New Artical

ပန်ထွာဘုရင်မ၏ ကျေးဇူးရှင်ဖြစ်သည့် ရ​သေ့ကြီး ဖြစ်ခဲ့သော သဲဖြူဆရာတော် နှင့် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူသည့် ဒွတ္တဘောင်မင်း ဝင်စားသည့် ရဟန်းတော်


 "ပန်ထွာဘုရင်မ၏ ကျေးဇူးရှင်ဖြစ်သည့် ရ​သေ့ကြီး ဖြစ်ခဲ့သော သဲဖြူဆရာတော် နှင့်  မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး  မိန့်ကြားတော်မူသည့်  ဒွတ္တဘောင်မင်း ဝင်စားသည့် ရဟန်းတော် ''

သဲဖြူတောရဆရာတော်၏ မူလသီတင်းသုံး တရားပြရာနေရာသည်  မှော်ဘီမြို့နယ်  အမှတ် ၄ လမ်းမကြီး ဘေးရှိ သဲဖြူလယ်တီတောရဖြစ်ပါသည်။

တစ်ခါတွင်မူ ဆရာတော်သည် တစ်ဝါမျှ  တရားအားထုတ်ကျင့်ကြံ ​တော်မူရန် မဟာမြိုင်တောကြီး၏ အလယ်ဗဟိုချက်မ ​နေရာသို့ တစ်ပါးတည်းကြွရောက်ပြီး  ယာယီတဲကျောင်းဖြင့် နေထိုင်တော်မူရာ... အတိတ်ဘဝက ဆရာတော်မှ ကယ်တင်စောင့်ရှောက် ပေးခဲ့ရသည့် ယခုမဟာမြိုင်တော၏ တောစောင့်နတ် ဖြစ်နေသူ ပန်ထွာဘုရင်မကြီး လာရောက်၍  ​တော၏အလယ်ဗဟို ချက်မနေရာတွင် ​လေးကျွန်းရန်အောင် စေတီတော်မြတ်ကြီးအား တည်ထားပါရန် လျှောက်ထားတောင်းပန်ခဲ့သည် ။

" သဲဖြူဆရာတော် အရှင်မြတ်...တပည့်တော်မ  ပန်ထွာကို အရှင်ဘုရား၏ သီလ သမာဓိနဲ့ ဦးဆောင်ပြီး ဘုရားတည်ပေးမှသာ လူဘဝကို တစ်ဖန်ပြန်လည်  ရရှိပြီး သာသနာပြုနိုင်ပါမည် အရှင်ဘုရား၊ ဘုရားတည်ပေးတော်မူပါ ဘုရား...  "
" ဟဲ့ ဒကာမကြီး ... ဘုရားတည်တယ်ဆိုတာ ‌ငွေရော၊ လူအင်အားရော ပြည့်စုံမှဟဲ့ ၊ဘုန်းကြီးမှာ ငွေတစ်ကျပ်တောင် ရှိတာ မဟုတ်ဘူး ... "
" အရှင်ဘုရားကသာ ဘုရားတည်ပေး မယ်လို့ အမိန့်ရှိပါ ဘုရား ၊ချက်ချင်းဖြစ်စေရပါမယ်  ..."
" နေပါဦး ဒကာမကြီးရယ် ... ဆရာတွေကို မေးမြန်းပါဦးမယ် ၊ ဖြစ်သင့်ချိန်ကျရင်တော့ ဖြစ်ရမှာပေါ့လေ ..."
သဲဖြူဆရာတော်လည်း စိတ်မကောင်းကြီးစွာနဲ့  ပန်ထွာဘုရင်မကို နှစ်သိမ့်ရင်း မဟာမြိုင်တောကြီးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကျင့်ကြံ အားထုတ်တော် မူနေတဲ့  မဟာဗောဓိမြိုင်ဆရာတော်ကြီး ဆီကို
သွားရောက် ရှောက်ထား တင်ပြတော်မူပါတယ်။ မဟာဗောဓိမြိုင်ဆရာတော်ကြီးက ခေါင်နန်းပလ္လင်မှာ သီတင်းသုံးနေချိန်ဖြစ်သည်။ 

မဟာဗောဓိမြိုင် ဆရာတော်ကြီးက  သဲဖြူဆရာတော်ကို မိန့်မှာပုံလေးက ကြည်နူးဝမ်းသာစရာပါ ... " မောင်သဲဖြူ လုပ်မှ အောင်မြင်မှာ... ရဲရဲသာလုပ် " တဲ့ ။  ဘုရင်မကြီးအတွက် ဘုရားတည်ပေးနိုင်တော့မှာမို့ သဲဖြူဆရာတော် ဝမ်းသာသွားပါတယ်။ ဒွတ္တဘောင် မောင်တော်ဟာ  သာစည်မြို့အနီးက ရွှေကျောင်း ကုန်းတောင်မှာ ရဟန်းဘဝနဲ့ တရားထူးရပြီး လွတ်မြောက်သွားခဲ့ပြီဆိုတာ  သိနေတော့ ဘုရင်မမှာ လက်စားချေစရာလည်း  မရှိတော့ပါဘူး။  ဘဝသံသရာ အဆက်ဆက် မောခဲ့ပါပြီ ။ ဒီဘဝတော့ ကျွတ်ချိန်တန်ပါပြီလို့ သတ်မှတ်ထားပြီ ထင်ပါရဲ့ ... ။

(fb.မိတ်ဆွေ မဟာဗောဓိမြိုင်ဆရာ‌တော်ရဲ့ နောက်လိုက်တပည့်ရင်းဖြစ်တဲ့ ဆရာခင်မောင်ညွန့်ရဲ့ ဖြည့်စွတ်ပေးပို့ချက်ကို  ထပ်မံဖြည့်စွက် ဖော်ပြပေးလိုက်ပါတယ် ။)
ဒွတ္တဘောင်ဘုရင်ရဲ့ ယခု လူ့ဘဝ ငယ်နာမည်က ကိုကျော်အောင် ။ ယခု ရဟန်းဘဝနဲ့ သာစည်ရွှေကျောင်းတောင်မှာ  သတင်းသုံးနေပါတယ် ။ ဝါတွင်းကာလမှာ မိုင်းပျဉ်းမြို့နယ် ဘုန်းတော်ပြည့် တောင်မှာ သတင်းသုံးပါတယ်။ ဆရာတော် ဥူးဩဘာသ ဖြစ်ပါတယ်။ရဟန်းကိစ္စ ပြီးမြောက်သွားပြီလို့ ယုံကြည်ကြပါတယ် ။ တနေ့ပေါ့ ... ဆရာတော် ဥူးဩဘာသဟာ မဟာမြို့င်က ဆရာအရင်းဖြစ်တဲ့ မဟာဗောဓိမြိုင်ဆရာတော်ဆီ သွားဖို့ သာစည်ကို ဆိုင်ကယ်နဲ့ လှူဖွယ်ပစ္စည်းသွားဝယ်တယ် ။ လမ်းမှာ ဆိုင်ကယ် မတော်တဆဖြစ်ပြီး ခြေ​ထောက်​ ထိခိုက်သွားလို့ မလာနိုင်တော့ကြောင်း ဆရာတော်ကြီးဆီ လှမ်းလျှောက်တယ်။ မဟာဗောဓိမြိုင်ဆရာတော်ကြီးက  " အမယ် .. ဟိုက လာမယ်လို့ ကြံခါရှိသေး ၊လာများသာ လာရင် အသက်တောင် ရန်ရှာမလား မသိဘူး" လို့ မိန့်​ သတဲ့ ။ ဆရာတော်ကြီးက " မိပန်ရယ် ... နင့်ကို ယခင်တုန်းက အဆောင်အယောင်တွေနဲ့ မြင်ချင်လိုက်တာ "လို့ မိန့်လိုက်ရာမှာ  ည ၁၁ နာရီလောက်မှာ ကရဝိတ်ဖောင်တော်ကြီးနဲ့  စစ်သည်ဗိုလ်ပါ အလုံးအရင်းနဲ့ဆင်၊မြင်းတွေနဲ့ ဖန်ဆင်းပြတယ်။

" အရှင်ဘုရား ... တပည့်တော်တို့ အစုံညီ ရောက်ရှိကြောင်းပါ ဘုရား" လို့ မျက်နှာလွှဲပြီး လျှောက်တင်တယ် ။ ဆရာတော်ကြီးက ပန်ထွာမင်းသမီးကို မိပန်‌လို့ပဲ ခေါ်ပါတယ် ။
" ဟဲ့ ... မိပန်  နင်အစွဲကြီးလွန်းလှတယ်။ စွဲနေသမျှ လောင်ကြွမ်းနေမှာပဲ။ နင့် ပါရမီဖြည့်ဖက်က သူတော်စင် ရဟန်းဖြစ်နေပြီ၊  နင့်ကို မစွဲတော့ဘူး။ ဘယ်သူ့မှလည်း မစွဲတော့ဘူး ။ ဘုရားရှင်ကို ဖူးခဲ့ရတာချင်း အတူတူ သူက ဒုက္ခရဲ့ လွတ်မြောက်ရာ ရှာတွေ့သွားခဲ့ပြီ ။ (ပွေးဖို၊ပွေးမ ဘဝကို ရည်ညွှန်းဟန် တူပါသည် ) ဘဝ လွတ်မြောက်ရာ ရှာတွေ့သွားပြီ ၊နင်လည်း အစွဲလွတ်အောင် ရှာကြံပေတော့ " လို့ မိန့်လိုက်ရာမှာ.. ကြူကြူပါအောင် ငိုရှာပါတော့တယ်။
"တပည့်တော်မ ကြိုးစားပါ့မယ်ဘုရား "
ဆရာတော်ကို ဦးချကန်​တော့ ပြီး ပျောက်သွားခဲ့ပါတယ် ။ သနားစရာ အဖြစ်အပျက်ကလေးကို ပြောပြပေးတဲ့ ဆရာတော်ကြီးရဲ့ အနီးကပ်တပည့် ဆရာဦးခင်မောင်ညွန့်ကို ကျေးဇူးတင်ပါတယ် ။

မဟာဗောဓိမြိုင်ဆရာတော်ကြီးဆိုတာကလည်း ... တခါက ...ပန်ထွာဘုရင်မလေးရဲ့ တဖက်သတ် ‌ချစ်ခင်၊လေးစား၊အားကိုးခဲ့ရတဲ့ စစ်သူကြီးဆိုတာ  စာဖတ်ပရိတ်သတ်များ သိစေချင်ပါတယ် ။
(စကားချပ်)
သဲဖြူဆရာတော်ဟာ မဟာမြိုင်တောကြီးထဲကို ကြွမလာခင် မှော်ဘီက သဲဖြူတောရကျောင်းမှာ သတင်းသုံးနေချိန်  ပန်ထွာဘုရင်မက လာရောက်ပင့် ဖိတ်ခဲ့ခြင်း ဖြစ်တယ်လို့  သိရပါတယ် ။ ဘုရင်မကြီးဟာ ၂၀၁၀ ခုနှစ်မှာ မှော်ဘီ  သဲဖြူတောရကျောင်းမှာ သတင်းသုံးနေတဲ့  သဲဖြူဆရာတော်ကို သုံးကြိမ်တိုင်အောင်
သွားပင့်ပါတယ် ။ " မဟာမြိုင်တောကို ကြွရောက် သာသနာ ပြုပေးပါ ဘုရား " ပေါ့ ။ သုံးကြိမ်တိုင်အောင် ပင့်ဖိတ်လာတော့လည်း  အတိတ်ဘဝတွေက ပဌာန်းဆက်တွေကြောင့် သက်န်းသုံးထည်၊ သပိတ်တစ်လုံး ပိုက်ပြီး မဟာမြိုင်တောရစခန်းကို ကြွမြန်းခဲ့ရပါသတဲ့ ... ။ မဟာမြိုင်တောဆိုတာ နေပျောက်တောင် မထိုးတဲ့ တောနက်ကြီးဖြစ်ပြီး တန့်ဆည်မြို့နဲ့ ကလေးဝကြားမှာ တည်ရှိပါတယ် ။ သမာဓိမရှိတဲ့ ဘုန်းကြီးရဟန်း‌တွေ ပျံလွန်တော်မူပြီး၊ သစ်ခိုးသမား‌တွေတောင် မသွားရဲ တဲ့ဒေသ၊ ဘုရားစာရွတ်ရင် ၊ဘုရားအာရုံပြုရင်​ဘေးဖြစ်တယ်လို့ ကျော်ကြားတဲ့ ဒေသပါ ။ သဲဖြူဆရာတော်ဆိုတာ ... အသက်ရှစ်နှစ်ကတည်းက ကမ္မဌာန်း တရားကို ကျင့်ကြံအားထုတ်ခဲ့သူ ဖြစ်ပါတယ် ။ အသက် ၁၃ နှစ် ကိုရင်ဘဝမှာ အသုဘကမ္မဌာန်းကို ကျင့်ကြံအားထုတ်ခဲ့ပါတယ် ။ သက်တော် ၂၀ မှာ တောနက်ကြီးတွေ၊လှိုက်ဂူတွေ၊ သုဿန်တစပြင်တွေမှာပဲ လှည့်လည် ကျင့်ကြံအားထုတ်ပါတယ် ။ အထူးသဖြင့် ဇင်းကျိုက်တောင်၊ ပွတ်တာတောတွေ အပါအဝင် လူသူအရောက် အပေါက်နဲတဲ့ တောကြီးတွေမှာပဲ  သတင်းသုံး၊ ကျင့်ကြံခဲ့ပါတယ်။ ရောက်တဲ့နေရာတိုင်းမှာ သပိတ်တစ်လုံး၊သက်န်းသုံးထည်နဲ့သာ  ကြွရောက်ပြီး ၊ဘယ်ကိုကြွမယ်ဆိုတာလည်း လူသိမခံပါဘူး။ ရောက်တဲ့ဒေသမှာ ကျောက်းသက်န်းရယ်လို့ မရှိပဲ ဂူရှိရင် ဂူ ... ဂူမရှိရင် သစ်ပင်အောက်မှာပဲ  နေထိုင် သတင်းသုံးပါတယ် ။ သဲဖြူဆရာတော်ဟာ စတုတ္တဈန်ကို အိန္ဒိယက ဂူတစ်ခုထဲမှာ သုံးလကျင့်ကြံပြီး ပြန်အကြွမှာ အိန္ဒိယက ရွာသားတွေက မှော်ဘီထိ လိုက်လာပြီး ရှိခိုးကြသတဲ့ ။

ဆရာတော်ဟာ ဂူထဲမှာ သုံးလ လုံးလုံး ဆွမ်းမခံပဲ ပြန်လဲထွက်မလာပါဘူးတဲ့။ ထူးဆန်းလွန်းလို့ ဖူးမြော်ချင်လွန်းအားကြီးလို့  ဆရာတော်ကို စုံစမ်းပြီး လိုက်ရှာခဲ့ကြပါသတဲ့။ ဆရာတော်ကြီးဟာ မဟာမြိုင်တောကြီးမှာ ၉ လ  တိုင်တိုင်သီတင်းသုံးခဲ့ပါတယ် ။ မဟာမြိုင်တော ရောက်ရောက်ချင်း စောင့်နေကြတဲ့ ဒကာတွေက  တစ်ယောက်စာ ဝါးတဲလေး ချက်ချင်းထိုးပေးကြတယ်။ အရပ်ထောင်ထောင် မောင်းမောင်း ပိုးဖဲကတ္တီပါရင်ဖုံး  ဝတ်ထားတဲ့ ယောက်ျားကြီးက နေ့တိုင်းဆွမ်းလောင်းတယ်။ သူတစ်ဦးနဲ့တင် သပိတ်ပြည့်ပါသတဲ့ ။ ပထမ ၃ လအပြည့်မှာ ပြန်မယ်လုပ် တော့ တောစောင့်နတ်တွေက ဝိုင်းတားကြလို့ ဒုတိယသုံးလ ဆက်သတင်းသုံး နေထိုင်ပါတယ် ။ ဒုတိယသုံးလအတွင်းမှာ ဆရာတော်ကြီး အသဲအသန် နာမကျန်းဖြစ်တယ် ။  ပန်ထွာနဲ့ စန္ဒမုခိတို့ဟာ သူတို့နန်းတွင်းအထိပင့်ဖိတ်ပြီး ကုသပေးလို့ သူတို့ကျေးဇူး ရှိသွားတဲ့အတွက် မပြန်တော့ပဲ ဒုတိယသုံးလ ဆက်သတင်းသုံးပြန်ပါတယ်။  ဒုတိယသုံးလပြည့်လို့ ပြန်မယ်လုပ်တဲ့အခါ  ပန်ထွာဘုရင်မကိုယ်တိုင် ကိုယ်ထင်ပြပြီး မပြန်ဖို့ တောင်းပန်ပါတယ်၊ လူ့ဘဝ ပြန်နိုင်ဖို့အတွက် ဘုရားတည်ပေးဖို့ လျှောက်ပါတယ် ။ သဲဖြူဆရာတော်ကလည်း မဟာဗောဓိမြိုင် ဆရာတော်ရဲ့ ဩဝါဒခံယူ ရရှိပြီးတဲ့  အတွက် ဘုရားတည်ပေးဖို့ ကတိပေးလိုက်ပါတယ် ... ။ ထူးဆန်းတာက ဘုရင်မကြီးရဲ့ ဘုရား တည်တော့မယ်ဆိုကတည်းက ရွှေငွေ လှူဒါန်းကြသလို၊ အုတ်၊ ဘိလပ်မြေ လာလှူ သူတွေလည်း မပြတ်ဘူးလို့ ဆိုပါတယ် ။ ဆရာတော် ငွေပြတ်သွားရင် ဦးကြီးတစ်ယောက်ဟာ  ဆာလာအိပ်နဲ့ အပြည့်ထမ်းပြီး လာလှူပါသတဲ့ ။ ဘယ်လိုသိလဲလို့ ဆရာတော်က မေးရင် မဖြေပါဘူးတဲ့။ ဦးချပြီး ပြန်ထွက်သွားပါသတဲ့ ။  ပန်ထွာရဲ့ ဆွေတော် မျိုးတော်တွေ ဖြစ်ပါသတဲ့ ။ အံ့ဩစရာ ဖတ်မှတ် ကြားသိခဲ့ရတာလေးတွေကို မျှဝေ တင်ပြပေးတာပါ ။ ဒီပါအေးမြ ကုန်းတော်ပေါ်မှာ လေးကျွန်းရန်အောင်စေတီတော်ကို တည်ထားခဲ့ပါတယ်။  စေတီတော်ဟာ မဟာမြိုင်ရဲ့ အလယ်ဗဟိုချက်မမှာ တည်ထားတာတဲ့ ။ လွန်ခဲ့တဲ့ ၃ နှစ်ကထီးတင်ခဲ့တာလို့ သိရပါတယ် ။ မဟာမြိုင်‌တောကြီးက တန့်ဆည်နဲ့ ကလေးဝကြားမှာ ရှိပါတယ် ။ အချုပ်အားဖြင့် တင်ပြပေးချင်တာက.. ပန်ထွာဘုရင်မ နေထိုင်ပြီး သာသနာပြုနေတဲ့  မဟာမြိုင်တောကြီးထဲကိုရောက်ခဲ့ရင် ၊နောက်ပြီး သူ့ရဲ့  နန်းတော်တွေနဲ့ ဘုရားတွေ ရှိခဲ့တဲ့ဗိဿနိုးမြို့ကို ရောက်ခဲ့ရင် ...  ဘုရင်မကြီးကို ရည်မှန်းပြီး မေတ္တာပို့ပါ ။ ပန်းလှူပါ ။အမျှဝေပေးပါ။ ပါးစပ်ကို ထိန်းပါ။မဟုတ်တာတွေ မပြောမိပါစေနဲ့ ။ မဟာမြိုင်တောဟာ ဒွတ္တဘောင်ဘုရင်ရဲ့တပ်တွေနဲ့ အပြန်အလှန်တိုက်ခိုက်ကြရင်း  စစ်ရှုံးလို့ ရှောင်တိမ်းရင်း ပန်ထွာဘုရင်မရဲ့ ရုပ်အလောင်းကို စန္ဒမုခိဘီလူးမ မယ်တော်ကြီးဟာတန်ခိုးနဲ့ ထမ်းလို့ မဟာမြိုင်ကို ယူ ဆောင်သွားခဲ့တယ်လို့ ကြားခဲ့ မှတ်ခဲ့ ရဖူးပါတယ် ။ဘာပဲဖြစ်ဖြစ် မဟာမြိုင်ရော၊ဗိဿနိုးရောဟာ ဂမ ္ဘီရနယ်မြေတွေ  ဖြစ်ပါတယ် ။

သူနဲ့ပဌာန်းဆက်ရှိခဲ့သူတွေနဲ့ သူ့ကို‌မေတ္တာပို့ အမျှပေးသူတွေကို  သူက တအားစောင့်ရှောက်ပါသတဲ့ ။ တကယ်လည်း အောင်မြင်ကြပါသတဲ့ ။  အထူးတင်ပြချင်တာက ... ပဌာန်းဆက်အရ သာသနာပြုနေကြတဲ့
အထက်ပါ ဆရာတော်ကြီးတွေဟာ တွေ့ရခဲ၊ ဖူးရခဲတဲ့  ဆရာတော်ဘုရားကြီးတွေ ဖြစ်ပါကြောင်း
သိစေချင်ပါတယ်။ ဆရာတော်ဘုရားကြီးများ သက်တော်ထင်ရှား  ရှိနေကြစဉ် ကာလအတွင်း ဆရာတော်တို့ရဲ့  သာသနာပြုလုပ်ငန်း တွေကို ကိုယ်အား ၊ငွေအား ၊ ဉာဏ်အားတို့ ဖြင့် ပါဝင်ကုသိုလ်ယူခြင်းအားဖြင့် ထူးခြားသော ဘဝထိုထိုကို ခဏတာ အတွင်း ရောက်ရှိလို့  ဆန်းကြယ်မှု အလီလီကို တွေ့ကြုံကြရမှာ အမှန်ဖြစ်ပါကြောင်း  တိုက်တွန်း နိုးဆော်ပေးလိုက်ပါတယ် ။  သူတော်စင်၊ သူတော်မြတ်ကြီးတွေဆီ အရောက်
သွားနိုင်ကြပါစေ ။သာသနာပြုနိုင်ကြပါစေ ။    

No comments