New Artical

အမျိုးသားနေ့

 အမျိုးသားနေ့




#ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် အမျိုးသားနေ့ကို နှစ်စဉ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်လေ့ရှိသည်။ နယ်ချဲ့လက်အောက်ခံ ကိုလိုနီဘဝသို့ကျရောက်ခဲ့ရာမှ နယ်ချဲ့ဆန့်ကျင်ရေးနှင့်အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက် (၁၉၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ၅ရက်) နေ့တွင်ရန်ကုန်တက္ကသိုလ်အက်ဥပဒေ ကို တက္ကသိုလ်ကျောင်းသားများက သပိတ်မှောက် ဆန့်ကျင်ခဲ့သည်။

အုပ်ချုပ်သူ နယ်ချဲ့အစိုးရကို ပထမဆုံး ထိထိရောက်ရောက် တော်လှန်ခဲ့သောနေ့ကို နောင်လာနောင်သား အမျိုးသားတို့ အမှတ်တရ ရှိစေရန်အလို့ငှာ မြန်မာနိုင်ငံ၌ တန်ဆောင်မုန်း လဆုတ် ၁ဝ ရက်နေ့ကို အမျိုးသားနေ့ဟူ၍ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကာ နှစ်စဉ် ဆင်ယင်ကျင်းပကြလေသည်။


တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့ကို အမျိုးသားနေ့ဟူ၍ သတ်မှတ်ရခြင်းကား ခရစ် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်၊ မြန်မာ ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁ဝရက်နေ့ တွင် ရန်ကုန်တက္ကသိုလ်နှင့် ဂျပ်ဆင်ကောလိပ်ကျောင်းသားများ သည် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သည့်အနေ ဖြင့် သပိတ်မှောက်သောနေ့ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသို့ သပိတ်မှောက်လိုက်ခြင်းသည် မြန်မာနိုင်ငံကို ဗြိတိသျှ နယ်ချဲ့တို့ သိမ်းပိုက်လိုက်သည်မှစ၍ လူမျိုးခြားလက်အောက်မှ ပြန်လည် လွတ်မြောက်ရေးအတွက် အမျိုးသား တော်လှန်ရေး ကြီးကို စတင်လိုက်ခြင်းပင်ဖြစ်သည်။ ထိုသပိတ်ကြီးမှ တဖွား ဖွား ပေါ်ထွက်လာသော ဝံသာနုစိတ်ဓာတ်ဖြင့် အမျိုးသား စည်းလုံးညီညွတ်မှုကို တည်ဆောက်ကာ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွဲခဲ့ရာ လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ် သည်ဟု ဆိုလျှင် မလွဲချေ။ ထိုကြောင့် လွတ်လပ်ရေး ရရှိပြီး သည့်တိုင် တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့ကိုပင် အမျိုးသားနေ့အဖြစ် ဆက်လက် အသိအမှတ် ပြုခဲ့လေသည်။


ဗြိတိသျှလက်တွင်းသို့ မြန်မာနိုင်ငံ သက်ဆင်းရပြီးနောက် မြန်မာလူထုသည် လက်နက်ကိုင်၍တစ်သွယ်၊ စည်းဝေးပွဲများ အကြိမ်ကြိမ် ပြုလုပ်၍တစ်မျိုး၊ မြန်မာ့ကိုယ်စားလှယ်များကို ဗြိတိသျှအစိုးရ ကိုယ်စားလှယ်များနှင့် အရေးဆိုရန် စေလွှတ်၍ တစ်ဖုံ နည်းမျိုးစုံတို့ဖြင့် လွတ်လပ်ရေးအတွက် တောင်းဆိုခဲ့ သော်လည်း တကယ် ထိထိရောက်ရောက် အုံကြွဆန္ဒပြမှုကား ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လဆုတ် ၁ဝ ရက်နေ့တွင် ပေါ်ပေါက်ခဲ့သော ကောလိပ်သပိတ်ပင် ဖြစ်သည်။


ဗြိတိသျှအစိုးရသည် သူတို့၏ နယ်ချဲ့ရာ၌ အကောင်းဆုံး သော လက်နက်တစ်ခု ဖြစ်သည့် ပညာရေး စနစ်သစ် တက္ကသိုလ်အက်ဥပဒေကြမ်းကြီးကို ၁၉၂ဝ ပြည့်နှစ် ဇွန်လတွင် တိုင်းပြည်မှ ဝေဖန်လေ့လာနိုင်ရန် ထုတ်ပြန် ကြေညာသည်။ ထိုဥပဒေကြမ်းတွင် ပါရှိသောအချက်များဖြစ်သည့်


(၁) မြန်မာပြည်တွင် တက္ကသိုလ် တစ်ခုတည်းသာ ရှိရမည်။ တက္ကသိုလ်လက်အောက်တွင် ကောလိပ်ကျောင်း တစ်ကျောင်းသာ ရှိရမည်။

(၂) ကောလိပ်ကျောင်း၌ ပညာသင်လိုသူများ ကျောင်းအိပ်ကျောင်းစားသာဖြစ်ရမည်။

(၃) တက္ကသိုလ်ဝင် စာမေးပွဲ မထားရှိတော့ပဲ အစိုးရက ပြုလုပ်သော ဟိုက်စကူးဖိုင်နယ်ခေါ် ဆယ်တန်းစာမေးပွဲကို အောင်ရမည်။ အင်္ဂလိပ်ဘာသာနှင့်

အခြားဘာသာတစ်ခုတွင် ထူးချွန်စွာ တတ်မြောက်အောင်မြင်မှ တက္ကသိုလ်ဝင်ခွင့် ရမည်။


(၄) ဂုဏ်ထူးနှင့်ဝိဇ္ဇာဘွဲ့တန်းတွင် တစ်ခါဖြေဆို၍ မအောင်မြင်ပါက နောက်နောင် ဖြေဆိုခွင့်မပြု။

(၅) ဟိုက်စကူးဖိုင်နယ်အောင်၍ တက္ကသိုလ်သို့ ဝင်ခွင့်ရသော်လည်း တက္ကသိုလ် ပညာရပ်ကို ကောင်းမွန်စွာ လိုက်နိုင်ရန် ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေရမည်။

(၆) ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေသော်လည်း နှစ်ကုန်သည့်အခါ တက္ကသိုလ်ပညာများကို လိုက်နာရန် အရည်အချင်း မရှိသေးဟု ဆိုလျှင် တက္ကသိုလ်ပညာကို ဆက်လက် သင်ခွင့်ရဦးမည်မဟုတ်စသော အချက်များကို ကောလိပ် ကျောင်းသားများသာမက သတင်းစာများနှင့် ဂျီစီဘီအေ နယ်ဒေသ အစည်းအဝေးများကပါ ဝိုင်းဝန်း ကန့်ကွက်ကြ လေသည်။


မည်သို့ပင်ကန့်ကွက်ကြသော်လည်း မြန်မာပြည် ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်က မြန်မာများသည် ပညာရေး အကြောင်းနားမလည်ဟုဆို၍ တောင်းဆိုချက်များကို လျစ်လျူရှု ကာ ထိုနှစ် ဒီဇင်ဘာ ၁ရက်နေ့ မှစ၍ တက္ကသိုလ် အက်ဥပဒေ ကို အတည်ပြုကြောင်း ကြေညာလိုက်သည်။ ထိုကြောင့် ဒီဇင်ဘာလ ၂ ရက် နေ့တွင် ကောလိပ်ကျောင်းသား ခေါင်းဆောင်များသည် တိုင်ပင် ဆွေးနွေး၍ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် ကောလိပ်နှစ်ခုလုံး သပိတ်မှောက်ရန် ဆုံးဖြတ်ကြသည်။ ဒီဇင်ဘာလ ၄ ရက်နေ့ တွင် ရန်ကုန်မြို့ ဗဟန်းရပ်၊ ရွှေကျင်တိုက် ဆရာတော်ဦးအရိယ ကျောင်းတိုက်၌ ကျောင်းသား အစည်းအဝေးပွဲကြီး ပြုလုပ် သည်။ ယင်းအစည်းအဝေးမှ ဒီဇင်ဘာလ ၇ ရက်နေ့တွင် တက္ကသိုလ်ကို သပိတ်မှောက်ရန်နှင့် ပညာရေးပြုပြင်မှု တောင်း ဆို၍ တောင်းဆိုချက်များ မပေးသမျှ ကာလပတ်လုံး ကျောင်း ပြန်မတက်ရန်တို့ကို ဆုံးဖြတ်ကြသည်။ ဒီဇင်ဘာလ ၇ ရက်နေ့ တွင် သပိတ်မှောက်ရန် မူလက စီစဉ်ထားသော်လည်း အခြေ အနေ ပြောင်းလဲသွားသဖြင့် ဒီဇင်ဘာလ ၅ရက်၊ တန်ဆောင် မုန်းလဆုတ် ၁ဝ ရက်နေ့တွင် ကျောင်းသားများ သပိတ်မှောက် ကြသည်။ ကျောင်းသားခေါင်းဆောင်ကိုဘဦး ကိုယ်တိုင် လက်မှတ်ထိုး၍ ကျောင်းသားကြေညာချက်ကို ဘုရင်ခံထံ ပို့ သည်။ ယင်းကြေညာချက်သည် ရန်ကုန်တက္ကသိုလ် အက်ဥပဒေ ပါ အချက်များကို ကန့်ကွက်စာပင်ဖြစ်သည်။ ဘုရင်ခံထံမှ အကြောင်းပြန်ကြားခြင်း မပြုသဖြင့် သပိတ်စခန်းတွင် အမျိုး သားကျောင်းများ တည်ထောင်ရန် ကျောင်းသားများသည် ဂျီစီ ဘီအေခေါင်းဆောင်များနှင့် တိုင်ပင်ဆွေးနွေးသည်။ တက္ကသိုလ် သပိတ်အက်ဥပဒေသည် တစ်တိုင်းပြည်လုံးက ဝိုင်းအုံထောက်ခံ ကြသည်။ တက္ကသိုလ်ရောက်ကျောင်းသားများထက် တက္ကသိုလ် သို့ ရောက်ခါနီး ဟိုက်စကူး ကျောင်းသားများအတွက် ပို၍ ထိခိုက်သဖြင့် ဟိုက်စကူးကျောင်း (အထက်တန်းကျောင်း) များကပါ သပိတ်မှောက်ကြသည်။ ၁၉၂၁ ခုနှစ် ဇန်နဝါရီလ တွင် မြန်မာပြည်ဘုရင်ခံက အိန္ဒိယဘုရင်ခံချုပ်ထံ နှစ်ပတ် တစ်ကြိမ် ပေးပို့သောအစီရင်ခံစာတွင် ရန်ကုန်တက္ကသိုလ် သပိတ်မှောက်သည့် အရေးကို ထိထိရောက်ရောက် မနှိမ်နင်း လျှင် မြန်မာပြည်သည် အင်္ဂလိပ်မှ လွတ်မြောက် သွားရန် အကြောင်းရှိသည်ဟု အစီရင်ခံသည့် အခြေအထိ မြန်မာတို့၏ ဝံသာနုစိတ်ဓာတ် အုံကြွခဲ့လေသည်။ အစိုးရက ကျောင်းသား များ တောင်းဆိုချက်ကို လိုက်လျောသည်ဖြစ်စေ၊ မလိုက်လျော သည်ဖြစ်စေ ရန်ကုန်တက္ကသိုလ် လက်အောက်ခံ ကောလိပ် ကျောင်းများကို မည်သည့်နည်းနှင့်မျှ ပြန်မတက်တော့ပြီဟု တက္ကသိုလ်ကို ရာသက်ပန် သပိတ်မှောက်ရန် တညီတညွတ် တည်း ဆုံးဖြတ်ကြလေသည်။ ၁၉၂၁ ခုနှစ် ဩဂုတ်လတွင် ရန်ကုန်မြို့ ဗဟန်းရပ်၊ ရွှေကျင်ကျောင်းတိုက်ကြီးတွင် အမျိုး သားကောလိပ်ကို ဖွင့်လှစ်လိုက်ကြသည်။ အမျိုးသား ပညာရေး ကောင်စီဟုလည်း ပေါ်ပေါက်လာကာ မြန်မာနိုင်ငံ တစ်ဝန်းလုံး ၌ အမျိုးသားကျောင်းများ အများအပြား ပေါ်ထွက်လာခဲ့သည်။ ၁၉၂ဝ ပြည့်နှစ် သပိတ်ကြောင့် ယင်းသို့ ပညာရေးအမြတ်များ ထွက်ပေါ်လာခဲ့ရုံမက ပြည်သူလူထုတွင်လည်း နယ်ချဲ့ဆန့်ကျင် ရေး အမျိုးသားစိတ်ဓာတ်များ အပြင်းအထန် ပေါ်ပေါက်လာခဲ့ လေသည်။ ယင်းသည်ပင် မြန်မာတို့၏ စိတ်ဓာတ်တော်လှန်ရေး အောင်ပွဲကြီးဟု ခေါ်ရမည် ဖြစ်လေသည်။


ထိုကြောင့် ၁၉၂၁ ခုနှစ်တွင် ဒီဇင်ဘာလအတွင်း မန္တလေး မြို့၌ ကျင်းပသော ဂျီစီဘီအေ ပြည်လုံးကျွတ် ညီလာခံကြီး၌ အမျိုးသားနေ့ သတ်မှတ်ကျင်းပရန် စဉ်းစားကြသောအခါ ၁၉၂ဝ ပြည့်နှစ် ကျောင်းသားသပိတ် စတင်သော တန်ဆောင် မုန်းလဆုတ် ၁ဝ ရက်နေ့ကို လက်ခံနိုင်ကြခြင်းဖြစ်သည်။ ထိုညီလာခံတွင် အချို့က သီပေါဘုရင် ပါတော်မူသော တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့ကို အကြံပေး၍ အချို့က ဦးဥတ္တမ အဖမ်းခံရသောနေ့ကို အကြံပေးကြသည်။ ၁၉၂ဝ ပြည့်နှစ် သပိတ် ၁၁ ဦးကော်မတီတွင် ပါဝင်ခဲ့သော ဦးမြင့်က ဂျီစီဘီအေ ကွန်ဖရင့်သို့ ကျောင်းသားကိုယ်စားလှယ်အဖြစ် တက်ရောက်ပြီးလျှင် နန်းကျသောနေ့နှင့် အဖမ်းခံရသောနေ့များ သည် မင်္ဂလာမရှိ၊ နယ်ချဲ့ဗြိတိသျှကို ပထမဆုံး ထိထိရောက် ရောက် တော်လှန်သောနေ့ ဖြစ်သည့် ကျောင်းသားများ သပိတ် မှောက်သော တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့ကို အမျိုး သားနေ့ သတ်မှတ်သင့်ကြောင်း အကြံပေးလေသည်။ ထို မန္တလေးကွန်ဖရင့်ကြီးမှ အမျိုးသားနေ့ကို တန်ဆောင်မုန်း လဆုတ် ၁ဝ ရက်နေ့တွင် ကျင်းပရန် ဆုံးဖြတ်ချက်ချခဲ့ရာ ယနေ့တိုင်အောင် အမျိုးသားနေ့ဟူ၍ ပြည်ထောင်စု မြန်မာ နိုင်ငံတွင် နှစ်စဉ် ကျင်းပဆဲဖြစ်သည်။ 


ကိုးကား - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)


ကိုဖြိုး (ဧရာမြေ)

No comments