New Artical

လေဒီလေးတို့အတွက် မိန်းမကိုယ်အနံ့ဆိုး ကင်းစင်အောင်နေထိုင်နည်း


ဒီနေရာမှာ သိထားဖို့ လိုတာကတော့ အနံ့ဆိုးနဲ့ ရိုးရိုးအနံ့ဟာ မတူဘူးဆိုတာပါ။ အနံ့ဆိုးဆိုတာကတော့ ချွေးအပြင် ဘက်တီးရီးယားပိုးတွေပါ အောင်းနေတာ၊ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းလို့ ထွက်ရတာပါ။ ရိုးရိုးအနံ့ကတော့ မိန်းမကိုယ်မှ မဟုတ်ပါဘူး။ အမျိုးသားတွေရဲ့ လိင်အင်္ဂါ မှာလည်း အနံ့အသက်က အနည်းငယ်တော့ ရှိနိုင်ပါတယ်။ ဒါကို လုံးဝပျောက်ကင်းအောင် ချွတ်ပစ်လို့ မရပါဘူး။ အဓိက တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးအတွက် အနံ့ဆိုးကင်းအောင် ဂရုစိုက်ပြီး ကိုယ့်ပုံမှန် ကိုယ်နံ့လောက်ပဲ ရှိနေအောင် ထိန်းသိမ်းခြင်းဟာ အသင့်တော်ဆုံးဖြစ်မှာပါ။

ဒါဆို ဘာတွေ ထိန်းသိမ်းပြုပြင်ကြမလဲ။

အလွန်အကျွံ ထိန်းသိမ်းနေဖို့၊ ဂရုစိုက်နေဖို့ မလိုပါဘူး။ ကိုယ့်မှာ အနံ့ဆိုးရှိနေရင်တောင် စိတ်အေးအေးထားပြီး ဒီအချက်တွေကို ပုံမှန်လေး လုပ်ပေးနေရင် ရပါတယ်။ အဓိကက တန်ဆေး၊ လွန်ဘေးပါပဲ။

၁။ တစ်ကိုယ်ရေသန့်ရှင်းမှုဟာ အဓိကသော့ချက်ပါ။

မိမိကိုယ်ကိုယ် သန့်ရှင်းသပ်ရပ်အောင် ဂရုစိုက် နေထိုင်ခြင်းဟာ ခန္ဓာကိုယ်အနံ့ဆိုး ထွက်မလာအောင် တားဆီးပေးနိုင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုတဲ့ နေရာမှာ

• တစ်နေ့ကို တစ်ကြိမ် ပုံမှန်ရေချိုးသန့်စင်ပေးခြင်း
• ဆီးသွားပြီးတိုင်း ရေနဲ့သေချာဆေးပေးခြင်း
• မိန်းမကိုယ်တစ်ဝိုက်ကို ခြောက်သွေ့အောင် ထားထားခြင်း စတာတွေ ပါဝင်ပါတယ်။

ဒါက နေ့တိုင်း မဖြစ်မနေ လုပ်ပေးရမယ့် သန့်ရှင်းရေးအချက်တွေ ဖြစ်ပြီး ကိုယ်ပုံမှန်လုပ်နေသမျှ ကာလပတ်လုံး အနံ့အသက်ဆိုးတွေ ကင်းစင်နေအောင် ထိန်းသိမ်းပေးထားနိုင်မှာပါ။

၂။ အတွင်းခံကို နေ့စဉ် လဲလှယ်ပါ။

ဒါကတော့ ကျန်းမာရေးကို အလေးထားသူတိုင်း မဖြစ်မနေ လိုက်နာရမယ့်အချက်ပါ။ အတွင်းခံတွေဟာ လိင်အင်္ဂါနဲ့ နီးကပ်စွာ ထိကပ်နေရတာဖြစ်ပြီး ချွေးနဲ့ ဘက်တီးရီးယားပိုးတွေကို အထဲမှာ ခိုအောင်းထားသလို ဖြစ်စေတဲ့အတွက် အပြင်ကနေ ပြန်လာတာနဲ့ အတွင်းခံကို အရင်ဆုံး ချွတ်လဲဖို့ လိုအပ်ပါတယ်။

နောက်တစ်ခု သိထားသင့်တာကတော့ ဝတ်တဲ့ အတွင်းခံရဲ့ အသားပါ။ မိန်းမကိုယ်က အမြဲလိုလို စိုထိုင်းနေတာ ဖြစ်လို့ ချွေးစုပ်နိုင်လောက်မယ့် ချည်သားမျိုးကိုပဲ အဓိက ရွေးချယ်သင့်ပါတယ်။ ဒါ့အပြင် ချည်သားဟာ ချွေးကိုစုပ်ပေးသလို အသားအေးစေတယ်။ အသားက မကြမ်းလို့ ပွတ်တိုက်ရင်တောင် မိန်းမကိုယ်ကို သိပ်ပြီး မယားယံစေပါဘူး။ ဒါကြောင့် ချည်သားအတွင်းခံမျိုးကိုပဲ အဓိကရွေးချယ်ပါ။

၃။ pH ထိန်းသိမ်းဖို့ မိန်းမကိုယ်သန့်စင်ဆေးရည်ကိုသာ ရွေးချယ်ပါ။

မိန်းမကိုယ် ကျန်းမာစေဖို့နဲ့ ရောဂါဘယရှင်းပြီး အနံ့ကင်းစေဖို့ pH level ဟာ သတ်မှတ်ထားတဲ့ အဆင့်မှာပဲ ရှိနေဖို့ လိုအပ်ပါတယ်။ ဒီလိုထိန်းသိမ်းဖို့ ဆပ်ပြာတွေအစား မိန်းမကိုယ်သန့်စင်ဆေးရည်တွေကိုသာ သေချာသုံးပေးသင့်ပါတယ်။ မိန်းမကိုယ် သန့်စင်ဆေးရည်တွေဟာ pH level ကို ထိန်းညှိပေးသလို အနံ့ဆိုးတွေ မဖြစ်အောင်လည်း ကာကွယ်ပေးလို့ အမျိုးသမီးတိုင်း မဖြစ်မနေ ဆောင်ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

မိန်းမကိုယ်ကို ဆေးကြောတဲ့အခါ ကိုယ်တိုက်ဆပ်ပြာအပြင်းတွေ သုံးတာထက် မိန်းမကိုယ်သန့်စင်ဆေးရည်ကိုပဲ သေချာသုံးပေးရပါမယ်။ သန့်ချင်ဇောနဲ့ အတင်းပွတ်တိုက်တာ၊ နှိုက်ချွတ်ဆေးကြောတာမျိုး လုပ်ဖို့ မလိုပါဘူး။

၄။ လိမ်းဆေးများ လိမ်းပေးခြင်း

အကြောင်း အမျိုးမျိုးကြောင့် မိန်းမကိုယ်မှိုစွဲတာ၊ အဖြူဆင်းတာ၊ သွေးဆင်းတဲ့အချိန်မျိုးမှာ အနံ့ဆိုးတွေ ထွက်နေတတ်ပါတယ်။ ဒီပြဿနာအတွက် အမျိုးသမီးရောဂါအထူးကု ဆရာဝန်နဲ့ သေချာပြသပြီး လိုအပ်တဲ့ လိမ်းဆေး၊ သောက်ဆေးတွေကို ဖြစ်တဲ့ ပြဿနာပေါ် မူတည်ပြီး မှီဝဲလို့ ရပါတယ်။ တကယ့်အကြောင်းရင်း ပြဿနာကို ကုသပျောက်ကင်းပြီးသွားတာနဲ့ အနံ့ဆိုးထွက်တာ သက်သာသွားနိုင်ပါတယ်။

ခုပြောပြခဲ့တဲ့ အချက်တွေကို နေ့စဉ်ပုံမှန် လိုက်နာခြင်းဖြင့် မိန်းမကိုယ်ကျန်းမာစေဖို့နဲ့ သန့်ရှင်းနေအောင် ဂရုစိုက်ပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာလုပ်ပေးရင် တစ်ပတ်လောက်အတွင်းမှာ မိန်းမကိုယ်ကထွက်တဲ့ အနံ့ဆိုးတွေ သိသိသာသာ လျော့နည်းသွားတာကို သတိထားမိမှာပါ။ အနံ့ဆိုးထွက်တာ အရမ်းပြင်းတယ်ဆိုရင်တော့ တခြားကျန်းမာရေးပြဿနာရှိ၊ မရှိ ဆရာဝန်နဲ့ သေချာပြသစစ်ဆေးကြည့်သင့်ပါတယ်။

Hellosayarwon

No comments