New Artical

"သူကြီးထုတ်ပြန်လေသော အမိန့်စာများ"

 


"သူကြီးထုတ်ပြန်လေသော အမိန့်စာများ"

 
(၁)
တခါက ရွာတစ်ရွာမှာ သူကြီး ဦးယောင်စိန် ဆိုတာရှိတယ်။ သူကြီးက စိတ်ရင်းကောင်းတယ်၊ ရပ်ရွာအကျိုး သယ်ပိုးချင်တယ်။ ဒါပေမဲ့ သူများ လာပြောရင် နားယောင်တတ်တယ်။ ရွာသားတွေ လိုက်နာဖို့ အမိန့်စာတွေအမျိုးမျိုး ထုတ်လေ့ရှိတယ်။ တစ်နေ့တော့ ရွာအရှေ့ပိုင်းက အပျိုခေါင်းကြီး ဗွေးတုတ်က သူကြီးအိမ် လာပြောတယ်။ "သူကြီးရေ ရွာသားတွေ စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်ကြတာလေ၊ ရွာထိပ်မှာ အမှိုက်ပုံကြီး ဟီးလို့တော့။ တော်ကြာ တစ်ရွာလုံး ကျန်းမာရေး ထိခိုက်ကုန်တော့မှာပဲ။ နဲနဲပါးပါး တားပါဦးလား" "အေး ဟုတ်သဟ၊ ငါလုပ်လိုက်မယ်"
သူကြီးက အမှိုက်ပုံနေရာမှာ ဆိုင်းဘုတ်သွားတင်ပြီး အမိန့်စာ ထုတ်လိုက်တယ်။

"အမှိုက်မပစ်ရ  . . .  ပုံ/ သူကြီး"

 
(၂)
နောက်တစ်ရက်ကျတော့ ရွာအနောက်ပိုင်းက ကာလသားခေါင်း သာဂိက သူကြီးဆီ ရောက်လာတယ်။ "ရွာထိပ်လည်း သွားကြည့်ပါဦး သူကြီးရယ်၊ ဆိုင်းဘုတ်တင်ထားလည်း ဂရုကို မစိုက်ဘူး၊ ပစ်လိုက်ကြတာမှ အမှုိက်တွေ ပိုတောင်များလာသေးတယ်။ ရိုးရိုးမရဘူးလေ၊ သူကြီးက အာဏာစက်ကို ပြင်းပြင်းလေးသုံးပြီးတားမှ ရမှာပေါ့" "အေး ဟုတ်သဟ၊ ငါလုပ်လိုက်မယ်"
သူကြီးက ဆိုင်းဘုတ်ကို သွားဖြည့်ရေးပြီး အမိန့်စာ ထုတ်လိုက်တယ်။

"အမှိုက်မပစ်ရ ပစ်လျှင် ထိပ်တုန်းခတ်မယ် . . .ပုံ/ သူကြီး"

 
(၃)
နောက်တစ်ရက်လည်းရောက်ရော ရွာမြောက်ပိုင်းက ဘုရားဒကာ ဦးသာဗျော သူကြီးအိမ် ပေါက်ချ လာပါရော။
"ဒီမှာ ကိုယောင်စိန်၊ ရွာထဲလည်း တစေ့တစောင်း အကဲခတ်ပါဦး၊ အကုန်လုံး ကြောက်လန့်ကုန်ကြပြီ။ ဘယ့်နှယ်ဗျာ၊ အမှုိက်ကလေးပုံရုံနဲ့ ထိပ်တုန်းခတ်မယ် ဆိုတာကတော့ ခင်ဗျားဟာက အာဏာပြလွန်းရာ မရောက်ဘူးလား" "အေး ဟုတ်သဟ၊ ငါလုပ်လိုက်မယ်"
သူကြီးက ဆိုင်းဘုတ်ကို သွားဖြည့်ရေးပြီး အမိန့်စာ ထုတ်လိုက်တယ်။

"အမှိုက်မပစ်ရ ပစ်လျှင်  ထိပ်တုန်းခတ်မယ် ခတ်မယ်ဆိုတိုင်းလဲ မကြောက်ကြနဲ့ . . . ပုံ/ သူကြီး"

 
(၄)
နောက်ရက်မှာ ရွာတောင်ပိုင်းက ပွဲကတော် ဒေါ်ဂျမ်းစိန် အော်ကြီးဟစ်ကျယ်နဲ့ သူကြီးအိမ် ဝင်လာတယ်။ "ကောင်းကြသေးရဲ့လား ကိုယောင်စိန်၊ ထိပ်တုန်းခတ်မယ်ဆိုတော့ အမှုိက်မပုံကြတော့လို့ တစ်ရက်ကလေး စိတ်ချမ်းသာမလို့ ရှိသေးတော်၊ ရှင်က မကြောက်ကြနဲ့ဆိုတော့ ပြန်ပစ်ကုန်ကြပါရောလား။ ဒီလို လျှော့ပေးလို့မဖြစ်ဘူးလေ ကိုယောင်စိန်ရဲ့" "အေး ဟုတ်သဟ၊ ငါလုပ်လိုက်မယ်"
သူကြီးက ဆိုင်းဘုတ်ကို သွားဖြည့်ရေးပြီး အမိန့်စာ ထုတ်လိုက်တယ်။

"အမှိုက်မပစ်ရပစ်လျှင်  ထိပ်တုန်းခတ်မယ် ခတ်မယ်ဆိုတိုင်းလဲ မကြောက်ကြနဲ့ မကြောက်နဲ့ဆိုတိုင်းလည်း မပစ်ကြနဲ့  . . .  ပုံ/ သူကြီး"

ရွာသားတွေခမျာ တစ်နေ့တစ်နေ့ သူကြီး ဘာအမိန့် ထပ်ထုတ်မလဲပဲ စောင့်ကြည့်နေရတယ်။ သူကြီးကလည်း ထုတ်တာပဲ၊ ရွာသားတွေကလည်း ဖတ်တာပဲ။ ဒါပေမယ့် အမိန့်စာက ဘာကို ဆိုလိုတယ်ဆိုတာ ရွာသားတွေ တစ်ယောက်မှ ကောင်းကောင်း သဘောမပေါက်ကြသလို ဘယ်လောက်အထိ အတည်ဖြစ်မယ်ဆိုတာလဲ မပြောနိုင်ကြဘူး။ အဲ... သူကြီးကို သွားမေးကြည့်လည်း သိမှာမဟုတ်ဘူးရယ်။

မောင်ဖိုးချွန်

No comments