New Artical

ရသေ့ပျံဂူ

 ရသေ့ပျံဂူ

ရသေ့ပျံဂူဆိုတာ ကရင်ပြည်နယ်၊ ဘားအံမြို့ထဲက ထင်ရှားတဲ့ ဂူတစ်လုံး ဖြစ်ပါတယ်။ ဂူအ၀က ၇၅-ပေသာ ကျယ်ပေမယ့် ဂူတွင်းမှာ ပေ ၁၅၀-ခန့်ကျယ်၀န်းပါတယ်။

ရသေ့ပျံတောင်


ရသေ့ပျံတောင်အကြောင်းကလည်း တကယ့်အံ့ဖွယ် ပါပဲ။ ကလေး ဘ၀က ဆိုခဲ့တဲ့ ကာရံကိုခိုးယူသုံးစွဲရမယ်ဆိုရင် တောင်ခြေမှစ၍ ပေ-၁၅၀ကို ထုတ်ချင်းပေါက်သော သဘာဝကျောက်လိုဏ်ဂူတွင် ရှေးဟောင်းနံရံအုတ်ခွက်ဘုရားများရှိခြင်းနှင့် တရားထူးရသော ရသေ့ တစ်ပါးသည် တောင်ကိုဖေါက်၍ ကောင်းကင်သို့ စျာန်ဖြင့် ပျံတက်သွားခြင်း အကြောင်း များကြောင့် ရသေ့ပျံတောင်ဟု ခေါ်သည်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ရသေ့ပျံဂူကို သွားချင်တယ်ဆိုရင် သံလွင် မြစ်အနောက်ဖက်ကမ်း သံလွင်တံတားကနေ ကော့ဂွန်းဂူလမ်းအတိုင်းသာ သွားလိုက်ပါလို့ လမ်းညွှန် လိုက်ပါရစေ။

ရသေ့ပျံရွာ

ရသေ့ပျံရွာဆိုတာ ရှေးတုန်းက ကရင်၊ ရှမ်း၊ မွန်၊ မြန်မာအဆက်ဆက် နေခဲ့ဖူးတဲ့ နေရာ တစ်ခုပါ။ ရွာထဲမှာရှိတဲ့ စေတီဟောင်းတွေ၊ အုတ်ကန်တွေ၊ လက်ရေးစင်းအမှတ်သားပါတဲ့ အုတ်ချပ် တွေ၊ စဉ်ရေသုတ်အုတ်ကျွတ်တွေ၊ သိမ်နေရာဟောင်းတွေကြောင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု ထွန်းကား ခဲ့တဲ့ ခေတ်တစ်ခေတ်က မြို့ပြနေရာလို့လည်း သိနိုင်ပါတယ်။ အဝေးတစ်နေရာကနေ ရသေ့ပျံဂူကို လှမ်းကြည့်မယ်ဆိုရင် စာချောင်းနေတဲ့ ဖားပြုတ်တစ်ကောင်လို အစာကိုသုတ်ချီတော့မယ့် သိန်းငှက် တစ်ကောင်လို မြင်ရမှာဖြစ်ပါတယ်။ 

ဂူနဲ့နီးတဲ့ ပန်းကုန်း၊ ငနက်ပြာ တောင်ကြားလမ်းခွဲမှာ ကမာ့ဝေါ် (ခ) ကြာနီကန်လို့ခေါ်တဲ့ ကန်တစ်ကန်ရှိပါတယ်။ ၁၂-ရာသီမခန်းပဲ ကြားမျိုးငါးပါး ပေါက်ပြီး ကြာနီ တွေ ပိုများနေတဲ့အတွက်ကြောင့် ကြာနီကန်လို့ ခေါ်ရခြင်းဖြစ်ပါတယ်။ တံငါသည်တွေ ဘယ်လောက် ဖမ်းပါစေ။ ကန်ထဲမှာ ဘယ်သတ္တဝါတစ်ကောင်မှ မရှိတာကြောင့် ဘယ်တံငါသည်မှလည်း ကန်ထဲကို ၀မ်းစာအတွက် မရှာကြတာက ကြာနီကန်ရဲ့ထူးခြားချက်ပဲ ဖြစ်ပါတယ်။

ဗုဒ္ဓဥာဏရသေ့

(မြန်မာ)သာသနာအစ သထုံကလို့ ဆိုရိုးရှိသလိုပဲ ဘီစီ ၁၀၀၀-ခန့်မှာ မွန်လူမျိုးတွေဟာ သထုံမြို့နယ် ယနေ့ခေတ် ကေလာသခေါ်တဲ့ ၀န်းကျင်မှာ သုဓမ္မ၀တီမြို့ကို ထူထောင်ပြီး မင်းဆက် ၂၄-ဆက် အုပ်ချုပ်ခဲ့ပါတယ်။ အဲဒီနောက် အဲဒီနေရာမှာပဲ သုဘိန္နနဂရမြို့ကို ထူထောင်ပြီး မင်းသုံး ဆက် အုပ်ချုပ်ခဲ့ပါသေးတယ်။ သုဘိန္နနဂရမြို့ပျက်ပြီးနောက်မှာ သထုံကိုရွှေ့ပြီး ဥမိုးမင်းဆက် ငါးဆက် အုပ်ချုပ်ပြန်ပါတယ်။ အဲဒီနောက် သီဟသုဓမ္မရာဇာမင်းကနေ မနုဟာမင်းတိုင်အောင် မင်းဆက်ပေါင်း ၅၇-ဆက် အုပ်ချုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ အေဒီ ၁၀၅၇၊ သာသနာ ၁၆၀၀-ခန့်မှာ သထုံနဲ့ အတူ မွန်ဘုရင်တွေ ပျောက်ကွယ်ခဲ့ရပါတယ်။ ဒီနေရာမှာ ပြောချင်တာကတော့ မင်းဆက်နဲ့ မြို့မကွယ်ခင် မနုဟာမင်းလက်ထက် မနုဟာမင်းရဲ့ဆရာရသေ့တစ်ပါးအကြောင်းပဲ ဖြစ်ပါတယ်။ 

သူကတော့ ရသေ့တွေတတ်သင့်တဲ့ အတတ်ကိုလည်းတတ်သလို ဘုရင့်စစ်သည်တော် တွေကို ပညာသင်ပေးရတဲ့အပြင် လောကီအရာမှာလည်း မဟိဒ္ဓိရထားတဲ့ ဗုဒ္ဓဥာဏရသေ့ပဲ ဖြစ်ပါ တယ်။ ဆရာက တော်သလို တပည့်ဖြစ်တဲ့ မနုဟာကလည်း လူတော်ပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မနုဟာဆိုတာ သူ့နာမည်အရင်းမဟုတ်ပါဘူး။ နာမည်အရင်းက မနော်ဟရီပါ။ မနော်ဟရီကနေ တစ်ဆင့် မနုဟာလို့ ဖြစ်လာရတာပါ။ ပါးစပ်ကိုဖွင့်လိုက်ရင် ၀င်း၀င်းပြောင်ပြောင် စက်အရောင်တွေ ထွက်တဲ့မင်းတစ်ပါးဖြစ်ပါတယ်။

ရှင်အရဟံ

ဗုဒ္ဓဥာဏရသေ့လိုပဲ မနုဟာမင်းကိုးကွယ်တဲ့ ရှင်ငယ်တစ်ပါးရှိပါတယ်။ သူကတော့ မြန်မာကို ထေရဝါဒဗုဒ္ဓသာသနာဖြန့်ခဲ့တဲ့ သထုံနယ်သား၊ မွန်လူမျိုးဖြစ်တဲ့ ရှင်အရဟံပဲ ဖြစ်ပါတယ်။ ရှင်အရဟံ ကို မြန်မာသက္ကရာဇ် ၃၉၆-မှာ ဖွားမြင်ခဲ့ပါတယ်။ ကလျာဏီကျောက်စာမှာ ရှင်အရဟံက ရှင်မဟာ ကာလထေရ်ဆီမှာ လောကီ၊လောကုတ်ပညာရပ်တွေကို သင်ယူခဲ့ပြီး ထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဆိုထားပါတယ်။ မဟာကာလထေရ်ဆီမှာ ကိုရင်၀တ်ပြီး ရှင်ဓမ္မဒဿီလို့ ဘွဲ့အမည်ရခဲ့ပါတယ်။ တစ်ချို့ရာဇ၀င်တွေမှာ ရဟန္တာအရှင်သီလဗုဒ္ဓိရဲ့တပည့်ဖြစ်ပြီး ရဟန်း၀တ်မှပဲ ရှင်အရဟံနာမည် ရတယ်လို့ ဆိုပါတယ်။ ရှင်ဓမ္မဒဿီရဲ့ သထုံမှာသာသနာပြုတဲ့ ဂုဏ်သတင်းက ယိုးဒယားဘုရင် ကိုယ်တိုင် သူ့နိုင်ငံကို သာသနာပြုဖို့ ပင့်လျှောက်ရတဲ့အထိ ထင်ရှားပါတယ်။ 

ယိုးဒယား ဘုရင်ဆောက်လှုတဲ့ ကျောင်းမှာ သာသနာပြုလို့ ၁၀-နှစ်ပြည့်တဲ့အခါ မွေးရပ်မြေသထုံကိုပြန်ပြီး ဆရာဖြစ်တဲ့ မဟာကာလထေရ်ဆီမှာ ပဉ္စင်းးတက်ပါတယ်။ ပဉ္စင်းဖြစ်တော့ တပည့်တွေကို စာပေသင်ကြားပေးပြီး အဲဒီနောက်မှာ တစ်ပါးထဲ တောမှာတရားအားထုတ်လို့ ရဟန္တာဖြစ်ခဲ့ပါတယ်။ ရဟန္တာဖြစ်တဲ့ သာသနာ ၁၆၀၀ ပြည့်၊ မြန်မာသက္ကရာဇ် ၄၁၈-ခုနှစ်မှာ သထုံပြည် တိုင်းရေးအခြေနေ ယိုယွင်းလာပါတယ်။ အဲဒီအချိန်မှာ ရှင်အရဟံကလည်း တစ်ပါးထဲအရညဝါသီ လှည့်လည်ရင်း ပုဂံကိုရောက်ပါတယ်။

ပုဂံမှာလည်း အဲဒီအချိန် အရည်းကြီးတွေကို ကိုးကွယ်နေကြတာကြောင့် အနော်ရထာကိုယ်တိုင် မကြည်ညိုနိုင် ဖြစ်ရတဲ့အခြေနေပါပဲ။ သိကြားမင်းက မုဆိုးတစ်ယောက်ကို အရှင်ကိုမြင်အောင် တန်ခိုးနဲ့ပြပါတယ်။ မုဆိုးက ရှင်အရဟံကိုမြင်တဲ့အခါ ကြည်ညိုတာကြောင့် ဘုရင်ကိုဆက်သဖို့ ခေါ်သွားပါတယ်။ အရှင်နဲ့ဘုရင်တွေ့တဲ့အခါ ရှင်အရဟံရဲ့အနေအထိုင်၊ အဟော အပြောကြောင့် ကြည်ညိုပြီး မင်းဆရာအဖြစ် ကိုးကွယ်ပါတယ်။

တစ်နေ့မှာတော့ ပုဂံဘုရင် အနော်ရထာ ထွန်းတောက်ချိန်တန်ပြီဆိုတာကို သိတာကြောင့် သထုံမှာ ပိဋကတ်စာပေ အစုံ(၃၀)ရှိကြောင်း မိန့်ပါတယ်။ အနော်ရထာကလည်း ချက်ချင်းပဲ မနုဟာဘုရင်ဆီ လက်ဆောင်နဲ့အတူ တမန်လွှတ်ပြီး တောင်းခံပါတယ်။ ဒါပေမယ့် ပုဂံနဲ့ အနော်ရထာကို အကြောင်းအမျိုးမျိုးကြောင့် အထင်သေးနေတဲ့ မနုဟာက ခြသေ့င်္ဆီကို မြေခွက်၊ ကြေးခွက်ထဲ မထည့်နိုင်သလို ပိဋကတ်သုံးပုံကို သင်တို့အရိုင်းအစိုင်းတွေလက်ထဲ မထည့်နိုင်လို့ ဆိုလိုက်တဲ့စကားကြောင့် အနော်ရထာဟာ ပုဂံကနေ ရေကြောင်း၊ ကြည်းကြောင်းနဲ့ချီတက်လာပြီး ဥဿာပဲခူးမှာ ပေါင်းဆုံပါတယ်။

 စစ်တောင်းကနေကူးပြီး သုဓမ္မပူရသထုံကျေးစပ်မင်းသားရဲ့နေရာ ကသာအရပ်မှာ စခန်းချပါတယ်။ အဲဒီကနေ ရေကြောင်းမှာ ညောင်ဦးဖီးနဲ့ငလုံးလက်ဖယ်တို့ကို လွှတ်ပြီး သထုံကို တောင်ဘက်ကနေ၀င်တိုက်ခိုင်းပါတယ်။ ကျန်တဲ့တပ်က ကျန်စစ်သားဦးဆောင်ပြီး အနောက်ဖက်ကို ၀င်တိုက်ခိုင်းပီး ငထွေးရူးကိုတော့ အရှေ့ဖက်ကနေ တိုက်ခိုင်းပါတယ်။ မနုဟာဘက်က အင်အားကောင်းပေမယ့် အနော်ရထာတို့က စွမ်းအားပိုမို သာလွန်တဲ့အတွက် ကြောင့် မနုဟာဘက်က ဆုတ်ခွာကြရပါတယ်။ 

စည်းစိမ်နဲ့အသက်မသေချင်ရင် ပိဋကတ်နဲ့ ထီးနန်းကိုအပ်ပါလို့ ပြောပေမယ့် မနုဟာဘက်က အကြောင်းပြန်မလာတာကြောင့် သထုံကို အရှေ့ တောင်က ဂေါတပ်မတော်၊ အနောက်တောင်က မုခိစ္စရဏီတပ်မတော်၊ မြောက်တည့်တည့်က ဘုရင့်တပ်မတော် အဲဒီလို အသီးသီး ငါးတပ်လုံးဝိုင်းတိုက်ခိုက်တာကြောင့် သက္ကရာဇ် ၄၁၉-မှာ သထုံကို အောင်နိုင်ခဲ့ပါတယ်။ သထုံကနေ မင်း၊ မိဖုရား၊ ပိဋကတ်တော်၊ ဓာတ်တော်မွေတော်၊ ဆင်းတုတော်၊ ဆင်ဖြူတော်(၃၂)စီး၊ ကျမ်းဂန်တတ်ရဟန်းသာမဏေ၊ ပန်းပု၊ ပန်းတည်း၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းရံ၊ ပန်းတိမ်၊ ပန်းပဲစတဲ့ အတတ်ပညာသည် အနုပညာသည်တွေနဲ့ အရိယာသံဃာအပါး ၁၀၀၀ ရခဲ့ပါတယ်။

ပြေးသူဗုဒ္ဓဉာဏနှင့်လိုက်သူအနော်ရထာတို့အားပြိုင်ပွဲ

နန်းဦးမှာ သူရိယစန္ဒာမင်းလက်ထက်ကနေ မနုဟာမင်းလက်ထက်အထိ သထုံမင်းဆက်တွေ မြတ်မြတ်နိုးနိုး ကိုးကွယ်ခဲ့တဲ့ ဇိနမာရ်အောင် ဆင်းတုတစ်ဆူရှိပါတယ်။ အဲဒီဆင်းတုက အနော်ရထာ ပင့်ဆောင်တဲ့အထဲမှာ မပါ၀င်ခဲ့ပါဘူး။ ကျောက်စာ၀န်ဟောင်း မစ္စတာတော်စိန်ခို၊ ဒုတိယမြောက် ကျောက်စာ၀န်ဟောင်းဦးမြတို့ ရှာကြပေမယ့် မတွေ့ခဲ့ပါဘူး။ မတွေ့တာလည်း အကြောင်းကတော့ ရှိပါတယ် ။

သထုံကို အနော်ရထာဘုရင်ဝိုင်းတော့ ဆင်းတုကို ဗုဒ္ဓဥာဏရသေ့က သူ့တန်ခိုးနဲ့ ဇင်းကျိုက် တောင် သေလဉ္စရကျောက်ဂူမှာ ကိုးကွယ်ခဲ့ပါတယ်။ အနော်ရထာဘုရင်ကလည်း ဘုရားကျောင်း ဆောင်ကိုတွေ့ပေမယ့် ဘုရားကိုမတွေ့လို့ စုံစမ်းတဲ့အခါ ဗုဒ္ဓဥာဏရသေ့ယူသွားတယ်လို့ သိသွား ပါတယ်။ အဲဒါကိုမကျေနပ်နိုင်တဲ့ အနော်ရထာဘုရင်ဟာ ဆင်းတုရအောင်ရှာပြီး ပုဂံကိုလာရောက် ဆက်သဖို့ သူ့စစ်သည်တွေကို အမိန့်ချပါတယ်။

 အဲဒါကိုသိတဲ့ ဗုဒ္ဓဥာဏရသေ့က ကော့ဂွန်းဂူနားက (ခိုအွာ)သရက်ဖြူရွာ တောင်လိုဏ်ဂူကို ရွှေ့ထားလိုက်ပါတယ်။ သရက်ဖြူပင်ရဲ့ အရိပ်ကလည်း ကောင်း အကိုင်းချင်းကလည်းဆက် အခက်ချင်းကလည်း ဆက်နေတဲ့အပြင် ၁၂-ရာသီသီးနေလို့ သရက်ဖြူပင်ကိုစွဲပြီး သရက်ဖြူရွာလို့ခေါ်တာပါ။ ဗုဒ္ဓဥာဏရသေ့ဟာ အဲဒီဂူမှာ နှစ်အတော်များများ နေပြီး သူ့အတတ်နဲ့ ရပ်ကျိုးရွာကျိုးသယ်ပိုးခဲ့ပါတယ်။ 

သူ့မှာ အစွမ်းဆုံးကတော့ ဆေးဝိဇ္ဇာဖြစ်ပြီး ဆေးကြိတ်ဖို့ ဆေးထောင်းဖို့ ဆေးပေးမီးယူဖို့ သူ့ရဲ့ဝိဇ္ဇာပညာနဲ့ သမီးတော်တစ်ပါးကို ဖန်ဆင်း ထားပါတယ်။ သမီးတော်ကို အနောက်ဘက်ဂူကျောက်ပြင်နဲ့အတူ ထားပါတယ်။ ရသေ့ကြီးကို ရွာအကြီးအကဲ စောထွန့်ဖောင်၊ ဇနီး နန်းဒါးဘူ နဲ့ တပည့်တွေက မကြာမကြာ သီလယူရင်း သရက်သီး လှူလေ့ရှိပါတယ်။ ဗုဒ္ဓဥာဏရသေ့ဟာ ဂူအလယ်က ကျောက်ဖျာပေါ်မှာ သမထကနေ ဝိပဿနာဘက်ကို ကူးပြောင်းကျင့်ကြံခဲ့ပါတယ်။ သူဖန်ဆင်းတဲ့သမီးတော်ကို သူကိုယ်တိုင် ပြန်ရုတ်သိမ်းခဲ့တဲ့အပြင် ဆေးသွေးတဲ့ကျောက်ပျဉ်ကိုလည်း မှောက်ထားလိုက်ပါတယ်။ 

ဂူနဲ့နီးတဲ့ ကျားဂူ(ခေတ်ဖန်)မှာလည်း ထွက်ရပ်ပေါက်ဖိုထိုးတဲ့ သိန္ဒိသေကဝိဇ္ဇာဇော်ဂျီတစ်ယောက်ရှိပြီး အဲဒီ ဇော်ဂျီကလည်း သံသေပြဒါးသေပေါက်ပြီး လောကီကိစ္စအောင်သွားပါတယ်။

တစ်နေ့မှာ အနော်ရထာဘုရင်က စစ်သည်ခုနစ်ရာနဲ့ ဗုဒ္ဓဥာဏရသေ့မထွက်ပြေးနိုင်အောင် ဆိုပြီး ဂူ၀နှစ်ဖက်ကို ပိတ်ဆို့ထားပါတယ်။ ဒါကိုသိနေတဲ့ ရသေ့ကြီးဟာ သူ့ရဲ့စျာန်အဘိဥာဏ်နဲ့ ဆင်းတုတော်ကိုပွေ့ပိုက်ပြီး ဂူပေါ်တည့်တည့်ကနေ ပျံတက်သွားပါတယ်။ အနော်ရထာဘုရင် လွှတ်လိုက်တဲ့ စစ်သည်တွေဟာ အကြိမ်ကြိမ်ပင့်ပေမယ့် မရတဲ့အတွက်ကြောင့် နှစ်တွေ ကြာလာတဲ့အခါ ပုဂံကိုမပြန်တော့ပဲ အဲဒီမှာနေထိုင်သွားပါတယ်။ 

ဂူရဲ့တောင်ဘက်သုံးဖာလုံဝေးတဲ့ တောင်ထွတ်တစ်နေရာမှာ စစ်သည်ခုနစ်ရာစခန်းချတာကိုစွဲပြီး ဒီကနေ့ထိ ခုနဈရာဝိုငျးလို့ ခေါ်ကြ ပါတယ်။ ရသေ့ပျံတာကိုစွဲပြီး သရက်ဖြူရွာကိုလည်း ရသေ့ပျံလို့ ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြပါတယ်။ အဲဒီနေရာမှာ နေထိုင်ခဲ့တဲ့စစ်သည်တွေထဲမှာ မနုဟာမင်းရဲ့ ပန်းပု၊ ပန်းတည်း ပညာရှင်တွေ ပါတာ ကြောင့် သူတို့တွေကပဲ ဆက်လက်သာသနာပြုသွားကြပါတယ်။

ထူးခြားတွေ့ရှိမှုများ

၁။ မြို့ရိုးသဖွယ်ရှိနေတဲ့ မိုးပျံကျောက်ဖျာလိုဏ်ဂူကြီး 

မိုးတွင်းကာလ ကျလာတဲ့ကျောက် စက်၊ ကျောက်ခက်၊ ကျောက်နွယ်တွေကြောင့် ကာလကြာလာရင် ကျောက်ဖျာကြီး ကွယ်သွား နိုင်ပါတယ်။ ၁၃၆၂-ခုက အဲဒီအပေါ် ငြမ်းဆင်တက်တဲ့အခါ ပကတိကျောက်ဖျာလို ချောမွေ့နေ ပေမယ့် ခုတော့ ဆင်ခြေလျှောသဏ္ဍာန် ဖြစ်နေလို့ အရင်ကထက် ပိုခက်လာမယ်ထင်ပါတယ်။

၂။ဂူအပေါ်က ကျောက်အမိုးပေါက်တစ်ခု  

ရသေ့ထွက်သွားတဲ့နေရာဖြစ်ပြီး စေတီရဲ့ အပေါ် တည့်တည့်ဖြစ်ပါတယ်။ အဲဒီနေရာကလည်း ကျောက်စက်ရေတွေကြောင့် နောင်အခါ အပေါက်ပိတ် လို့ အလင်းရောင် ကွယ်နိုင်တဲ့အနေထားနဲ့ ကြုံလာနိုင်ပါတယ်။

၃။ရသေ့ဆေးထောင်းတဲ့ ကျောက်ဆုံတစ်ခု  

လိုဏ်ရဲ့မြောက်ဘက် ဂူထဲ၀င်၀င်ချင်း ခုနစ်ဆူ ဘုရားညာဘက်အနိမ့်ပိုင်းမှာ ရှိပါတယ်။ ဘုရားဖူးတွေက ရောဂါပျောက်တယ်လို့ ယုံကြည်ပြီး ပွတ်သတ်သွားကြလေ့ရှိပါတယ်။

၄။ရသေ့မှောက်ထားခဲ့တဲ့ ဆေးသွေးကျောက်ဖျာကြီးတစ်ချပ်  

ရသေ့သမီးဂူ၀ကနေ ညာဘက်လူသွားလမ်းကျဉ်းကိုဖြတ်ပြီး ပေ ၂၀-ခန့်မှာ ၁၅-ပေခန့်ကျယ်တဲ့ လိုဏ်ခန်းငယ်တစ်ခု ရှိပါတယ်။ အဲဒီမှာ ကျောက်ထိုင်ခုံတစ်ခုနဲ့ ဆေးသွေးကျောက်ပြင်ရှိပါတယ်။ ကျောက်ပြင်ရဲ့ အလယ်ကကျောက်ခွက်ကိုလည်း ယုံကြည်သူတွေက ပွတ်သတ်သွားကြလေ့ရှိပါတယ်။

၅။ရသေ့သမီးဂူ (ခ) အိုက်သိုက်ပျော်  

ဂူထဲကချောက်ကမ်းပါးကိုဖြတ်ပြီး ကိုက် ၁၀၀-ကျော်ခန့်မှာ ရှိပါတယ်။ ရုပ်ပွားဆင်းတုတွေကို မတွေ့ရပဲ ကျောက်ပြင်ကြီးတစ်ချပ်ပဲ တွေ့ရပါတယ်။ တောင်ခြေကနေ ပေ ၂၀၀-ခန့်မှာရှိပြီး ပေ ၁၀၀-ခန့် ကျယ်ပါတယ်။ ၁၂၅၄-ခုနှစ်ခန့်ကနေစပြီး ရဟန်းတော်ဦးဆံဖြူ နေထိုင်ခဲ့တဲ့ ဂူဝြဖစ်ပါတယ်။ ဦးဆံဖြူဟာ သူ့ရဲ့ကျောင်းသားတစ်ယောက်နဲ့ အတူ ငွေဒင်္ဂါးလုပ်ခဲ့ဖူးတယ်လို့ ရှေးလူကြီးတွေ ဆိုကြပါတယ်။

ရသေ့ပျံရဲ့သမိုင်းအပိုင်းအစများ

ရှေးလူတွေက နှောင်းလူတွေအမှတ်ရနိုင်ဖို့ ရုပ်တုတစ်ခုစီမှာ အချိန် ၁၀၀-ခန့် ကြီးမားတဲ့ ရသေ့နဲ့ဇော်ဂျီရုပ်တု ထုလုပ်ထားပေမယ့် မသမာသူတွေရဲ့ စီးပွားရေးလောဘကြောင့် အခိုးခံခဲ့ရ ပါတယ်။ ဆယ်ဘီးကားနဲ့သယ်ရလောက်အောင်များတဲ့ လက်ကျိုး၊ ခြေကျိုး၊ ဦးခေါင်းပဲ့ မဏိတော် အမျိုးမျိုး၊ မုဒြာဟန်အမျိုးမျိုး၊ သစ်သားရုပ်တုအမျိုးမျိုး၊ ခေတ်လက်ရာအမျိုးမျိုး၊ အရွယ်စားအမျိုးမျိုး၊ ပလ္လင်တံကဲအမျိုးမျိုးတွေကို ဂူထဲက ခုနစ်ဆူဘုရားစေတီကြီးရဲ့ အုတ်ရိုးခြေရင်းမှာ စုံပုံထားတာ ရှိပေမယ့် အချို့ရုပ်ပွားဆင်းတုအကျိုးအပဲ့တွေက နည်းအမျိုးမျိုးနဲ့ မှောင်ခိုစျေးကွက်ကို ရောက်ကုန် ကြပါပြီ။

 အဲဒီရုပ်ပွားဆင်းတုတွေက အနော်ရထာဘုရင့်စစ်သည်တွေရဲ့ ကောင်းမှုလို့ ဆိုကြပါတယ်။ ပုဂံ၊အင်း၀၊တောင်ငူ၊ကုန်းဘောင်ခေတ် ဆင်းတုလက်ရာတွေဖြစ်ပြီး ကော့ဂွန်းဂူမှာလိုပဲ အုတ်၊ ကျောက်၊အင်္ဂတေ၊သစ်သားတွေနဲ့အရွယ်အမျိုးမျိုး၊ အနေအထားအမျိုးမျိုးနဲ့ ထုလုပ်ထားတဲ့ ရုပ်ပွား ဆင်းတုတွေ ရုပ်လုံးရုပ်ပွားစေတီတွေ ဖြစ်ပါတယ်။ ဂူအပြင်ကျောက်ကမ်းပါးယံနဲ့ ဂူတွင်း ကျောက်နံရံမှာ ကျောက်ခက်ပန်းဆွဲတွေ သုံးလက်မ၊လေးလက်မခန့်ရှိတဲ့ ရုပ်လုံးရုပ်ကြွတွေ ရှိပါ တယ်။ 

နံရံကပ်အုတ်ခွက်ဘုရားတွေရဲ့သက်တမ်းကို အတိအကျမပြောနိုင်ပေမယ့် ဂူအမိုးပေါ် အမြင့် ပေ ၁၅၀-လောက်မှာ ပထမအုတ်ခွက်ဘုရားတွေ ထွင်းထုထားပြီး တစ်နေရာမှာ အနီရောင်ဆေးနဲ့ ကမ္ဗည်းစာလေးကြောင်းတွေ့ရပါတယ်။ ၁၃၆၂-ခုနှစ်၊ တော်သလင်းလပြည့်မှာ စာရေးဆရာ မန်းသင့်နောင်နဲ့ မန်းလင်းမြတ်ကျော်တို့က လက်ရေးစင်းအုတ်ချပ်တွေကို တူးဖော်လေ့လာတဲ့အခါ ကော့ဂွန်းဂူမှာတွေ့ရတဲ့ အုတ်ချပ်နဲ့အရွယ်စားတူညီတဲ့ ကန့်လန့်ဖြတ် လက်ရေးစင်းသုံးကြောင်း ပုံစံတူတွေ့ခဲ့ပါတယ်။ 

၁၄-၄-၂၀၁၂ တနင်္ဂနွေနေ့မှာ ဂူဘေးမှာရှိတဲ့ ဘေးမဲ့ကန်ကို တူးဖော်တဲ့အခါ အနက်သုံးပေခန့်အရောက်မှာ လက်ရေးစင်းအုတ်နဲ့လုပ်တဲ့ ရေတွင်း တစ်တွင်းကိုတွေ့ရပါတယ်။ ဆက်တူးဖော်တဲ့အခါ အနက်အုတ်ချပ် ၁၉-ချပ်၊ အဝိုင်းအုတ်ချပ် ၁၈-ချပ်၊ ရေတွင်းအချင်း ၆-ပေခွဲ၊ အနက် ၇-ပေ ရှိတာကို တွေ့ရပါတယ်။ အုတ်တစ်ချပ်ကို အလျား ၁၄-လက်မ၊ အနံ(အရင်း) ၁၁-လက်မ၊ အလျား ၇-လက်မ၊ ထု ၃-လက်မခွဲ ရှိပြီး အဝိုင်းသဏ္ဍာန်ဖြစ်ကာ အရင်းကြီးပြီး အဖျား သေးတာကို တွေ့ရပါတယ်။ 

တစ်ချို့အုတ်ချပ်တွေကတော့ မျဉ်းကြောင်းမျဉ်းကွေးတွေမှာ အလျား လိုက်၊ ဒေါင်လိုက်၊ ကန့်လန့်ဖြတ်ကြက်ခြေခတ်စတဲ့ ပုံစံအမျိုးမျိုးရှိနေပါတယ်။ အဲဒီလိုအုတ်ချပ်မျိုးက ပျူခေတ်ထွန်းကားစဉ်က ဗိဿနိုးဟန်လင်း သရေခေတ္တရာမြို့ဟောင်းကြီးများရဲ့မြို့ရိုးနဲ့ နံရံ အဆောက်အဦးတွေမှာ တွေ့ရှိရတဲ့အုတ်ချပ်မျိုး ဖြစ်ပါတယ်။

credit မူရင်း

No comments