ဒီရွာတွင်မကပါဘူး၊ ဒီအပိုင်၊ ဒီခရိုင်အဆင့် ရွာတကာအနှံ့ပါပဲ..။

တချို့ကိစ္စ တွေကို ကျုပ်လို မစဉ်းစားတတ် တာ ပြန်ပြီးအံ့တောင် အံ့သြယူရရော။ တစ်ယောက်ရဲ့ လယ်ကွက်ထဲမှာ ငါးတော်တော်ခိုနေတာ တွေ့လို့ ကန်သင်းချိုးပြီး ငါးဖမ်းတယ်ဗျာ။ အဲဒါကန်သင်းချိုးရကောင်း လား၊ သူ့စပါးပင် သေအောင်လုပ်တယ်။ ဘာတယ်နဲ့ ပြောတာ ကြုံရ တယ်။ ကျုပ်ဖမ်းတာငါး၊ ပလိုင်းထဲက ငါးတစ်ပိဿာခွဲ၊ နှစ်ပိဿာ သက်သေပြပြီး..

”ငါးဖမ်းတာပါဆိုမှ မင်းစပါးပင်တွေ ပျက်စီးအောင်လုပ်တယ် ဆိုတာ ဘာမှမဆိုင်ဘူး၊ ကန်သင်းလဲ ငါပြန်ဖို့ပေးခဲ့ပြီးပြီ၊ မိုးရွာရင် ရေပြန်ရမှာပဲ၊ ရေးကြီးခွင်ကျယ် လုပ်ပါ့ကွာ”လို့..။

တစ်ခါက ကျုပ်လှေဖာလို့မပြီးတာနဲ့ အနောက်ပိုင်းအိမ်တစ်အိမ် က လှေငှားသွားခဲ့တယ်။ ရောက်တဲ့ရွာ မတက်ခင် လှေကိုဓနိငုတ်မှာ သေသေချာချာချည်ထားခဲ့တာ၊ ကျုပ်ကြောင့်တော့ မဟုတ်ပါဘူး။ ဘယ် ကလေးလက်ဆော့သလဲ မသိဘူး၊ လှေမျောရော။ ကျုပ်က သူများ သမွန်ကြုံနဲ့ ပြန်ပြီးပြောပြတော့ သူကြီးဆီတောင် ရောက်ကရော၊ လျော် ပေးဖို့ပေါ့...။

“ကျုပ်က ငှားတုန်းက ငှားတာ၊ ပျောက်ရင်လျော်ပေးပါ့မယ် ဆိုတာ ကျုပ်စကားထဲမှာ ပါလို့လား၊ ပြီးတော့ ကျုပ်ရောင်းစားတာလဲ မဟုတ်၊ သူများကို ပေးပစ်တာလဲမဟုတ်၊ ကျကျနနချည်ခဲ့တာ၊ ကျုပ် ကိုယ် စောင့် နတ် ခြောက်ပါးအသိ၊ တစ်ယောက်ယောက် လက်ကမြင်းလို့ ဖြစ်ရတာ၊ အဲဒီလူစုံစမ်းပြီး တရားစွဲပေါ့” လို့ ကျုပ်က
အကျိုးသင့်အကြောင်းသင့် ပြောပစ်လိုက်တာပေါ့...။

လူတွေဟာ တော်တော်ခက်တာကလားဗျ။ ရွာထဲမှာ မြို့က ကျန်းမာရေးဌာနကဆိုလား လာကြတယ်။ သရောကြီးခိုင်းမှာစိုးလို့ ရောဂါဘယမဖြစ်အောင် ထိုးဆေးထိုးရမယ်၊ စားဆေးတွေ စားရမယ်တဲ့။ ကျုပ်မိသားစုကိုပြောရင်း ဘေးကကြားအောင်..

“ဟေ့... လူဆိုတာ သေနေ့စေ့ရင် သေကြတာချည်း၊ ဘုရား သော်မှ မလွန်ဆန်နိုင်တဲ့ သေခြင်းတရားကို ဘာတွေညာတွေ လုပ်မနေနဲ့၊ အပိုတွေ”

တရားဓမ္မနဲ့အညီ ကျုပ်ပြောခဲ့တာပဲ။ ဘုရားစကား၊ တရား စကား ကျုပ်ကပြောတော့ တစ်ယောက်က ခနဲ့တယ်။

“အမယ်... ငှက်ရိုးက ပိဋကတ်အိုးကွဲပါလားဟ၊ ကောင်းပါ သကွာ၊ ဒါပေမယ့် အိမ်က မိန်းမနဲ့ကလေးတွေ ပြောမရ ဆိုမရတိုင်း အရပ်ကိုပါ သိမ်းကျုံးဆဲတာကတော့ မကောင်းပါဘူး ငှက်ရိုးရာ” တဲ့။

ကျုပ်က ဖြစ်သင့်ဖြစ်ထိုက်တာကို ပြောတာ။

“သားမယားဆိုတာ ကျုပ်ပိုင်တယ်၊ ဒါပေမယ့် မိန်းမဘက်က မိဘတွေ၊ မိကြီး ဘကြီးတွေ၊ ဆွေမျိုးတွေ၊ ကလေးတွေရဲ့ ဦးလေး၊ ဦးကြီးတွေ၊ ကြီးတော်တွေရော၊ တစ်ရွာလုံးက ရပ်ဆွေရပ်မျိုးတွေရော ဆိုင်ကြပါသော်ကော၊ မိန်းမနဲ့ကလေးတွေ အသုံးမကျတာဟာ အရှေ့ ခုနစ်အိမ် အနောက်ခုနစ်အိမ်မှာပါ တာဝန်မကင်းလို့ ဆဲရေးပြီး သတိ ပေးတာ ကျုပ်အလွန်မရှိပါဘူးဗျ” လို့..။

မိန်းမဘက်က ဘကြီးက “မင်းပြောရင် ချွန်းနေတာချည်းတဲ့၊ မင်းကက်ဆွဲတာ၊ မြင်းလောင်းတာလဲ ပြောဦးမှပေါ့” တဲ့။ လောကတံထွာ လူတို့ရွာမှာ ကက်ဆွဲတာ၊ မြင်းလောင်းတာ၊ အနီထောင်ချောက်ချက် လေးကောင်ဂျင်၊ သုံးဆယ့်ခြောက်ကောင်၊ အောင်ဘာလေဆိုတာ ဘယ်လာကင်းမှာလဲဗျာ။ အပျင်းပြေဖြစ်ဖြစ်၊ ပေါင်းသင်းဆက်ဆံရေး ဖြစ်ဖြစ် အသုံးဝင်လို့ ရှေးလူကြီးတွေ တီထွင်ခဲ့တာပေါ့။ ရှေးထုံးမပယ်တဲ့ သဘောပါလို့ ကျုပ်က ဆီဆီလျော်လျော် ပြောရတာပေါ့။

“ဒီမယ်... ကိုငှက်ရိုး၊ ကလေးတစ်ကျိပ်ရှိပြီ၊ အလုပ်ကလေး ဘာလေး လက်ကြောတင်းအောင် လုပ်ဦး” တဲ့၊
ဗိန်မက..။

ကျုပ်က မိန်းမကိုပြုံးပြီး ”လူထွင်းတဲ့ခံတွင်းဆိုတာမရှိဘူး ရှင်မ၊ နတ်ထွင်းတဲ့ခံတွင်းပဲရှိတယ်၊ ဘာမှ ပူမနေနဲ့”

”ရှင်က ရန်လျှောက်လျှောက်ဖြစ်၊ အေးအေးနေ တော်သေးရဲ့”

“ဟ... ငါက ရန်လိုတာမှမဟုတ်ဘဲ၊ ငါက ဟေ့.. ထန်းရည် တိုက်ဆို တိုက်လိုက်ရင် ပြီးတာပဲ၊ ကဏ္႑ကောစ ပြန်လုပ်တာကိုက ငါ့ကို ရန်လိုတာ၊ ငါက ကြိမ်းမောင်းရင် ခံနေပေါ့ ၊ အံကြိတ်ပြီး ပြန် ဘုကြည့်ကြည့်ရင်ကိုပဲ ငါ့ကို ရန်စောင်တာပဲကွ၊ ငါက တုတ်နဲ့ရိုက်ရိုက်၊ ဓားနဲ့ခုတ်ခုတ် ငြိမ်ခံပေါ့၊ ရှောင်တာတိမ်းတာကိုက ပမာမခန့် လုပ်တာ၊ ပြန်ပြီးတုတ်နဲ့ဓားနဲ့ ခုခံတာကို မင်းစဉ်းစားကြည့်၊ အာခံတာ၊ ဒီတော့ ငါတီးထည့်တာပေါ့ဟ၊ ငါလဲ ဘုရားရဟန္တာမှ မဟုတ်တာဘဲ၊ ငါ့မှာ လောဘ၊ ဒေါသ၊ မောဟ ရှိနေသေးတာပေါ့” လို့ တရားသဖြင့် ပြန်ပြောတာ နားမလည်ဘူး...။

ကျုပ်ကဗျာ၊ လမ်းတွေ့တဲ့နွား ရောင်းပစ်တယ်၊ နွားခိုးဆို အမှုဆွဲချင်တယ်၊ နွားနံမှာ စာရေးထားပါလား။ ဘယ်သူ့နွားလို့။ ရွာပြင် တွေ့တဲ့ တရုတ်အမဲကောင် ဆွဲပေါ်ပစ်တယ်။ သူကြီးဆီ တိုင်ပြန်ရော။ သူများခြံထဲ ကျုပ်ဝင်ဆွဲရင် ကျုပ်အလွန်ပေါ့။ ပိုင်ရှင်မဲ့မို့ ရောင်းတာ၊ ပေါ်တာမှားသလား။ ကက်ဝိုင်းမှာ ငွေဆွဲပြီးကစားတယ်။ ရှုံးတယ်။ ကြုံရင်ပေးမယ်ဆိုတော့ စိတ်ဆိုးကြတယ်။ မှန်တာပြောတော့ မကြိုက် ကြဘူး...။

ကျုပ်နွားကို ရွာလယ်ကကန်မှာ ရေချိုးပေးတယ်။ ဆယ်အိမ် ခေါင်းဆီ တိုင်ကြပြန်ရော။ ကျုပ်တို့စားသောက်နေတဲ့ ဆန်စပါး ဒီနွား တွေကြောင့်ရတာတဲ့၊ ကျေးဇူးရှင်တဲ့။ လယ်တီဆရာတော်ဘုရားကြီးရဲ့ တရားပွဲအကြောင်း ရွာမှာပြောကြတာ သောသောညံ။ အသက်သခင် ကျေးဇူးရှင်နွားတွေကို ကန်မှာရေချိုးပေးတော့ သောက်ရေကန် ညစ်ပတ် အောင် ကျုပ်လုပ်သတဲ့ဗျာ..။

ပြောရရင် အများကြီးပါ။ စည်းရိုး လှည်းတိုးလို့ပျက်တာ ကျုပ်ကို ရန်တွေ့တယ်။ နွားက ကတ်တတ်တတ်လုပ်လို့ ဝင်တိုးတာ လည်း ကျုပ်ကြောင့်တဲ့။ ကျုပ်က တရားလက်လွတ် ငှက်တောင်ကျွတ် မဟုတ်ပါဘူး။ စကားပြောရင် ဥပမာဥပမည်းယျနဲ့၊ ဖတ်စာအုပ်ထဲက ဆုံးမစာတွေ ပုံပြင်တွေနဲ့၊ ချက်နဲ့လက်နဲ့ ပြောတတ်တဲ့သူပါ...။

“ကျုပ် ဘာမှားတာရှိလဲ၊ ဒါကြောင့် ဘယ်သူက ဘာတစ်ခွန်း အပြစ်ဆိုလို့ရသလဲ၊ ဆရာတော်ဘုရားကြီးအစ၊ သူကြီးအလယ်၊ ဆယ် အိမ်ခေါင်းမင်းနဲ့ ကျုပ်မိဘဆွေမျိုး၊ ဆရာသမား ဘယ်သူက ဘာပြောလို့လဲ၊ ဘာပြောကြလို့လဲ၊ ကျုပ်မှားတာမရှိလို့ ဘာတစ်ခွန်းမှ မပြောဝံ့ကြတာ ကြည့်ပါလား” လို့ စကားချုပ်ခဲ့တာချည်း...။


(၂)

”တော့်ကို ကပ္ပိယကြီးက လာဦးတဲ့၊ ခေါ်ခိုင်းလိုက်တယ်”

ကပ္ပိယ၊ ကြားဖူးပါတယ်...။

ဪ.. ဘုန်းတော်ကြီးကျောင်းမှာ ကျောင်းဝေယျာဝစ္စ လုပ်ပေးတဲ့သူကို ခေါ်ပေတာပဲ။ ဘုန်းတော်ကြီးကျောင်းကို မရောက်တာ ရှင်လိင်ပြန်ပြီး ကျောင်းထွက်ခဲ့ပြီးကတည်းကပါလား။ ကိုယ့်ကိစ္စနဲ့ကိုယ် ဆိုတော့ ကျောင်းကိုမရောက်ခဲ့တာ သဘာဝကျပါတယ်လေ...။

ကပ္ပိယကြီးနဲ့ မတွေ့တာလည်း ကြာလှပြီပဲ။ ဒီလူကြီး ရှိသေး သားပဲ။ တကယ့် လူပေလူတေ၊ ဆိုးပေ သရမ်းပေ့၊ မိဘပစ္စည်းဖြုန်း၊ သောက်စားဆိုးရွား၊ လူသတ်၊ ဓားပြတိုက်၊ မကောင်းမှုအစုံလုပ်တဲ့သူ။ ဆွေခန်းမျိုးခန်း အကုန်ပြတ်။ အကျွတ်တရားရတော့မှ သံသရာကြွေး ဆပ်တယ်ဆိုပြီး ဆရာတော်ဘုရားဆီ ရောက်နေတဲ့သူ။ ကျုပ်ကာလသား ဘဝက သူတစ်ခါခေါ်ပြီး ဆုံးမဖူးတယ်၊ အဲဒီတုန်းက ကပ္ပိယကြီးက “မင်း ရည်းစားသနံထားတာ အပြစ်မဆိုပါဘူးကွာတဲ့၊ ဒါပေမယ့် ရွာထဲ ရှိသမျှ အပျိုအားလုံး ရေခပ်ဆင်းစောင့်ပြီး တစ်ယောက်ပြီးတစ်ယောက် ပြောတာကတော့ မကောင်းဘူးကွ၊ မိဘမောင်ဖားရှေ့ပါ မရှောင်တာက တစ်ကြောင်း၊ တစ်ယောက်ဆိုတစ်ယောက် မသတ်မှတ်ဘဲ တွေ့သမျှ၊ ကြုံသမျှ ရည်းစားစကားပြောတာက တစ်ကြောင်းပါတဲ့” ကျုပ်က ရယ်ပစ်တာပေါ့။ “ကျုပ်ကြိုက်တဲ့တစ်ယောက်ကိုပဲ ပြောနေတာနဲ့ သူက ပြန်ကြိုက်မလား ကပ္ပိယကြီးရ၊ တစ်ယောက်မစွံ တစ်ယောက်စွံအောင် ဒီလိုလုပ်ရတာပေါ့၊ မိဘမောင်ဖားတွေက ကျုပ်ကို မမြင်ယောင်ဆောင် ထားပေါ့ ဗျာ၊ ရှင်းနေတာပဲ၊ ဘာလို့မွေးထားကြသေးလဲ” လို့ ကျုပ်က ပြောတဲ့နောက် ဘာမှမပြောတော့ဘူး။ ဘာမှမပြောတာ ခုထိ..။

ခုဘာကိစ္စပါလိမ့် ဆိုပြီးသွားတော့ ကပ္ပိယကြီးက..

”ငှက်ရိုး၊ မင်းလဲ အသက်လေးဆယ်ကျော်ပြီ၊ နည်းနည်းပါးပါး လူလိုသိဖို့ ကောင်းပြီ” တဲ့...။

“မသိရအောင် ကျုပ်က ဘာလုပ်နေလို့လဲဗျ” မေးတော့...

“မင်း ဒီနယ်မှာ ချဉ်ဖတ်ဖြစ်နေပြီ ငှက်ရိုး၊ အားလုံး အော့ကြော လန်နေပြီ” တဲ့..။

“နေပါဦး ကပ္ပိယကြီးရ၊ ကျုပ်ကို ဘယ်သူက ဘာပြောလို့လဲ။ ဘယ်သူမှ လာလဲမပြော၊ ခေါ်လဲမပြော၊ ခင်ဗျား ပြောသလောက်သာဆို ဆရာတော်ဘုရားကြီးကရော၊ သူကြီးကရော ကျုပ်ကို ကြိမ်နဲ့ခေါ်ဆော် ကြိမ်းမောင်းတာ ခဏခဏနေမှာပေါ့”

“ဟ... ဟေ့ကောင်ရ” တဲ့။ မျက်စောင်းခဲပြီး မရှိတဲ့အံနဲ့ အံကြိတ်တယ်။ ပြီးမှ...

“လူတွေက ကိုယ့်အလုပ်နဲ့ကိုယ်၊ မင်းကိုဆုံးမဖို့ ထိုင်လူဖြစ်နေကြတာမဟုတ်ဘူးကွ၊ မင်းဥစ္စာ နေရာမကျလို့ ပြောလဲ မင်းအမှန်၊ တစ်ခါပဲ ပြောမှာပေါ့ဟ၊ မင်းစိတ်ကူး၊ မင်းဆင်ခြေနဲ့မင်း ဟုတ်လှပြီ
ထင်ပြီး စွတ်ရွတ်ပြော၊ ကိုယ်ပြောလို့ တစ်ယောက်က ဘာမှပြန်မပြော တိုင်း ကိုယ်ပြောတာ မှန်လှချည်၊ ဟုတ်လှချည် မင်းထင်နေတာ ငှက်ရိုး”

“ကျုပ် ဘိုးဘွားမိဘ၊ ဦးလေးသားချင်း ဘယ်သူကမှ ကပ္ပိယ ကြီးပြောတာမျိုး မစွပ်စွဲကြပါဘူးဗျာ”

“တစ်ခါပဲ ပြောမပေါ့ ငှက်ရိုး၊ ပြောမရလို့ မပြောတာပါ။ မိမဆုံးမ ဖမဆုံးမ၊ ဆရာသမား ဆွေမျိုးမိတ်သင်္ဂဟ ဆုံးမမရလို့ မဆုံးမကြတာ၊ ရပ်မဆုံးမ၊ ရွာမဆုံးမ ဘဝကို မင်းအဟုတ်ထင်ပါ့၊ သေမှ အတင်းပြော ထပ်ခံရဦးမယ်”

ကျုပ် သေသေချာချာ နားထောင် ပါတယ် ။ တွန့်ခနဲတော့ဖြစ်သွား တယ်၊ ဒါပေမယ့်..

”အိုဗျာ... ကပ္ပိယကြီးနှယ်၊ နားတောင်းဖြုတ်ထားလို့ မသာက ရှက်တယ်ဆိုတာမျိုးပါလားဗျ၊ သေတဲ့နောက် ကိုယ်ကြားရတာမှတ်လို့”

ကပ္ပိယကြီးက ထွီခနဲ တံတွေးထွေးသံပြုသဗျ။ ကျုပ်ကို တွဲနေတဲ့ မျက်ခွံပင့်ပြီး စူးစူးကြည့်တယ်၊ ပင်နီအင်္ကျီစုတ်ကို တံတောင် ဆစ်ထိ ပင့်တင်ပြီး...

“ဘာကွ၊ မင်း ရှင်နေတုန်းမို့ ငါပြောတာ ပြန်ချေပနိုင်တာ၊ ဟုတ်နေရင်လဲ မင်း လေချိုသွေးလို့ရတယ်၊ မဟုတ်ရင်လဲ ဆင်သေကို ဆိတ်ရေနဲ့ဖုံးပြီး ဆင်ခြေစောဒက မင်းတက်လို့ရတယ်၊ သေလို့မကြား ရရင် မင်း ဘာပြန်ပြောနိုင်တော့မှာလဲ၊ ဘယ်လောက် အခံရခက်မလဲ။ စဉ်းစားကြည့်၊ ဒါကြောင့် ငါခုလို နေ နေတာ၊ သေပြီးမှ ဗြောင်ပြော ခံရမယ်၊ ဘာမှတ်လဲ၊ မင်းကိုယ်မင်း ပြင်တော့ အချိန်မီသေးတယ်”

ကျုပ်ရဲ့ ဦးခေါင်းထဲမှာ ထူထူပူပူကြီးဖြစ်နေပါလေရော။ ဘာပြင်ရမယ်ဆိုတာ ကျုပ်ဖြင့် စဉ်းစားလို့ ကို မရသေးပေါင်ဗျာ...။

ရင်ခုန်ပွင့်မဂ္ဂဇင်း၊ ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီ။

ဆရာငြိမ်းကျော်၊ ကိုငှက်ရိုးနှင့် သနပ်ခါးလူးခြင်း ပီဒီအက်ဖ်၊
စာမျက်နှာ ၁၃ - ၂၅။

စာရိုက် - စလေ ငနော့

No comments