မရှိခိုးနိုး
မ ရှိ ခိုး နိုး
မင်းရှင်
ကျွန်တော်တို့
မိသားတစ်စု စခန်းချရာ အနီးသို့ အဘွားအိုကြီးတစ်ဦး ရစ်သီ ရစ်သီ
လုပ်နေခဲ့သည်မှာ ကျွန်တော်တို့ နံနက်စာ ထမင်းစားစကတည်းက ဖြစ်လေသည်။
”အဘွားကြီးခမျာ
စားချင် သောက်ချင်လို့ များလားကွယ်” ဟု မေမေကြီး (ကျွန်တော်ဘွားအေ) က
ကရုဏာသံဖြင့် ပြောလိုက်သဖြင့် ညီညီကို သွားအမေး ခိုင်းရာ အဘွားကြီးသည်
ခေါင်းခါ ငြင်းပယ်လိုက်ရာက ပြုံးရုံသာ ပြုံးပြခဲ့ပါသည်။
သို့သော်
အဘွားအိုသည် ကျွန်တော်တို့ လူသိုက်ကိုသာ ကြောင်တောင် တောင်
မျက်လုံးများဖြင့် မျှော်ကြည့်ရင်း ကျွန်တော်တို့ အနီးအနားတစ်ဝိုက် မှာပင်
ရစ်ဝဲ ရစ်ဝဲနှင့် လျှောက်နေခဲ့၏။
ထိုအခါက
ကျွန်တော်သည် ဂျပန်တော်လှန်ရေးမှ ပြန်လည် ရောက်လာခါစ အသက် (၁၈) နှစ်မျှသာ
ရှိခဲ့သော်လည်း စာရေးသူ တစ်ယောက် ဖြစ်ချင်လှသော စိတ်စွဲဖြင့်၊
လက်ရေးစာစောင်ကလေးများတွင် စာအတိုအထွာ လေးများ စတင် ရေးခါစ ဖြစ်သည်နှင့်အညီ
အဆိုပါ အဘွားကြီးနှင့် စပ်လျဉ်း ၍ စိတ်ကူးအမျိုးမျိုး ယဉ်ကြည့်မိခဲ့သေး၏။
အဘွားကြီးမှာ
အသက်အားဖြင့် (၆၀) ရွယ်ခန့်မျှဟု ခန့်မှန်းနိုင် သော်လည်း
ဆင်းရဲနွမ်းပါးလှသည့် အခြေအကြောင့် အသက်မှန်ထက် ပိုပြီး အိုမင်းရင့်ရော်ပုံ
ရလေသည်။ နဖူးရေများ၊ ပါးရေ နားရေများ လိမ်တွန့်နေရုံသာမက ပါးစပ်ထောင့်
တစ်ဖက်တစ်ချက်ရှိ နှုတ်ခမ်းသားများသည်လည်း
တွန့်၍ တွဲ၍ ကျကာ
အရိုးပေါ်တွင် အရေခွံ လျော့ရဲရဲကိုသာ မြင်နိုင်၏။ မျက်နှာသာလျှင် မဟုတ်၊
သူ့တစ်ကိုယ်လုံးမှာလည်း ထိုနည်းနှင်နှင် အရိုးပေါ် အရေတင်ရုံမျှသာ ဖြစ်၏။
သူ့ကိုယ်ပေါ် လွှမ်းခြုံ ဆင်ယင်ထားသည့် ရင်ဖုံးအင်္ကျီနှင့် ထဘီတည်း ဟူသော
အဝတ်နှစ်ထည်မှာလည်း ဖွာရရာ စုတ်ပြတ်
ကြေး (ဂျီး) အထပ်ထပ် လူးကျံကာ ရေနှင့်မတွေ့ ရသည်မှာ ကြာလှပြီ ဖြစ်ကြောင်း ထင်ရှားလှတော့သည်။
ထို
ဆင်းရဲတွင်းနက်လှသည့် အဘွားအိုနှင့် ကျွန်တော့် မေမေကြီးတို့ အား
နှိုင်းယှဉ်ကြည့်မိသောအခါတွင် အသက်အရွယ်ချင်း အတူတူ၊ နေထိုင် စားသောက်ပုံ
အဆင့်အတန်း ကွာခြားချက်ကြောင့် မေမေကြီးက သူ့ထက် ဆယ်နှစ်ခန့်
ငယ်ရွယ်နုပျိုပုံ ရနေသည်ကိုလည်း သတိပြုလိုက်မိပါသည်။ အဘွားအိုသည်ကား
မေမေကြီးထက် အဆများစွာ ခါးကိုင်းလျက် ရှိချေပြီ။
ထိုမျှနွမ်းပါးလှသည့်
အဘွားအိုသည် စားဖို့ သောက်ဖို့ ဖိတ်ခေါ်ပါ လျက် အကြိမ်ကြိမ် ခေါင်းခါ၍
ငြင်းပယ်လိုက်သောကြောင့်လည်း ကျွန်တော့် စိတ်ကူးတွင် ဒီအဘွားကြီးဟာ
စားချင်သောက်ချင်လို့ တို့အနား လာမျှော်နေ တာလည်း မဟုတ်။ သူ့ခမျာ
စစ်ကြီးအတွင်းက သားတွေ သမီးတွေ ဆုံးရှုံး ခဲ့ပြီး တစ်ကောင်ကြွက် တစ်မျက်နှာ
ဖြစ်နေရှာတာလား။ တို့ မိသားတစ်စု သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ပါးပါး
စားသောက်နေကြတာ တွေ့ပြီး သူ့သားတွေ၊ သမီးတွေ၊ ဆွေမျိုးသားချင်းတွေကို
လွမ်းဆွတ် အောက်မေ့နေရှာတယ် ထင်ပါရဲ့။ သူ့မှာ စစ်အပြီး ငါ့လို
အိမ်ပြန်ရောက်မလာတဲ့ သားများ ရှိနေရော့ သလား စသည်ဖြင့် စိတ်ကူးတွေ
ယဉ်နေမိတော့၏။
အဘွားကြီးကတော့
ကျွန်တော်တို့တစ်တွေကို လှမ်း၍ ပြုံးလိုက်၊ သူ့ဘာသာသူ တတွတ်တွတ် ရေရွတ်
ပြောဆိုလိုက်နှင့်ပင် သစ်ပင်ရိပ်အောက်၌ သွားထိုင်တော့သည်။ အဘွားကြီးကို
ကြည့်ရသည်မှာ အဖော်အပေါင်း တစ်စုံတစ်ရာနှင့် လာဟန်မတူ။ တစ်ယောက်ထီးတည်း
ဝေ့လည်လည်
ယောင်ချာချာနှင့် ဟိုလျှောက် သည်လျှောက် လူပျောက်ရှာသူ
တစ်ယောက်နှင့်ပင် တူနေတော့၏။ သူ့အပြုအမူများကို မြင်ရခြင်းအားဖြင့်
ဖုန်းတောင်းယာစကာထဲက မဟုတ်ကြောင်းလည်း ထင်ရှားနေသည်။ အဘွားကြီးသည် သစ်ပင်
ရိပ် အောက်ဝယ် အပန်းဖြေနေဟန် တူ၏။
ကျွန်တော်တို့
မိသားစုမှာ ထိုနေ့က အင်းလျားကန် “ရပ်ရှောကျွန်း” (ယခု ကြက်ကျွန်းဟု
ခေါ်နေသည့် နေရာ) သို့ ပျော်ပွဲစား ထွက်ခဲ့ကြခြင်း ဖြစ်လေသည်။
ကျွန်တော်တို့ မေမေနှင့် ဒေါ်ဒေါ်ကြီး (မေမေ့ အမေ) တို့သည်
နံနက်စောစောကတည်းကပင် ထမင်းဟင်းလျာများ ချက်ပြုတ် စီစဉ်ခဲ့ကြ၏။ ထို့နောက်
မေမေကြီးနှင့်တကွ မေမေ၊ ဒေါ်ဒေါ်ကြီးနှင့် ကျွန်တော်တို့ မောင်နှမ
လေးယောက်တို့သည် ထမင်းဟင်းလျာ စားဖွယ် သောက်ဖွယ်များကို ယူဆောင်
ကာ အင်းလျားကန်သို့ တပျော်တပါး ထွက်ခဲ့ကြလေသည်။ ဖေဖေကတော့ လိုက်မလာခဲ့ချေ။
ဂျပန်တော်လှန်ရေးအတွင်း
ရန်ကုန်မြို့မှ ဂျပန်များ ဆုတ်မပြေးမီ လေး၌ ကျွန်တော့်အိမ်သား
အားလုံးတို့သည် ဂျပန်စစ်တပ်တစ်ခု ရုံးစိုက်ရာ မိမိတို့ ရပ်ကွက်မှ ဗုံးဒဏ်
အန္တရာယ်ကို ရှောင်ရှားသည့်အနေနှင့် အင်းလျား “ရပ်ရှောကျွန်း” တွင်
တဲကလေးတစ်လုံး ထိုး၍ နေခဲ့ကြသည်ဆို၏။ စစ်အပြီး တွင် ထို တဲကလေးကို
လူတစ်ယောက်ထံ ရောင်းချခဲ့ပြီးနောက် ကမာရွတ် နေရင်း အိမ်သို့
ပြန်ပြောင်းခဲ့ကြလေသည်။
“ကိုကို မရှိတုန်း အတူး
အင်းလျား ပြောင်းနေခဲ့တုန်းကများဆို ဘယ်လိုပျော်မှန်း မသိဘူး ကိုကိုရာ၊
ရေကူးလို့လည်း ကောင်း၊ ကစားလို့လည်း သိပ်ကောင်းတာပဲ။ အတူးရော ညီညီရော
ရေလည်း ကောင်းကောင်းကူးတတ် ပြီ။ ဒိုင်ဘင်လည်း ကောင်းကောင်းထိုးတတ်ပြီ။
အင်္ဂလိပ် လေယာဉ်ပျံတွေ ရန်ကုန်ထဲ ဗုံးလာလာကြဲရင် အတူးတို့တော့
ရေလယ်ကျွန်းကို ရေကူးသွား
ကြပြီး ဘိုင်စကုတ် ကြည့်သလို ဇိမ်နဲ့
ကြည့်ကြတာပဲ” စသည်ဖြင့် အင်းလျား တွင် နေထိုင်ခဲ့စဉ်
ပျော်ရွှင်မြူးထူးခဲ့ကြပုံများကို အတူးက အားရပါးရ စားမြုံ ပြန်တတ်ပါသည်။
“ကိုကို မင်း အခုထက်ထိ ရေမကူးတတ်သေးဘူး မဟုတ်လား။ ငါတို့ တော့ မွှတ်နေပြီ” ဟုလည်း ကျွန်တော့် ညီအလတ် ညီညီက ခပ်ကြွားကြွား ပြောတတ်၏။
“စမ်းစမ်းတို့တော့ ဖေဖေတို့ ညီညီတို့ မျှားတဲ့ ငါးတွေ၊ ပုစွန်တွေ ခဏခဏ စားရတာပဲ” ဟုလည်း ညီမလေး စမ်းစမ်းက ဖောက်သည်ချတတ် လေ၏။
ကျွန်တော်လည်း စစ်အတွင်းက လက်လွတ်ခဲ့ရသော အနှီနေရာသို့ ပျော်ပွဲစား သွားကြရန် တိုက်တွန်း ပူဆာမိပါတော့သည်။
အင်းလျားကန်သို့
ရောက်ခဲ့ကြ၍ အိမ်သားများ နေခဲ့သည် ဆိုသော တဲကလေးကို မြင်မိသည့်အခါ၌ကား
ငါကော ဒီတဲကလေးမှာ ငါ့မိဘတွေ၊ ညီ ညီမတွေနဲ့ အတူတူနေခဲ့ရရင် ဘယ်လောက်
ပျော်လိုက်မလဲဟု လွန်လေ ပြီးသော အချိန်များကိုပင် နှမြော
တမ်းတလိုက်မိတော့၏။ အမှန်ပင် ထိုနေရာ ကလေးမှာ ပကတိ သာယာစိမ်းစို၊ တကယ်ပင်
နှစ်လိုဖွယ်ရာ ကောင်းတော့ သည်။ အင်းလျားရေပြင်ဝယ် လှိုင်းကြက်ခွပ်ကလေးများ
ထနေသည်မှာ စိန်ပွင့် ကလေးများ ကြဲဖြန့်ထားသည်နှင့် တူပြီး၊ ရေစပ်များတွင်
ညွှတ်ကျ အုပ်ဆိုင်း လျက် ရှိသော သစ်ပင်များမှာလည်း တင့်တယ်ရှုမောဖွယ်
ကောင်းလှသည်။
ညီညီ၊ အတူး၊ စမ်းစမ်းတို့သည်
သူတို့တစ်တွေ ဆော့ကစားခဲ့ကြ သည့် နေရာများ၊ ငါး ပုစွန် မျှားခဲ့ကြသည့်
ရေစပ်ကလေးများ၊ ရေကူးခဲ့သော နေရာများကို ကျွန်တော့်အား ကျွန်းအနှံ့အပြား
လိုက်ပြကြလေ၏။
”ဂျပန်တွေ ပြေးတော့ ဟို
တိုက်ကြီးထဲပေါ့။ ညီညီတို့ လှေနဲ့ သွားပြီး ကုလားထိုင်ကြီး နှစ်လုံး
သယ်လာခဲ့တာ။ ညီညီတို့သာ နောက်ထပ် သယ်နိုင် ရင် စန္ဒရားကြီးတွေတောင်
ယူလာနိုင်သေးတယ်။ ဖေဖေက မယူရဘူးဆိုလို့ ပေါ့” ဟု တစ်ဖက်ကမ်းမှ
တိုက်ဖြူဖြူကြီး တစ်လုံးကို လက်ညှိုးထိုးပြရင်း ညီညီက
စားမြုံ့ပြန်လိုက်သေးသည်။
ညီညီနှင့် အတူးတို့သည် အတော်ပင် ဝေးသည့် ရေလယ်ကျွန်းကလေး တစ်ကျွန်းသို့လည်း လက်ပစ်ကူးပြလိုက်ကြသေး၏။
ကျွန်တော့်မှာ ညီ ညီမများက ပြသမျှတို့ကို တအံ့တဩပင် ကြည့် နေမိတော့သည်။
နံနက်စာ
စားသောက်ချိန်၌လည်း အဘယ်မျှ စားမြိန်သည်ကို မဖော်ပြ နိုင်စွမ်းတော့ပေ။
ထမင်းစားရင်း သောက်ရင်း၌လည်း အတူး ရေကူးတတ် ခါစ ရေလယ်ကျွန်းအထိ တိတ်တဆိတ်
ကူးသွားသည်ကို သိတုန်းက ဖေဖေ တို့၊ မေမေတို့ ရင်တမမနှင့် ပူပင်သောက
ရောက်ခဲ့ကြရပုံ၊ အတူးကို ပြန်ကူး မလာရန် လှမ်းအော်ပြီးနောက် ဖေဖေကိုယ်တိုင်
လှေတစ်စီးဖြင့် သွားခေါ်မည် အလုပ် အတူးက ရေထဲ ခုန်ဆင်း ပြန်ကူးလာသဖြင့်
အသည်းတထိတ်ထိတ်နှင့် ရင်ဘတ်စည်တီး ဖြစ်ခဲ့ကြရပုံ၊ ဖေဖေက ရေလယ်တွင်
လှေပေါ်ဆွဲတင် ခဲ့ပြီးလျှင် သစ်ပင်တွင် ကြိုးတုပ်၍ ဒေါသတကြီး ရိုက်နှက်
ဆုံးမခဲ့ပုံများကို မေမေကြီးက ပြောပြနေပါသည်။ သူတို့ ပြောသမျှ
အဖြစ်အပျက်ကလေးများ ကား စိတ်ဝင်စားဖွယ် တစ်မျိုးကောင်းတော့သည်။
ကျွန်တော်
စစ်ထဲမှ ပြန်ရောက်လာခါစက ကျွန်တော်၏ အတွေ့အကြုံ များကို ဖောက်သည်ချခဲ့စဉ်
သူတို့တစ်တွေက စိတ်ပါဝင်စားခဲ့ကြသလိုပင်။ ယခုတစ်ဖန် သူတို့ ပြောသမျှကို
ကျွန်တော်က တစ်လှည့် ငေးမော နားထောင် ရပြန်ပြီ။
ကျွန်တော့်ကို
ဂျပန် ကင်ပေတိုင်များ ဖမ်းဆီးသွားပြီဟု သိကြရသော နေ့က မေမေတို့
တစ်အိမ်သားလုံး အော်ဟစ် ငိုယိုခဲ့ကြစဉ် ကျွန်တော့်အစ်ကို မိန်းမ
မမအုံးနှင့် မေမေတို့၏ မိတ်ဆွေ ဒေါ်ဒေါ် အိုင်မေတို့ကပါ ဝမ်းနည်း ပမ်းနည်း
ဝင်ငိုခဲ့သည်ကိုလည်း မေမေက မျက်ရည်ကလေး တဝဲဝဲနှင့် ပြောပြ ရှာလေ၏။ ထို
အခိုက်အတန့်ဝယ် သုံးနှစ်နီးပါးမျှ မိဘသားချင်းများဖြင့်
ခွဲခွာနေခဲ့ရပြီးနောက် ယခုလို သိုက်သိုက်ဝန်းဝန်း ပြန်လည် တွေ့ဆုံကြရသည့်
ထူးကဲလှသော အရသာကို ကျွန်တော် နားလည် ခံစားမိတော့သည်။
ပိယေဟိ
ဝိပ္ပယောဂေါ ဒုကေ္ခာ-ချစ်နှစ်သက်သူများနှင့် ကွေကွင်းရခြင်း သည် ဒုက္ခ
ဖြစ်သည်နှင့်အမျှ၊ ထိုသူများနှင့် ဥမကွဲ သိုက်မကွာ ပေါင်းပေါင်း စည်းစည်း
နေကြရခြင်းသည်လည်း အရသာ တကယ်ရှိပါကလားဟု တွေးမိ ပါ၏။
သို့မို့ကြောင့်လည်း
ကျွန်တော်တို့ စခန်းချရာ အနီးတွင် ရစ်သီ ရစ်သီ လုပ်နေသည့် အဘွားကြီးအား
မြင်လိုက်ရသော တစ်ခဏ၌ မိမိ ခံစားချက် နှင့် ကိုယ်ချင်းစာနေမိတော့ကာ
ကရုဏာအမျိုးမျိုး ပွားမိခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့တစ်တွေ
သိုက်သိုက်ဝန်းဝန်း ပျော်ရွှင်စားသောက်နေကြသည်ကို အနားမှ တရစ်ဝဲဝဲနှင့်
အာရုံစိုက်နေသဖြင့်လည်း ဤအဘွားကြီးသည် ကျွန်တော် တို့ကဲ့သို့ ဆွေစုံ
မျိုးစုံ မရှိရှာတော့သည့် တစ်ကောင်ကြွက် ဒုက္ခသည်ကြီး ဖြစ်ကောင်း
ဖြစ်လိမ့်မည်ဟု တွေးကြည့်မိခဲ့ခြင်း ဖြစ်ပါသည်။
အဘွားကြီး သစ်ပင်ရိပ်အောက် သွားထိုင်တော့မှပင် ကျွန်တော့် စိတ်ကူး များသည်လည်း တည်ငြိမ်စ ပြုတော့၏။
ထိုအခိုက် အတူးနှင့် စမ်းစမ်းတို့က “ကိုကိုရေ ရေဆင်းကူးကြရအောင် လေ” ဟု အဖော်ညှိလိုက်ကြသောကြောင့်
-
“အေး..
အေး.. ငါတော့ မင်းတို့လို ကောင်းကောင်း မကူးတတ်သေး ဘူးကွနော်။ ရေတိမ်ထဲပဲ
စိမ်ရမှာပဲ” ဟု ပြောရင်း သူတို့သွားရာ ကမ်းစပ်ဆီ သို့ ပြေးလိုက်သွားမိ၏။
ကျွန်တော်သည်
ရှပ်အင်္ကျီကို ချွတ်၍ သစ်ငုတ်တို တစ်ခုပေါ်တွင် သပ်သပ်ရပ်ရပ်
တင်မိစဉ်မှာပင် အနီးရှိ သစ်ပင်အောက်မှ ကျွန်တော်တို့ မောင်နှမ အား စူးစိုက်
မျှော်နေသော အဘွားကြီးထံ လှမ်းကြည့်လိုက်မိသေး၏။ အဘွားကြီးက
ပြုံးပြုံးကြီး ပြန်ကြည့်လိုက်ပါသည်။
ထို့နောက်
ကျွန်တော်တို့သည် ရေထဲဆင်းကာ အပျော်ကြီး ပျော်မိ ကြတော့သည်။ တစ်ယောက်နှင့်
တစ်ယောက် ရေပက်ကြ၊ တစ်ယောက်ကို တစ်ယောက် ရေအောက်မှ ငုပ်၍ ဆွဲကြနှင့်
မောရပန်းရမှန်းပင် သတိမရ တော့ချေ။ အတော်ကြာအောင် ဆော့လို့ ဝကြတော့မှ
ကျွန်တော်တို့တစ်တွေ ရေထဲက တက်ခဲ့ကြ၏။
သစ်ငုတ်တိုပေါ်မှ
ရှပ်အင်္ကျီကို ကောက်ယူလိုက်မိခိုက် ကျွန်တော့် ရင်ထဲ ဒိန်းခနဲ
ခုန်သွားပါသည်။ ရှပ်အင်္ကျီအိတ်ထဲတွင် ပတ်ကား ဖောင်တိန် ကလေးမှာ
မရှိတော့ပေ။ ကျွန်တော့်မှာ ရင်ခုန်မိရုံသာမက စိတ်လည်း မောသွားမိပါသည်။
မည်သည့်နည်းနှင့်မှ
ကျပျောက်ခြင်း မဟုတ်ကြောင်း အတပ်သိပါ သည်။ ရေထဲ မဆင်းမီ ရှပ်အင်္ကျီကို
သစ်ငုတ်တိုပေါ် တင်ခဲ့စဉ်ကပင် အိတ်ထဲ၌ ဖောင်တိန်ကလေး ရှိခဲ့သေးကြောင်း
ကျွန်တော် သေသေချာချာ မြင်ခဲ့ရ၍ ဖြစ်၏။ ရှပ်အင်္ကျီကိုလည်း ရိုးရိုး
အမှုမဲ့ အမှတ်မဲ့ ပစ်တင်ထားခဲ့ခြင်း မဟုတ်။ သပ်သပ်ရပ်ရပ် ဂရုတစိုက်
ခေါက်တင်ထားခဲ့ခြင်း ဖြစ်၍လည်း အင်္ကျီအိတ်တွင် ဖောင်တိန်လေး သေချာတပ်အပ်
ရှိခဲ့ကြောင်းကို ကျွန်တော် သိနေပါတော့သည်။
ကျွန်တော်တို့
ရေထဲတွင် တပျော်တပါး ဆော့ကစားနေစဉ်ကတော့ အင်္ကျီကို တစ်ကြိမ်တလေမျှပင်
ပြန်မကြည့်မိခဲ့။ လုံးဝပင် သတိမရခဲ့ချေ။ ထိုအတောအတွင်း၌
တစ်စုံတစ်ယောက်သောသူက ဖောင်တိန်ကို ချွတ်ယူ သွားနိုင်စရာ အကြောင်းကတော့
ရှိသည်။ ရေဆင်းချိုးသည့် နေရာမှာ တဲ နောက်ဖေးဘက် ဖြစ်၍လည်း တဲပေါ်က
မေမေတို့တစ်တွေ သိလိုက်၊ မြင် လိုက်၊ ဂရုစိုက်လိုက်နိုင်မည် မဟုတ်ပေ။
အဘွားကြီးလည်း
သစ်ပင်ရိပ်အောက်တွင် မရှိတော့ဘဲ တဲရှေ့နား တွင် ရစ်ဝဲ ရစ်ဝဲနှင့်
လျှောက်နေပြန်လေပြီ။ ခပ်လှမ်းလှမ်းတွင်မူ စားပြီး သောက်ပြီး စွန့်ပစ်ထားသော
အကြွင်းအကျန်များကို နှုတ်သီးဖြင့် အငမ်းမရ ယက်ကာ ယက်ကာ စားသောက်နေ သည့်
ခွေးနံပိန်ကလေး တစ်ကောင်ကို မြင်ရ၏။
“အို...
ဒီအဘွားကြီးတော့ မယူတန်ကောင်းပါဘူးလေ” ဟု ကျွန်တော့် စိတ်များက
အဘွားကြီးကိုပင် အရင်ဆုံး သတိရမိတော့သည်။ အဘွားကြီး အနေနှင့်
ယူတန်စရာအကြောင်း မရှိဟု ကိုယ့်စိတ်ကိုယ် ငြင်းနေရသော်လည်း ဤအဘွားကြီးကို
သတိရမိခြင်းသည်ပင်လျှင် အဘွားကြီးအပြင် အခြားသူ တစ်ဦးဦးအား
တွေးမရနိုင်သောကြောင့်ဟု ဆိုရပါမည်။ သို့ကလို အဘွားကြီး အား စိတ်ထဲက
အမှတ်မထင် စွပ်စွဲလိုက်မိသည်ကိုလည်း မိမိကိုယ်မိမိ စိတ်ဆိုး
ဒေါသထွက်မိတော့၏။ ဒီလို အသက်အရွယ်ကြီးကို ငါ မထင်စကောင်းဘူး ဟု
ကိုယ့်စိတ်ကိုယ် ပြန်လည် ဆုံးမနေမိပြန်၏။ ထိုကြားထဲက ဒီအဘွားကြီး အပြင်
ဘယ်သူကကော ယူပါ့မလဲဟုလည်း ထပ်မံ စွပ်စွဲနေချင်ပြန်တော့ သည်။ နောက်ဆုံးမတော့
ထိန်းချုပ်ရခက်လှသည့် မိမိစိတ်ကို မနှိမ်နင်းနိုင် တော့သည့် အဆုံး၊ အို..
သူယူတာပဲ ဖြစ်ချင် ဖြစ်ပေစေတော့၊ ဖောင်တိန် ပျောက်တဲ့ အကြောင်းကိုတော့
ဘယ်သူ့မှ အသိမပေးတော့ပါဘူးလေ ဟု စိတ်ဆုံးဖြတ်လိုက်မိတော့၏။
သို့သော်
ဤဖောင်တိန်ကလေးကိုတော့ အမှန်တကယ်ပင် နှမြောမိပါ သည်။ ကျွန်တော် ပထမဆုံး
ပြိုင်ပွဲဝင် ဆုရခဲ့သည့် “ချစ်ဝဲလည်” ဝတၳုအတွက် ချီးမြှင့်ခံရသော ငွေဖြင့်
ဝယ်ခဲ့သည့် ဖောင်တိန်ကလေးမို့ ဒီဖောင်တိန်နဲ့ ဝတၳု တွေ ဆက်ပြီး
ရေးလိုက်မယ်။ ဒီဖောင်တိန်ကလေးဟာ ငါ့ကို စာပေလောကထဲ ရောက်စေတဲ့
အထိမ်းအမှတ်ပဲ စသည်ဖြင့် သံယောဇဉ် ကြီးမားခဲ့သည်နှင့် အမျှ ယခုလို
ပျောက်ဆုံးသွားပြီကို သိလိုက်ရသောအခါ မေ့လွယ် ပျောက်လွယ် မနေနိုင်တော့ပါ။
နှမြောတသ ယူကျုံးမရ ဖြစ်မိတော့သည်။
ထို့ကြောင့်လည်း ဖောင်တိန် ပျောက်ကြောင်း ဘယ်သူ့မှ မပြောတော့ ဟု စိတ်ဆုံးဖြတ်ထားမိသည့်ကြားက
“မေမေ၊ ကျွန်တော့်ဖောင်တိန်ကလေးများ ယူမိကြသလား”ဟု မေမေ့ အား မေးဖြစ်အောင် မေးလိုက်မိတော့၏။
“နေပါဦး၊ မင်းဖောင်တိန်က ဘယ်ထားခဲ့လို့ ငါက ယူရမှာလဲ”
“အကျီအိတ်ထဲမှာပဲ၊
ကျွန်တော်တို့ ရေဆင်းကူးတုန်းက အင်္ကျီကို ချွတ်ထားပစ်ခဲ့ပြီး
ပြန်တက်လာတော့ ဖောင်တိန် မရှိတော့ဘူး မေမေရ၊ ဒါကြောင့် မေးတာ”
သည်တော့မှပင် မေမေနှင့်တကွ မေမေကြီးရော၊ ဒေါ်ဒေါ်ကြီးတို့ပါ ပြူးတူးပျာယာ ဖြစ်ကုန်ကြရာက ဒေါ်ဒေါ်ကြီးက
-
“ဘယ့်နှယ့်တော် ဒီနေရာမှာ တို့ချည်းပဲရှိတာ၊ ဘယ်သူက မင်းဟာ ယူပါ့မလဲ” ဟု ပြောကာမျှပင် ရှိသေးသည်။ မေမေကြီးက ဝင်၍
-
“ဟုတ်တယ်ဟဲ့၊
သူစိမ်းတစ်ရံဆံဆိုလို့ ဟိုအဘွားကြီးပဲ ဒီအနား လာတာ။ ရူးသလိုလို
နှမ်းသလိုလိုနဲ့။ သူ့ကို လိုက်မေး၊ သူ့ကို လိုက်မေး” ဟု စတင်
စွပ်စွဲလိုက်ပါတော့သည်။
ကျွန်တော်က စိတ်ကူးမိရုံမျှ ရှိသေးစဉ် မေမေကြီးတို့ကတော့ သည် အဘွားကြီးကိုပင် တပ်အပ် စွပ်စွဲကြလေပြီ။
“ကဲ
ကဲ... အားနာနေလို့တော့ မဖြစ်ဘူး၊ မေးရင်လည်း မြန်မြန်မေး ကြမှ၊ အဘွားကြီး
ကြည့်ရတာ မယောင်မလည်နဲ့၊ တို့ သိသွားပြီ ဆိုပြီး ထွက်သွားဦးမယ်” ဟု
မေမေကြီးက သတိပေးလိုက်ရာ၊ မေမေနှင့် ဒေါ်ဒေါ်ကြီး တို့ ရှေ့ဆင့် နောက်ဆင့်
အဘွားကြီးဆီသို့ ပြေးသွားကြတော့သည်။ ကျွန်တော်
လည်း
ဘာဝင်ပြောရမှန်းပင် မသိတော့ဘဲ သူတို့တစ်တွေနောက်မှ ရော၍ လိုက်သွားမိ၏။
မေမေကြီးပင်လျှင် နောက်ဆုံးက တုန်ချည့် တုန်ချည့်နှင့် လိုက်လာတော့သည်။
“ဒီမယ် အမေကြီး၊ ဟိုနားက အင်္ကျီထဲက ကလောင်တံကလေးများ ယူမိသလား” ဟု မေမေက အားတုံ့အားနာ အသံဖြင့် မေးလိုက်၏။
အဘွားကြီးမှာ အကျိုးအကြောင်း ဘာမျှ နားမလည်ဟန်ဖြင့် ကြည့်တိ ကြောင်တောင် ယောင်ချာချာ မျက်နှာထားနှင့် ပြန်ကြည့်လိုက်သည်။
”အမယ်ကြီး၊
ကလောင်တံ... ကလောင်တံ၊ စာရေးတဲ့ ကလောင်တံ အမယ်ကြီး ယူထားလို့ရှိရင်
ပြန်ပေးပါ”ဟု ဒေါ်ဒေါ်ကြီးက လက်ဟန် ခြေဟန် နှင့် ပြရင်း အတွင်သား
ပြန်တောင်းနေပြန်၏။
အဘွားကြီးကား ပါးစပ်အဟောင်းသားနှင့် ကြောင်နေသေးသည်။
”အဘွားကြီး
ယူထားရင် ပြန်ပေး၊ ဘာမှ မလုပ်ဘူး။ ပြန်သာ ပေး” ဟု မေမေကြီးက
ခြိမ်းခြောက်သံပါပါဖြင့် တောင်းပန်လိုက်ပြန်သောအခါ၊ အဘွားကြီးမှာ
နားမလည်ဟန်ဆောင်၍ မရတော့ပုံဖြင့် ပဲကြီးရေစိမ်တမျှ ရှုံ့တွသည့်
လက်ဝါးနှစ်ဖက်ကို မျက်နှာရှေ့တွင် ယမ်းကာ ယမ်းကာနှင့်
-
”မယူဘူး မယူဘူး” ဟု တုန်ယင်သော အသံကြီးဖြင့် ငြင်းလေတော့၏။ မေမေကြီးနှင့် ဒေါ်ဒေါ်ကြီးတို့လည်း ခေါင်းချင်းရိုက် တိုင်ပင်ကြရတော့၏။
“အဘွားကြီးကတော့ ငြင်းမှာပဲ”
“ဒါဖြင့် ဘယ့်နှယ့်လုပ်ကြမလဲ၊ အတင်းနှိုက်ရှာလို့ မကောင်းဘူး”
ဒေါ်ဒေါ်ကြီးက
အကြံတောင်းလိုက်သည့် အချိန်တွင်မူကား နံဘေး နားက ဘာဝင်ပြောရမှန်း မသိ၊
အတော်ကြာအောင် ငြိမ်သက်နေခဲ့မိသော ကျွန်တော့်မှာ မနေသာတော့ဘဲ
-
“ဒီဖောင်တိန်
ကျွန်တော့် စာရေးခနဲ့ ဝယ်ခဲ့တာပါ မေမေ၊ ကျွန်တော် အဆုံးခံပါတော့မယ်။
ဒီအဘွားကြီးတော့ ဆက်ပြီး မေးမနေကြပါနဲ့တော့။ သူ ယူယူ မယူယူ
ဆက်မမေးကြပါနဲ့တော့ ဒေါ်ဒေါ်ကြီးတို့ရာ။ သွား... သွား၊ အဘွားကြီး သွားတော့
သွားတော့” ဟု မေမေတို့ကိုလည်း တောင်းပန်ရင်း၊ အဘွားကြီးကိုလည်း အတင်း
နှင်ထုတ်နေမိပါတော့သည်။
ထိုအခါတွင်မှ
အဘွားကြီးလည်း တစ်စုံတစ်ရာကို တွေးတော ကြောက်ရွံ့ လာဟန်ဖြင့် နောက်ဆုတ်
နောက်ဆုတ် ရွှေ့သွားရာက ခပ်လှမ်းလှမ်းတွင် ချာခနဲ လှည့်ကာ သုတ်သုတ်
သုတ်သုတ်နှင့် ထွက်သွားလေတော့၏။
”အေး မင်းကတော့
နေရာတကာ သနားရ အားနာရ။ ကြည့်ပါလား၊ သူ ယူတာ တို့ သိပြီဆိုတာလည်းသိရော
ဘယ်လောက် ကြောက်သွားသလဲ။ အင်းလေ မင်းပစ္စည်းပဲ။ မင်းက အဆုံးခံနိုင်မှတော့
ဘာတတ်နိုင်ပါ့မလဲ” ဟု မေမေက ကရုဏာဒေါသော ပြောလိုက်ရာ၊ ဒေါ်ဒေါ်ကြီးနှင့်
မေမေကြီးတို့ ကလည်း ဖောင်တိန်ယူသူကို လက်ပူးလက်ကြပ် မိထားပါလျက်နှင့်
ကျွန်တော့်ကြောင့် လွှတ်လိုက်ရပါသည်ဟု မကျေမနပ် ပြစ်တင်ပြောဆိုနေကြတော့၏။
“ဒီအရွယ်ကြီးကျခါမှ သူမို့လို့ လုပ်ရဲတယ်တော်၊ ငရဲမကြောက်ဘူး ထင်ပါရဲ့” ဟု မေမေကြီးက ပြောလိုက်ရာ မေမေက
-
“မဟုတ်ဘူးလေ အစ်မ၊ ဆင်းရဲလွန်းအားကြီးတော့လည်း ငရဲ ဘယ် ကြောက်ပါတော့မလဲ။ အရွယ်နဲ့ မဆိုင်ပါဘူး၊ ဆင်းရဲတော့လည်း မက်မောတတ်တာပဲ”
“ကြည့်ရတာ
သိပ်လည်း စိတ်နှံ့ပုံ မရဘူး။ ဘာရယ်လို့ မဟုတ်ဘူး၊ ပြောင်ပြောင် လက်လက်ကလေး
မြင်တာနဲ့ ကောက်ထားလိုက်တာ ထင်ပါ ရဲ့” ဟုလည်း ဒေါ်ဒေါ်ကြီးက
ထင်ကြေးပေးလိုက်ပြန်ပါသည်။
”ကဲ လာကြပါ
မေမေတို့ရာ၊ ပြီးတာ ပြီးပါစေတော့။ အဘွားကြီး ယူတာ မဟုတ်ရင်လည်း
ဆက်ပြောနေကြလို့ ငရဲကြီးရုံပဲ ရှိပါလိမ့်မယ်။ ယူသွားတယ် ဆိုဦးတော့
ကျွန်တော် မနှမြောတော့ပါဘူး” ဟု ကျွန်တော်က မေမေတို့အား ဇွတ်ဆွဲခေါ်ခဲ့၏။
ထိုအခိုက် တဲနားသို့ ညီညီ ရောက်လာသဖြင့် ဒေါ်ဒေါ်ကြီးက ဆီး၍
-
“မင်းကိုကို
ဖောင်တိန်အသစ်ကလေးတော့ ပါသွားပြီ။ ရေချိုးကြတုန်း သစ်ငုတ်တိုပေါ်
တင်ထားခဲ့သတဲ့။ မပါ ခံနိုင်ရိုးလား” ဟု ကျွန်တော့်ကိုလည်း အပြစ်တင်ရင်း
ညီညို့ကိုလည်း ပြောပြလိုက်လေ၏။ ညီညီကလည်း
-
“ကိုကိုက ဒီလိုပဲ အရမ်း အရမ်း ထားနေကျပဲ” ဟု အပြစ်တင်လေ သည်။
ညီညီမှာ
ကျွန်တော့် ထက်အောက် ဒုတိယ ညီငယ်ပင် ဖြစ်သော်လည်း အစစအရာရာတွင်
ကျွန်တော့်ထက် စည်းစနစ်ရှိသူ၊ လုပ်တတ်ကိုင်တတ်ရှိသူ၊ ဖျတ်လတ်
သွက်လက်သူအဖြစ် တစ်အိမ်သားလုံးက အသိအမှတ်ပြုထားသူ
ဖြစ်သောကြောင့်
နေရာတကာတွင် ကျွန်တော့်အပေါ်၌ ဆရာလုပ်လေ့လုပ်ထ ရှိခဲ့သည်။ ယခုလည်း သူသည်
ကျွန်တော့်အား ပြစ်တင်စကား ပြောပြန်လေပြီ။ ရုတ်တရက်တော့ ကျွန်တော့်မှာ ဒေါသ
ထောင်းခနဲ ထွက်သွားမိရာက -
"အရမ်းထားတာ
မဟုတ်ဘူးကွ၊ သစ်ငုတ်ပေါ် သေသေချာချာကြီး တင်ခဲ့တာ။ ယူတဲ့ လူက ယူတာတော့
ဘယ့်နှယ့်မှ မတတ်နိုင်ဘူး။ အို.. ပျောက်တာလည်း ပျောက်ပြီးပြီ၊ ဒီအကြောင်း
ထပ်မပြောကြပါနဲ့တော့ဗျာ” ဟု အားလုံးကို ခြုံ၍ အော်ဟစ် တောင်းပန်သည်အထိ
ဖြစ်မိ၏။
“ကြည့် မေမေ၊ ကိုကိုက ပျောက်တာ ပျောက်ပြီးပြီတဲ့၊ ဟေ့ မင်း တကယ်ပြောတာနော်၊ ပျောက်တာ ပျောက်ပြီးပြီနော်။ ဒီမယ် မေမေ၊ သူက
ပျောက်သွားပြီးပြီဆိုပြီး
မထူးတော့လို့ ဒီလိုပြောနေတာ။ သူ့ဖောင်တိန် သူ နှမြောတာပေါ့။
ပြန်လိုချင်တာပေါ့။ ကြည့်ပါလား၊ သူ့မျက်နှာကြီးကို ပျက်နေတာပဲ”
“ဟေ့.. တော်ဆို တော်ကွာ၊ ငါ စိတ်ဆိုးမိလိမ့်မယ်”
“အလကား မေမေရ၊ သူ့အပြစ်နဲ့သူ ပျောက်လို့ အလကား ဒေါပွနေတာ။ တကယ်လို့ ထားခြင်းထားရင် ဖောင်တိန်ရော အင်္ကျီရော တဲပေါ်တက်
ထားမှပေါ့။ ဒီလိုထားရင် အပျောက်တောင် နည်းသေးတယ်။ အင်္ကျီပါ ယူ မသွားတာ ကံကောင်း”
ညီညီသည် သူ့ခါးကြားထဲမှ ပတ်ကားဖောင်တိန်ကလေးကို ထုတ်ယူ လိုက်ပြီးနောက်
-
“ရော့ပါကွာ
မင်းဖောင်တိန်၊ နောက် သေသေချာချာမှတ်။ ဘယ်တော့မှ ပစ်စလက်ခတ် မထားနဲ့၊ ဒါ
သင်ခန်းစာပဲ။ ညီညီသာ သိမ်းမထားရင်လည်း တစ်ယောက်ယောက်...”
ဆက်၍ နားမထောင်မိတော့ပါ။ ညီညီ ဘာတွေ ဆက်ပြောနေသည် ကိုလည်း မကြားလိုတော့ပါ။ ညီညီ လှမ်းပေးသော ဖောင်တိန်ကိုပင် မယူမိ
တော့ဘဲ
ကျွန်တော်သည် ခုနကလေးက အဘွားကြီး ထွက်သွားရာဘက်သို့
အတင်းပြေးလိုက်မိပါတော့သည်။ မျက်စိများတွင်လည်း မေမေတို့တစ်တွေ၏
စွပ်စွဲချက်များအလယ်၌ မလှုပ်သာ မယှက်သာအောင် တစ်ဖက်သတ် ခံသွား ရရှာသည့်
အဘွားအို၏ သနားစဖွယ် မျက်နှာကြီးကိုသာ မြင်နေပါတော့သည်။ အဘွားကြီးကို
တွေ့လိုက်သည်နှင့် သူ့ခြေဖမိုးကို ဦးတိုက်ကာ ရှိခိုး တောင်းပန်မည် ဟူသော
စိတ်ဖြင့် ကျွန်းတစ်ခုလုံး အနှံ့အပြား ပြေးလွှားရင်း အဘွားကြီးအား
ဒေါင်းတောက်အောင် ရှာနေမိပါတော့၏။ အသက်ရှူ မောလာသည် အထိ ကျွန်းအနှံ့
ချောင်ကြိုချောင်ကြားပါမကျန် ရှာဖွေပါသော်လည်း အဘွား ကြီးကို
ရှာမတွေ့နိုင်သေးပါ။
ဤသို့ အပြေးအလွှား ရှာခိုက်
ငါ့ ဖောင်တိန်ကြောင့် စဖြစ်ရတာပဲ။ ငါ့ အပြစ်ပဲ၊ အဘွားကြီး
ခံလိုက်ရသမျှငါ့ကြောင့်ပဲ စသည်ဖြင့် မိမိကိုယ်မိမိ အပြစ်တင်ရင်း
ငိုချင်စိတ်များပင် ပေါက်မိတော့၏။ ရင်ထဲ၌လည်း အမည် မဖော်တတ်သော
ဝေဒနာတစ်ရပ်ကို တစ်ဆို့ဆို့ကြီး ခံစားနေမိပါ၏။ စောစော ပိုင်းက
ထိုအဘွားကြီးနှင့် စပ်လျဉ်း၍ တွေးတော စဉ်းစားမိပုံများကိုလည်း ပြန်လည်
သတိရလာမိသောအခါ ကျွန်တော် တွေးမိသလို အဘွားကြီးသည် တကယ်ပင်
ဆွေမျိုးသားချင်းများနှင့် ကွေကွင်းနေရှာသူ တစ်ကောင်ကြွက်
ဒုက္ခသည်ကြီးတစ်ဦး ဖြစ်နေမည် ဆိုပါလျှင်၊ သူက ဆွေမျိုးအပေါင်းအား
တွေ့ဆုံရသည့်ပမာ အားကိုးအားထားပြုရသလောက် သူ့အပေါ် မဟုတ်မတရား စွပ်စွဲ
ရက်စက်ကြသူများအား မည်မျှ အံ့သြဝမ်းနည်း ယူကျုံးမရ ဖြစ်ရှာလိမ့် မည်နည်း။
အကြောင်းမဲ့သက်သက် မိမိ စိတ်ဒုက္ခကို ဖန်တီးလိုက်သူများအား
မည်မျှလောက် စက်ဆုပ်ရွံရှာလိုက်မည်နည်း စသည်ဖြင့် စဉ်းစားမိရင်း
မျက်ရည်များပင် ကျမိရာက အဘွားကြီးကို မရမက တွေ့အောင် ရှာပြီး
သူ့ခြေဖမိုးများကို မျက်ရည်နှင့်ပွတ်၍ ကန်တော့လိုစိတ်၊ တောင်းပန်လိုစိတ်
များသာ တဖွားဖွား ပေါ်ပေါက်မိပါတော့သည်။
တဲငယ်တစ်ခု
အနီးတွင် ယောက်ျားကြီး တစ်ယောက်အား တွေ့လိုက်ရသဖြင့် ကျွန်တော်က ”ဆရာကြီး၊
အဘွားကြီး တစ်ယောက်များ ဒီဘက် လာတာ မြင်မိသလား” ဟု မေးလိုက်မိ၏။
“ဘယ်က အဘွားကြီးလဲ၊ ဆရာတို့နဲ့ လာတဲ့အထဲကလား” ဟု သူက ပြန်မေးလိုက်သည်။
”မဟုတ်ဘူး၊ အဝတ်အစား ဆင်းဆင်းရဲရဲနဲ့ သူတောင်းစားလို အဘွား ကြီးဗျာ၊ ခုနတုန်းက ကျွန်တော်တို့ တဲနား လာနေသေးတယ်”
“ဪ.. ဟို ရူးနေတဲ့ အဘွားကြီးကို မေးနေတာကိုး၊ ကျွန်တော်က ဆရာတို့အထဲက အဘွားကြီး တစ်ယောက်ယောက်ကိုများ မေးနေသလားလို့”
ယောက်ျားကြီး၏
စကားကို ကြားလိုက်မိသည်နှင့် တစ်ပြိုင်နက် ကျွန်တော့် ပါးစပ်မှ “ဟင်...
ရူးနေတယ်” ဟု ထွက်သွားမိသလိုပင် ကျွန်တော့် ဦးနှောက်များသည်လည်း
ချာချာလည်သွားပါတော့သည်။ ရုတ်တရက် မူးမိုက် သွားမတတ် ခံစားလိုက်မိပါ၏။
“ဟုတ်တယ်
ရူးနေတယ်၊ ခုနကတင်ပဲ လမ်းမကြီးဘက် ထွက်သွား ပြီ ဆရာ” ဟူသော ယောက်ျားကြီး၏
အသံကို ကြားရတော့မှ ကျွန်တော်လည်း လမ်းမကြီးဘက်သို့ ပြေးလိုက်၍
ရှာပါသေးသည်။
အဘွားကြီးကား အရိပ်အယောင်ပင်
မမြင်ရတော့ပါ။ နောက်ဆုံး၌ စိတ်လျှော့၍ ပျော်ပွဲစားရာဆီသို့
ဖင့်နွှဲလေးကန်သော ခြေလှမ်းများဖြင့် လျှောက် ခဲ့မိပါသည်။ တစ်လမ်းလုံးတွင်
အဘွားကြီး အကြောင်းကိုသာ စဉ်းစားမိရင်း စိတ်ဝေဒနာကို ဆက်၍ ခံစားရတော့၏။
ကျွန်တော်တို့တစ်တွေ၏ မိုက်မဲမှုသည် စိတ်နောက်နေရှာသူ တစ်ဦးကိုပင်
ထိခိုက်သွားစေပြီဟု ထင်မိပါ သည်။ အဘွားအိုသည် စိတ်မနှံ့သူ ဖြစ်သော်လည်း
ကျွန်တော်တို့ စွပ်စွဲ ပြောဆိုသမျှ ကို နားလည် သဘောပေါက်သွားခဲ့ပုံ ရလေသည်။
ဖောင်တိန်ကို ယူသလား ဟု မေးကြစဉ်အခါက သူသည် “မယူဘူး မယူဘူး”ဟု
ငြင်းသွားရှာသေးသည်။
ကျွန်တော်တို့ ပြောသမျှ
အားလုံးကို နားမလည်ဘူး ထားဦးတော့၊ တစ်စုံတစ်ခုကို ယူထားသည်ဟု သူ့အပေါ်၌
စွပ်စွဲကြကြောင်းကိုမူကား နားလည်သွားပုံ ရလေသည်။
ကျွန်တော်တို့တစ်တွေကား
အပြစ် အကင်းစင်ဆုံးသော စိတ္တဇ ဒုက္ခသည် တစ်ဦးကိုပင် မိုက်မိုက်မဲမဲ ရက်စက်
ပြစ်မှားမိလိုက်ကြပါပြီ။ ဤပြစ်မှု ကိုကား တစ်သက်နှင့်တစ်ကိုယ် မေ့နိုင်စရာ
အကြောင်းမရှိတော့ပြီ။
ကျွန်တော် တဲဆီသို့
ပြန်ရောက်ခဲ့သော အချိန်၌ မေမေတို့တစ်တွေ နေ့လယ်စာ ကော်ဖီနှင့်
ပေါင်မုန့်များ စားရန် ပြင်ဆင်နေကြ၏။ ကျွန်တော့်ကို မြင်လိုက်သည်နှင့်
တစ်ပြိုင်နက် ကျွန်တော့်စိတ်ကို သိတတ်သော မေမေက
“စိတ်မကောင်း
ဖြစ်မနေပါနဲ့တော့ သားရယ်၊ မင်းလည်း စာတွေ ရေးနေတဲ့လူပဲ။ အကြောင်းဆိုတာ
ဆုံဆုံစည်းစည်း ဖြစ်တတ်တာပဲပေါ့။ ငါတို့ လည်း နည်းနည်းမှ
စိတ်မကောင်းပါဘူးကွယ်” ဟု စိတ်ဖြေစကား ပြောလိုက် လေ၏။
“ကျွန်တော်တော့
တစ်သက်လုံး စိတ်မကောင်း ဖြစ်နေတော့မှာပဲ။ အဘွားကြီးက အရူးကြီးတဲ့ မေမေ၊
အရူးကြီးတဲ့” ဟူသော ကျွန်တော့်အသံ မှာ ငိုသံပါသွားပါသည်။
“ဟင်.. အရူး” ဟု အားလုံးက အံ့အားသင့်သွားကြလေ၏။
“ဟုတ်တယ်
ရူးနေတယ်၊ ရူးနေတဲ့လူတောင် ကျွန်တော်တို့ အရမ်းကာရော စွပ်စွဲလို့
ရူးရတဲ့အထဲ စိတ်မကောင်းဖြစ်သွားရရှာပြီ မေမေ၊ ဘယ်မှာ စိတ်ကောင်းနိုင်စရာ
ရှိသလဲ။ ကျွန်တော်တော့ တောင်းပန်မလို့ လိုက်တာ”
“မတွေ့တော့ဘူးလားကွယ်” ဟု ဒေါ်ဒေါ်ကြီးက ကရုဏာသံဖြင့် မေးလိုက်သည်။ ကျွန်တော်က ခေါင်းခါပြရုံနှင့်သာ အဖြေပေးနိုင်တော့၏။
“ဒီလိုပေါ့
ငါ့မြေးရယ်၊ သူ့မှာလည်း ရှေးဘဝက ဝိဘာဂဝဋ် မကင်းရှာ လို့ ဖြစ်မှာပေါ့။
မေမေကြီးလည်း နည်းနည်းမှ စိတ်မကောင်းပါဘူးကွယ်။ ဒါကြောင့်
ရှေးစကားရှိတာပေါ့၊ ဥစ္စာပျောက် ငရဲရောက်တဲ့၊ မေမေကြီးတို့ လည်း ငရဲတော့
ကြီးသွားပြီ ငါ့မြေးရယ်” ဟု မေမေကြီးက နောင်တရသော အသံတုန်ကြီးဖြင့်
ပြောလိုက်သည့် အခါတွင်မူ ကျွန်တော့်နားထဲ၌ကား မေမေ ကြီး ပြောပြသည့်
ရှေးစကားနှင့် မဆိုင်သော အခြား ရှေးစကားတစ်ခုကို
ကြားယောင်လိုက်မိပါတော့သည်။
“မရှိ ခိုးနိုး၊ မလှ
စုန်းရိုး” ဟူသော ရှေးစကားတစ်ခုသည် မရှိနွမ်းပါး သူ ဆိုလျှင်
ခိုးလိမ့်နိုးနှင့် အလွယ်တကူ စွပ်စွဲရန် မခဲယဉ်းသည့် ကျွန်တော်တို့လို
လူတွေအဖို့ သင်ခန်းစာ ပေးခဲ့သော သတိပေးစကားများ ဖြစ်ပေလိမ့် မည်။
ထိုနောက်
မေမေက ကော်ဖီနှင့် မုန့်များ ကျွေးသည်ကိုလည်း စားလိုစိတ် လုံးဝ
မရှိတော့ပါ။ မျက်စိထဲ၌ အဘွားအိုကြီး၏ မျက်နှာကိုသာ တစ်ရစ်ဝဲဝဲ
မြင်ယောင်နေမိပါတော့သည်။ ထို ညနေပိုင်း အင်းလျားမှ အိမ်သို့အပြန် လမ်း
တစ်လျှောက်လုံးတွင်လည်း ကျွန်တော်သည် လမ်းဘေး တစ်ဖက်တစ်ချက် တွင်
အဘွားကြီးကိုများ တွေ့လေဦးမည်လားဟု မျက်စိဒေါင်းတောက် ရှာ သွားမိတော့၏။
ထိုအခါမှစ၍
လမ်းပေါ်တွင် တွေ့ဆုံ ကြုံကြိုက်ရလေသမျှ အသက် (၆၀) ရွယ်
အဘွားအိုကြီးများကို မြင်မိသည့်အခါတိုင်း၊ ကျွန်တော်တို့နှင့် အင်းလျားတွင်
တွေ့ခဲ့ဖူးသော အဘွားကြီးများလားဟု ကြည့်ရှုရသည်မှာ ကျွန်တော့်အဖို့
စိတ္တဇရောဂါ တစ်ရပ်ပမာ စွဲကပ်နေခဲ့တော့သည်။
ယခုမူ ဆယ်နှစ်ကျော် ဆယ့်နှစ်နှစ်တွင်းသို့ပင် ရောက်ခဲ့ပေပြီ။
မေမေကြီးပင်လျှင်
လွန်ခဲ့သော နှစ်နှစ်ကျော်ခန့်က ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့လေပြီ။
ညီညီ၊ အတူးနှင့် စမ်းစမ်းတို့မှာလည်း အိမ်ထောင် ရက်သားများ ကျကာ
သားသမီးတွေပင် ရလျက် ရှိကြပြီ။ တစ်ခါတုန်းက အင်းလျားကန်တွင်
ဆုံတွေ့ခဲ့ရသည့် အဘွားအိုအား မဆိုထားဘိ။ နှစ်နှစ်ကျော်ကမှ ကွယ်လွန်
အနိစ္စရောက်ခဲ့သော ကျွန်တော့် ဘွားအေအရင်း မေမေကြီး၏
မျက်နှာပုံပန်းသဏ္ဌာန်ကိုပင် စိတ်ကူးရုံမျှဖြင့် ဆက်စပ် အစဖော်လို့
မရချင်ချင် ဖြစ်နေပြီ။
သို့နှင့်ပင် တစ်နေ့က
ကမာရွတ် ဂါတ်တဲအဝိုင်း ဓာတ်ဆီဆိုင်ရှေ့ လူသွားစင်္ကြံပေါ်တွင် ပုဆစ်ဒူးတုပ်
ထိုင်ကာ ပိုက်ဆံတောင်းခံနေသော အဘွားအို တစ်ယောက်အား မတ်စေ့ တစ်စေ့
လှူဒါန်းမိရင်းက ရင်ထဲ၌ လှုပ်ရှား သွားမိကာ အမည်မဖော်နိုင်သည့်
ဝေဒနာတစ်ရပ်ကို ခံစားလိုက်မိပါ၏။ တက္ကသိုလ် အဓိပတိလမ်းဘက် တဖြည်းဖြည်း
လျှောက်ခဲ့မိစဉ် မိမိ ရင်ထဲက
လှုပ်ရှားမှုကို စိတ်အေးအေးနှင့်
တွေးတောစစ်ကြောမိသော အခါတွင်မှ ယခင် ဆယ်နှစ်ကျော်ကာလကို ပြန်လည်
စဉ်းစားမိတော့ကာ၊ မေ့လုမတတ် ရှိခဲ့သည့် ဤအဖြစ်ဟောင်းကလေးကို အမှတ်ထင်ထင်
မြင်ယောင် သတိရလာမိခြင်း ဖြစ်ပါသည်။
ရှုမဝ၊ ဇူလိုင် ၁၉၅၈။
ဆရာမင်းရှင်၊ လမ်းပေါ်မှာ ပီဒီအက်ဖ်၊
စာမျက်နှာ ၂၅ - ၃၉။
စာရိုက် - စလေ ငနော့
No comments