နန်းမတော်မယ်နု နှင့် တိုင်းပြည် “ခိုက်” သောမြေးအဖွား (3)ဆက်
နန်းမတော်မယ်နုဟုဆိုလိုက်သည်နှင့် တိုင်းပြည် “ခိုက်” သောမြေးအဖွား (3)ဆက်
(ပထမအင်္ဂလိပ်-မြန်မာစစ်ရှုံးသူမယ်နု ၊သူ့သမီး ဆင်ဖြူမရှင် ‘နန်းတွင်းအာဏာလုပွဲ အတွက် မင်းတုန်းမင်း၏ သားတော်(40)ကျော်ကိုသတ် ကာ သီပေါမင်းကို သူ့သမီး စုဖုရားလတ်နှင့်လက်ထပ်ပေးသူ .. mမြေးမတော် စုဖုရားလတ် သီပေါမင်းကိုကျော်၍ အမိန့်မနာခံသော)ဟု နာမည်ဆိုးနှင့် ကျော်ကြားသူ အဖြစ်သိကြသလို အင်းဝရှိ မယ်နုအုဋ်ကျောင်းကိုလည်း မြင်ယောင်မိကြမည်ဖြစ် ပါသည်။
ဟုတ်ပါသည် မယ်နုသည် မဟာအောင်မြေဘုံစံ မယ်နုအုဋ်ကျောင်းကြီး၏ ဒကာမဖြစ်သလို သူမဘဝ၏ အံ့ဖွယ်အတိတ်ကံ အကျိုးပေး၊ ပင်ကိုယ် စိတ်ထက်မြက် ကြွပ်ဆတ်မှု ၊ အတ္တကြီးပြီး အကြောက်တရား ကင်းမှု၊ ဆင်ခြင်တုံတရား နည်းပြီး တဇွတ်ထိုးနိုင်မှုတို့က သူမကို အထွဋ်အထိပ်သို့ ရောက်ရှိစေခဲ့သည်။
နန်းမတော်မယ်နုသည် ဖလံခုံရွာဇာတိထောင်မှူး သီဟကျော်စွာဘွဲ့ခံ ဦးလှုပ်နှင့်ဒေါ်ငယ်တို့မှ 18.June.1783 အင်းဝမြို့၌ မွေးဖွားသည်။ မွေးချင်းနှစ်ယောက်ရှိပြီးကျန် တစ်ယောက်မှာ မောင်အိုဖြစ်သည်။ မယ်နုသည် ရွှေလင်ဗန်းနှင့်အချင်းဆေးသော တော်ဝင်မျိုးရိုးမဟုတ်သာမာန် အရပ်သူတစ်ဦးသာ ဖြစ်သော်လည်း သူမဘဝတွင် ထူးဆန်းမှုကြီးကြီးမားမား (2)ကြိမ်ကြုံ တွေ့ခဲ့သည်။ မယ်နုငယ်စဉ်က အိမ်မှလူကြီးမိဘများနှင့် တရွာမှတရွာသို့သွားလာရာ လမ်းဇရပ်တစ်ခု၌ အိပ်ကြသည်။ မယ်နုက ထမင်းချက်တာဝန်ယူ၍ ချက်ပြုတ်ရာ မနက်မိုးလင်းသောအခါ မယ်နုထမင်းချက်ခဲ့သော နေရာ၌ မှိုပွင့်ကြီးတစ်ပွင့် ပေါက်လာရာ လူကြီးများက အံ့ဘွယ်နိမိတ်ကောင်းဟု မှတ်ယူကြသည်။ မယ်နု အသက် ၁၂နှစ်သမီးအရွယ် မြစ်ဆိပ်၌ ရေချိုးချိန်တွင် သူမ၏ အနီရောင်ရေလဲ လုံချည်ကို စွန်ရဲတစ်ကောင်မှ ချီယူသွားပြီး အမရပူရနန်းတော်အတွင်းရှိ မိဖုရားများ စံပယ်ရာ တောင်နန်းဆောင် အမိုး၌ချထားခဲ့သည်။
ဘိုးတော်ဘုရားက လုံချည်ပိုင်ရှင်ကို ရှာဖွေစစ်ဆေးဖော်ထုတ်ကာ မယ်နုကို တောင်နန်းအပျိုတော် အဖြစ် ခန့်ထားလိုက်ရာမှ အရှုပ်တော်ပုံဖန်တီးမည့် အဓိကဇာတ်ကောင်ကို ခေါ်မိသည့် အမှားကြီးတစ်ခု ဘိုးတော်ဘုရား ပြုလုပ်မိသွားသည်။
ကုန်းဘောင်မင်းဆက်တွင် နန်းသက်အရှည်ဆုံး ဘိုးတော်ဘုရားသည် (37)နှစ်ကြာနန်းစံပြီး ဘကြီးတော် စစ်ကိုင်းမင်းကို အိမ်ရှေ့အရာအပ်နှင်းပြီး ညီတော်သာယာဝတီမင်းသား ကို ဒုတိယနှင့် ဘကြီးတော်၏ သားတော် စကြာမင်းသားလေးကို တတိယနန်းလျာထားသည်။ ဘကြီးတော်မှာ အိမ်ရှေ့မင်းရာထူးသာ ရှိသေးပြီး မိဖုရား ခေါင်ကြီးမှာ ဆင်ဖြုရှင်မယ်ဖြစ်သည်။ ဆင်ဖြူမယ်သည် စကြာမင်းသားလေးကိုမွေးပြီး ၁ ပတ်အကြာ 1812 အောက်တိုဘာလတွင် ကွယ်လွန်လေသည်။
မယ်နုသည်စက်စက်ယိုအောင် လှသူဟု မဆိုနိုင်သည့်တိုင် ပကတိရုပ်ရည်ကား တည်ကြည်သည်။ အပြောချို၍ ကိုယ်နေဟန်အချိုးကျကာ သွယ်လျကျော့ရှင်းပြီး သူမ၏ နန်းမူရာမှာ နန်းတွင်းသူများ အတုယူရသည်အထိ မဟာဆန်သည်။ ယောကျာ်းတကာ တို့ နှစ်သက်ခံရပြီး ထိုအထဲတွင်အိမ်ရှေ့ မင်းဘကြီးတော် လည်းပါဝင်သည်။ အမရပူရနန်းတွင်း၌ အိမ်ရှေ့မင်းအား မယ်နုထက်မဟာဆီမဟာသွေး အချင်းချင်းအိမ်ထောင်ပြုစေလို၍ “လူမှာအမျိုး ကြက်မှာအရိုး” ဟုဘကြီးတော်ကို သတိပေးသည်။ မယ်နုကလည်း “လူမှာအချစ် ကြက်မှာအမြစ်” ဟုချေပကာ ဘကြီးတော်ကို ရအောင်သိမ်းသွင်းခဲ့သည်။
ဘိုးတော်ဘုရားလွန်သော် ဘကြီးတော်သည် 1819 ဇွန်လ(5)ရက်တွင် နန်းတက်ကာ (1823) မြို့တော်ကို အမရပူရမှ အင်းဝသို့ရွှေ့သည်။ ဘကြီးတော်သည် ခပ်အေးအေးနေတတ်သလို မယ်နုကို အလွန်ချစ်သဖြင့် အဂ္ဂမဟေသီ တောင်ညာစံ မိဘုရားခေါင် မြောက်လေသည်။ မယ်နုသည်ပင်ကိုယ်ထက်မြက်သူပီပီ နန်းတွင်းတစ်ခုလုံး အရေးသာမက တိုင်းရေးပြည်ရေးကို စိတ်တိုင်းကျ ချယ်လှယ်တော့သည်။ နန်းတွင်းမှာလဲ အမျိုးနိမ့်သူ မိဖုရားခေါင်ဖြစ်လာပြီး ဓားထက်၍သာ ကြောက်ရသည်မည်သူကမှ မယ်နုကို မကြည်ဖြူကြချေ။
ယခင်ဘုရင်နှင့်မိဘုရား ရာဇပလ္လင်ပေါ် အတူမထိုင်သော်လည်း မယ်နုသည် ထိုအစဉ်လာကို ဖျက်ကာ အတူထိုင်သဖြင့် တရုတ်သံမှူးများ အံ့အားသင့်ကြသည်။ 1819တွင် မယ်နုသည် သူ့မောင်အရင်း ဖြစ်တဲ့ မောင်အိုကို စလင်းမြို့ကိုစားစေပြီး နန်းတော်တွင်း သူမ၏ အာဏာစက်ကို ခိုင်မာအောင် တည်ထောင်သည်။
ထို့အပြင်မောင်အိုအား သတိုးဓမ္မရာဇာဘွဲ့ ချီးမြင့်လိုက်သလို ဘကြီးတော်ကလည်း သူ့ယောက်ဖအား မြှောက်စားသည့် အနေဖြင့် ထိပ်တန်းမင်းညီမင်းသား စာရင်းသွင်းကာ၊ လွှတ်တော်တက်ခွင့် ပေးသည့်အပြင် ရွှေထီး ရှစ်ချက်မိုးခစားခွင့်ပေးသဖြင့်မောင်အိုသည် နားထင် သွေးရောက်သွားလေသည်။ ရှေးခေတ်က မင်းသားများ၏ အဆင့်အတန်းကို ထီးဆောင်း အရေအတွက် အနည်းအများဖြင့် ခွဲခြားလေ့ရှိသည်။ ညီတော် သာယာဝတီမင်းပင် ထီးဆယ်ချက်သာ မိုးခွင့်ရှိ၍ယောက်ဖတော် မောင်အိုသည် ညီတော်အိမ်ရှေ့မင်းထက် မဆိုသလောက်သာ နိမ့်သည့်သဘော သက်ရောက်စေသည်။ နေ့ချင်းညချင်း မောင်အိုတန်ခိုးထွားလာသဖြင့် ကုန်းဘောင်မျိုးဆက်ကို အပြုတ်ဖြုတ်ပြီး သူကိုယ်တိုင် ဘုရင်လုပ်ရန် ကြံလေတော့သည်။
ထို့ကြောင့် နန်းတွင်းအားပြိုင်မှု (3) စုကွဲပေါ်ပေါက်လာသည်။
(1)နိုင်ငံရေးအာဏာပိုင်ဆိုင်သောမောင်အိုနှင့်မယ်နုကတစ်ဖွဲ့
(2)သူတို့၏ မဟာပြိုင်ဘက်များတွင်ဘကြီးတော် မင်းပြီးနောက် နန်းညွန့်နန်းလျာ ဆက်ခံဖို့ အခွင့်အရေး ရှိသူသာယာဝတီမင်းသည် ထိပ်ဆုံးဖြစ်သည်။ သူကိုယ်တိုင် လက်ရုံးရည်နှင့်ပြည့်စုံသလို နောက်လိုက် အင်အားကောင်း များစွာပိုင်ဆိုင်ထားသည်။
(3) စကြာမင်းသားခေါ် ညောင်ရမ်းမင်းသားလေးသည် မွေးဖွားစဉ်က စကြဝတေးမင်းတို့ ဘုန်းကြီးသည့် လက္ခဏာရပ်များဖြစ်ကြသော ဥက္ကာပျံ ငလျင်လှုပ် တော်လဲမြည်ခြင်း ၊လက်ဝါးများတွင်ခရုပတ်နှင့် မှဲ့ရှင်များ ထူးခြားထင်ရှားစွာတွေ့ရခြင်း၊ အချင်းစလွယ်သိုင်းခြင်း၊ ခုနစ်ရက်ရလျှင် မယ်တော် ကွယ်လွန်၍ ဖွားဖက်တော် ခုနစ်ဦးလည်းပေါ်ခြင်း၊
ရုပ်ရည် အင်မတန် ချောမောလှပ၍ နန်းတွင်းသူ နန်းတွင်းသားများ ၊ တိုင်းသူပြည်သားများက အလွန်ချစ်ခင်နှစ်သက်ကြသည့် လူထုအင်အား ကိုပိုင်ဆိုင်သော ဘကြီးတော်၏တစ်ဦးတည်းသောသား ဖြစ်သဖြင့် ဘကြီးတော်က နန်းလွှဲလိုသည်မှာ တွေးကြည့်ယုံဖြင့် သိနိုင်ပါသည်။
ထို့ကြောင့်မောင်အိုသည် စကြာမင်းသားလေး နားထွင်းပြီး အိမ်ရှေ့အရာ အပ်နှင်းခြင်းကိစ္စကို အချိန်ဆွဲ သည်။ အသက် (20) ကျမှနားထွင်းသည့်တိုင် နိုင်ငံရေးအာဏာကို မင်းသားလေးအား လွှဲမပေးခဲ့ချေ။ မယ်နုနှင့်မောင်အိုသည် ဘကြီးတော်နှင့်မယ်နု နန်းစံသော (18)နှစ်လုံးလုံး သာယာဝတီမင်းကို အသိမှတ်မပြု ချယ်လှယ်ပြီး နောင်တော်နှင့်တွေ့ခွင့် ပိတ်ပင်သည်။ ထိုခေတ်က မယ်နုကြောက်ရသူတစ်ဦးရှိသည် ထိုသူမှာ ဆရာတော်ဦးဗုဓ်ဖြစ်သည်။ သက္ကရာဇ် 1822 ခုနှစ်တွင် ဘကြီးတော်နှင့် နန်းမတော် မယ်နုတို့ကကျောင်းဆောက် လုပ်ရာတွင် ငါးနှစ်ကျော် ကြာမြင့်ခဲ့ပြီး သက္ကရာဇ် 1827 ခုနှစ်တွင် မဟာအောင်မြေဘုံစံ ဟု ကမ္ပည်းထိုးကာ ညောင်ကန်ဆရာတော် ဦးပိုအား လှူဒါန်းခဲ့သည်။ တစ်နှစ်အကြာတွင်ဆရာတော် ဦးပိုပျံလွန် တော်မူပြီးနောက် ဒုတိယညောင်ကန် ဆရာတော် ဦးဗုဓ်အား ထပ်မံလှူဒါန်းခဲ့သည်။ အုတ်ကျောင်းအကျယ်အဝန်းမှာ အလျား 192 ပေ၊ အနံ 112 ပေ နှင့် အမြင့် 94 ပေရှိပြီး ကျောင်းတည်ဆောက်ရာတွင် ငွေကျပ် သုံးသိန်း ကုန်ကျကြောင်း၊ သက္ကရာဇ် 1838 ပြည့်နှစ်တွင် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ရာ နန်းမတော် မယ်နု၏ သမီးတော် ဆင်ဖြူမရှင်က သက္ကရာဇ် 1872 ခုနှစ်တွင် ထပ်မံပြုပြင်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
ကျောင်းကြီးကို အုတ်၊ အင်္ဂတေ တို့ဖြင့် မိဖုရား ခေါင်ကြီးမယ်နုက တည်ဆောက် ခဲ့သောကြောင့် မယ်နု အုတ်ကျောင်းဟု ထင်ရှားခဲ့သည်။ ပညာရှင်များ၏ ဗိသုကာ လက်ရာ၊ ပန်းရန် နှင့် ပန်းတမော့ အနုပညာလက်ရာများ ကျောင်းဆောင်ကြီး အတွင်းရှိ စင်္ကြံပတ်လမ်း နှင့် အခန်း ဖွဲ့စည်းပုံများ၊ အဝင်ပေါက် သစ်သားတံခါးများကို ‘အသံ’ များဖန်တီး တပ်ဆင်ပုံတို့ကြောင့် ခံ့ညားထည်ဝါလှသော ကျောင်းကြီးဖြစ် သည်။ ဘကြီးတော်နန်းတက် ဘိသိက်မင်္ဂလာသွန်း အခမ်းအနား ဆင်ယင်သော အခါ၌ မဏိပူရစော်ဘွား မတက်ရောက်ချေ။ မဏိပူရစော်ဘွားကို သင်ခန်းစာ ပေးရန် လိုက်ဖမ်းရာ အင်္ဂလိပ်ပိုင်နယ်ထဲအထိ ဝင်ပြေးသဖြင့် အင်္ဂလိပ်တို့နှင့် နယ်စပ်ပြဿနာ’ငြိ’လာရာမှ အင်္ဂလိပ်တို့ (1824)တွင် စစ်ကြေညာသည်။ စစ်သူကြီးမဟာဗန္ဓုလသည် ရခိုင်တွင် စခန်းချကာ မြဝတီမင်းကြီးဦးစက ပန်းဝါတွင် အင်္ဂလိပ်တို့ကို အနိုင်တိုက်သည်။ မြန်မာတပ်များ ဘင်္ဂလားနယ်အထိ ရောက်နေသဖြင့် အင်္ဂလိပ်ဘုရင်ခံပင် ကျီးလန့်စာ စားနေရသည်။ ဗန္ဓုလသာ စစ်တကောင်း ထိတက်တိုက်၍ ဖိအားပေးခဲ့မည်ဆိုလျှင် အင်္ဂလိပ်တို့ ပျာယာခတ်သွားနိုင်သည်။ အင်္ဂလိပ်တို့သည် ထိုအခြေနေကိုရိပ်စားမိသဖြင့် ရန်ကုန်ဖက်မှပတ်ဝင်၍ တန်ပြန်တိုက်စစ်ဆင်သော ဗျူဟာကိုသုံးကာ စစ်မျက်နှာပြောင်းလိုက်လေသည်။
ထိုအချိန် သာယာဝတီလိုအဆင့်မြင့် မင်းသားက ရန်ကုန်သို့ဆင်း၍ ကာကွယ်ရန်သူစုဆောင်း ထားသည့်လူသူများနှင့် အင်္ဂလိပ်စစ်သင်္ဘောများကို ခုခံတိုက်ခိုက်လိုကြောင်း တင်ပြသည်။ ဘကြီးတော် ကလည်း သဘောတူကာ အမြန်စေလွှတ်ချင် သော်လည်း ပြိုင်ဘက် စလင်းမင်းသားကြီး မောင်အိုနှင့် မှူးမတ်များက သာယာဝတီမင်းသားအား လက်နက်ဆင်၍ လွှတ်လိုက်လျှင် ပုန်ကန်လိမ့်မည်ဟု ကန့်ကွက်ကာ နိုင်ငံ့အရေးတော်ထက် အာဏာရရှိလိုသော ပုဂ္ဂိုလ်ရေးကို ဦးစားပေးခဲ့သည်မှာ စိတ်ပျက်စရာဖြစ် လေသည်။ ဘကြီးတော်လည်း အရိပ်ကိုရန်သူထင်၍ နောက်ဆုံးတွင် မဟာဗန္ဒုလ ပြန်လာသည်အထိ စောင့်ပြီးမှ သွားရောက်တိုက်ရန် အမိန့်ချလိုက်လေသည်။
ထို့ကြောင့်ရခိုင်မှပြန်လာမည့် ဗန္ဒုလကို စောင့်ရင်း ၅လအထိ ကြာသွားသဖြင့် ထိုအချိန်တွင် အင်္ဂလိပ်တို့ကလည်း ရွှေတိဂုံ ကုန်းတော်တစ်ဝိုက်ကို အခိုင်အမာတပ်စွဲ၍ အသာစီးရသွားတော့သည်။ သာယာဝတီမင်း၏တပ်များသည် ရန်ကုန်သို့ချီ၍ ကျိုက်ကလို့တွင်တပ်ချထားသည်။ အင်္ဂလိပ်တို့က သာယာဝတီ၏တပ်ကိုဝိုင်းတိုက်သော်လည်း အနိုင်မရခဲ့ချေ။ သာယာဝတီမင်းသားကြီးက အခြေနေ ရိပ်စားမိသဖြင့် စောစောစီးစီး စစ်ပြေငြိမ်းရန်တင်ပြသော်လည်း မောင်အို၊မယ်နုတို့မှ လက်မခံပဲ စစ်ကိုသာ ထပ်တိုးတိုက်သည်။ ဗန္ဒုလဓနုဖြူတွင် ကျသွားသဖြင့် အင်္ဂလိပ်တပ်တွေလည်း နေပြည်တော်နှင့် မိုင်၄ဝသာဝေးသည့် ရန္တပိုရွာသို့ရောက်မှစစ်ပြေငြိမ်းရေး စာချူပ်ချုပ်ရတော့၏။ နယ်မြေဆုံး၊ စစ်သူကြီးကျ၊ စစ်လျော်ကြေးငွေ (1)ကုဋေပါပေးရမည်ဖြစ်သဖြင့် ဘကြီးတော်မှာ မထွေးနိုင်မအံနိုင် စိတ်ဓာတ်ကျလာကာ စိတ်ကျရောဂါပါ ဝင်လာလေတော့သည်။
ငွေမရှိသဖြင့် မယ်နုက သူပိုင်ပစ္စည်းများထုခွဲ၍ စစ်လျော်ကြေးငွေ ပထအရစ်ကို ပေးလေသည်။ အုပ်ချုပ်ရေးပိုင်းကို မကိုင်တွယ်နိုင်တော့ပဲ အစစအရာရာကို မယ်နုနှင့် စလင်း မင်းသားကြီးမောင်အိုတို့ဖြင့်သာ လွှဲအပ်ထားလေတော့သည်။ သူတို့မောင်နှမကို သာယာဝတီအပြင် ပြည်သူများက စုန်းမဟုစွပ်စွဲသလို သူတို့ကလည်း သူခိုးဓားပြလက်ခံ ဟုသာယာဝတီကို စွပ်စွဲသည်။ မောင်အိုသည်မိမိရဲ့ ဆူးငြှောင့် ခလုတ်ဖြစ်သော သာယာဝတီမင်းကိုရှင်းရန် ဓားပြမှုဖြင့် အမှုဆင်ကာ သာယာဝတီမင်း၏ အိမ်ကို လူ (200) ဖြင့် ဝိုင်းလေရာ သာယာဝတီဘက်မှ လူများခုခံရင်း ဧရာဝတီမြစ်ကိုကူး၍ ရွှေဘိုသို့ထွက်ပြေး ရှောင်တိမ်း သည်။ မယ်နုတို့ကိုပြည်သူများမနှစ်သက်သဖြင့် အာဏာသည် သာယာဝတီဘက်သို့ အလိုလိုရောက် သွားသည်။ လူသူစုဆောင်းကာ 1837 ဖေဖော်ဝါရီ လတွင်အင်းဝကိုဝိုင်းသည်။ ၂ လအကြာတွင် အောင်မြင်ပြီးဘကြီးတော် စစ်ကိုင်းမင်းကို နန်းချကာ မယ်နုကိုအကျယ်ချုပ် မောင်အိုတို့လူစုကို ထောင်ထဲပို့လေသည်။ အရာရာသည် နေ့ချင်းညချင်း ပြောင်းလဲသွားသည်။ မယ်နုတို့အုပ်စုသည် ပုန်ကန်သည့်အနေဖြင့် အင်္ဂလိပ်တို့ကို စာလွှတ် ဆက်သွယ်၍ အင်္ဂလိပ်တို့ အလိုရှိသမျှ အကုန်ပေးကာ ဘကြီးတော်အား ပြန်လည်နန်းတင်ပေးရန် အကူညီတောင်းသော်လည်း အင်္ဂလိပ်တို့က နန်းကျဘုရင်အား ဘာအကြောင်းမှမပြန်တော့ချေ။ သာယာဝတီမင်း သဘောထားကြီးစွာဖြင့် ကောင်းမွန်စွာထားသော်လည်း မောင်အိုတို့ နောက်လိုက်များက ပုန်ကန်ကြသောကြောင့် အမရပူရမြို့ အကျဉ်းထောင်၌ သက္ကရာဇ် 1840 ခုနှစ်၊ မေလတွင် ကွပ်မျက်လိုက်သည်။ နောက်ဆုံးသာယာဝတီမင်းသည် 12 May 1840 တွင်မယ်နုအား သေဒဏ်ချမည်ကို မင်းမျိုးမင်းနွယ် အဖြစ် အသိအမှတ်ပြုပေးသည့်အနေဖြင့် မဟာဆီ မဟာသွေး မြေမကျရစေရန် ရေတွင်ဖျောက်ဖျက်ဖို့ အမိန့်ချသည်။ ဘုန်းရှင်ကံရှင်မယ်နုတစ်ယောက် ကံတရား၏ မျက်နှာသာပေးခြင်းကား ဤနေ့သည်နောက်ဆုံးနေ့ ဖြစ်လေတော့သည်။
မယ်နုလည်း နောက်ဆုံးအနေဖြင့် မိမိကိုးကွယ်သည့် ဆရာတော်ဦးဗုဒ်အား ဖူးမြှော်ခွင့်ပြုရန် မြို့ဝန်အား ခွင့်တောင်းရာ ခွင့်ပြုသောကြောင့် ညောင်ကန်ကျောင်း (ယခု မဟာမုနိဘုရားကြီးအရှေ့ဘက်)သို့ ရောက်အောင်ပို့ဆောင်ပေးခဲ့သည် ။ မယ်နုကျောင်းသို့ရောက်သော အခါ ဆရာတော်မှာ စာကြည့်နေသည်။ မယ်နုမှ ဆရာတော်အား နောက်ဆုံးဖူးမြှော်အောင် လာရခြင်းဖြစ်ကြောင်း လျှောက်ထားရာ ဆရာတော်ဦးဗုဒ်မှ ရာဇဝင် တွင်မည့်တရားကို တိုတိုတုတ်တုတ် မိန့်တော်မူသည်။ “မိနု၊ သူ့ကြွေးရှိရင် ဆပ်ရလိမ့်မည်” ဟုမိန့်ဆိုလိုက်သည်။ မယ်နုလည်း ဦးချပြီး ပြန်ဆင်းလာရာလှေကားအရောက်တွင် “တော်ပြီ၊ ငါသေဝံ့ပြီ၊ ငါသေရဲပြီ၊ငါသေပျော်ပြီ၊ ဆရာတော်ဘုရားကို နှစ်ပေါင်းများစွာ ကိုးကွယ်လာတာ ဘယ်အခါမှ ငါ့နာမည်တပ်၍ စကားမပြောဖူးဘူး။ ဤကဲ့သို့ စာကြည့်ရာမှနေ၍ ငါ့ဘက်သို့ လှည့်၍ကြည့်သည်ဟူ၍လည်းမရှိ၊သည်ကနေ့မှပဲ ငါ့ဘက် လှည့်တယ်။ ငါ့နာမည်ကို ခေါ်တော်မူတယ်။
ဟောလိုက်တဲ့ တရားကလည်း မိနု၊ သူ့ကြွေးရှိရင် ဆပ်ရလိမ့်မည်တဲ့။ တော်ပြီ၊ သေလမ်းဖြောင့်ပြီ၊ ငါ့ကိုဆရာတော်ကသေစရိတ်ပေးလိုက်ပြီ” ဟု ထပ်တလဲလဲပြောကာ ဝမ်းမြောက်ဝမ်းသာစွာနှင့်ပင် အာဏာပါးကွက်သားတို့၏ ခေါ်ဆောင်ရာသို့ ညိုးငယ်စွာ လိုက်ပါသွားသည်။ မယ်နုသည် သာယာဝတီမင်း အသက်ကိုရန်ရှာခဲ့၍ သူနှင့် ယှဉ်ပြိုင်ရာ သူအနိူင်ရသည်။ ရန်ကို ရန်ချင်း တုံ့ပြန်ခြင်းက လမ်းဟောင်းကိုသာ ပြန်ရောက်စေသည်။
ဤအကြောင်းတို့ချုပ်ငြိမ်း ခြင်းကား ရန်ညိုးရန်စတို့ကို သင်ပုန်းချေ၍ သူ့အပေါ်တင်ခဲ့သော အကြွေး မြန်မြန်ဆပ်ကာ ကြွေးမြီကင်းရှင်းပြီး ငြိမ်းချမ်းသော ဘဝသစ်ကလေးတစ်ခု ထူထောင်နိုင်ရန် ဖြစ်ကြောင်းကို နားလည်သွားခဲ့သည်။ သတ္တဝါတိုင်းသူ့ထိုက်သူ့ကံ ဖြစ်သည်ဆိုလျှင် တနည်းအားဖြင့် ငါ့ထိုက် ငါ့ကံဖြစ်သည် မဟုတ်ပါလော။ ဆရာတော်က တရားကား သူမအတွက်တော့ အဖိုးတန်ဆုံး သေစရိတ်ပေးလိုက်ခြင်းဟု သဘောပေါက်သောကြောင့် မယ်နုဝမ်းသာသွား ရှာသည် ။
ထိုနေ့ နေ့လည်ပိုင်းတွင် မယ်နုသည် ဘကြီးတော်အား နောက်ဆုံး သွားရောက်ကန်တော့ နှုတ်ဆက်ခဲ့သည်။ နှစ်ပေါင်းများစွာဘဝ ၊ အသက် ၊ ရာထူးစည်းစိမ် ၊ နိုင်ငံတော် အရာအားလုံး သူပိုင်ဆိုင်နိုင်သမျှကိုပေး၍ ချစ်ခဲ့သော ကြင်ယာတော်ဘကြီးတော်၏ ခြေတော်အစုံပေါ် မျက်နှာအပ်ကာ မျက်ရည်စက်များစွာ ခြေဖမိုးတော်ပေါ်ကျလျက် လက်အုပ်ချီကန်တော့ရင်း အရောင်မှိန်မှိန် အဆောင်ရောင်မဲ့ သလွန်ထက်တွင် ထိုင်နေသောနန်းကျဘုရင် လင်တော်မောင်အား နန်းမတော်မယ်နု ။ ။ “မောင်တော်ဘုရား နှမတော် ဒီကနေ့ ဘဝပြောင်းရတော့မှာဖြစ်လို့ မောင်တော်ဘုရား ကို နာက်ဆုံးနှုတ်ဆက် ရှိခိုးကန်တော့ခဲ့ပါတယ်ဘုရား။ မောင်တော်မင်းတရားရဲ့ ဘုန်းရိပ်ကို ခိုလှုံ စံစားခဲ့တဲ့ နှစ်ကာလများအတွင်း နှမတော်ဘက်က ပြုမိမှားခဲ့တဲ့ အပြစ်ရှိခဲ့ပါရင် ခွင့်လွှတ်သနားတော်မူပါဘုရား။” ဘကြီးတော်သည် သလွန်ပေါ်မှ နန်းမတော်မယ်နု၏ ဆံ ကေသာကို လက်ဖြင့် အသာယာ ထိထားသည်။ အရှုံးများစွာရှုံးပြီးနောက် အချစ်ဆုံးသူ ကိုသေကွဲခွဲ ဆုံးရှုံးရမည့်
အချိန်တို့ ဆိုက်ရောက်လာပြီဖြစ်သဖြင့် စိတ်သောကမီးတို့ စိတ်နှလုံးကိုလောင်ကျွမ်းကာ ပတ်ဝန်းကျင်တစ်ခုလုံး
မမြင်နိုင်တော့အောင်ဝေဝါးသွား စေသည့် မျက်ရည်များ မျက်ဝန်းအိမ်၌ ပြည့်နေသည်။
ဘကြီးတော်သည် မျက်ဝန်းများ မှိတ်ချလိုက်ရာ နန်းမတော်မယ်နု၏ ဆံကေသာပေါ် မျက်ရည်များ စီးကျလေတော့သည်။ ရင်၌ဆို့နှင့်လွန်းလှသဖြင့် ရှိုက်၍ ငိုချလိုက်သည်။ ဘကြီးတော် ။ ။ “နှမတော်ရယ် ၊ နှမတော်မှာ ခွင့်မလွှတ်စရာ ဘာအပြစ်မှ မရှိခဲ့ပါဘူးကွယ်” ဘကြီးတော်၏ ချစ်ခြင်းမေတ္တာကား လေးစားစရာ ကောင်းလှသလို ထိုအတွက် နောင်တတစ်စုံတရာလည်း မရခဲ့ချေ။
နန်းမတော်မယ်နု။ ။ “မောင်တော်ဘုရားရယ် ၊ နှမတော်ရဲ့ နောက်ဆုံးဝင်သက် ၊ ထွက်သက် မရပ်သွားမှီ နှမတော်ရဲ့ဘဝကို အမြင့်ဆုံးမြှင့်တင်ပေးခဲ့တဲ့ မောင်တော်ဘုရားရဲ့ ကျေးဇူး အထွေထွေအတွက် မောင်တော် ဘုရားရဲ့ ခြေတော်အစုံကို ဦးတိုက်ပြီး ကျေနပ်အောင် ကန်တော့ခွင့်ပြုပါဘုရား” ဟုခြေတော်အစုံအား မျက်နှာနဖူးဆံပင်တို့ဖြင့် ဦးတိုက်ကန်တော့နေစဉ် အဆောင်တော်တွင်း သမီးတော်ကလေး မယ်သဲ ဝင်လာသည်။ သမီးတော်လေး၏စိတ်တွင် မကောင်းမှုတစ်စုံတခု ကိုခံစားမိနေသဖြင့် မယ်တော်၏ရင်ခွင်တွင်း ပြေးဝင် ဖက်၍ငိုလေသည်။ သမီးတော်လေး ။ ။ “မယ်မယ်ဘုရား၊ သမီးတော်ကလေးကို ပစ်ထားပြီး ဘယ်ကိုသွားနေတာလဲဘုရား သမီးတော်လေးမှာ လွမ်းလို့သေရတော့မယ်ဘုရား” နန်းမတော်မယ်နု။ ။ “မယ်မယ်ဘုရားလည်း သမီးတော်လေးကို လွမ်းနေပါတယ်။ အခုလည်း မယ်မယ်ဘုရားလေ အရေးကြီးတဲ့ကိစ္စရှိလို့ ဟိုး….. အဝေးကြီးကို ခရီးထွက်ဖို့ ရှိသေးတယ်။ သမီးတော်လေး ခမည်းတော်ဘုရားနဲ့အတူ လိမ်လိမ်မာမာနေခဲ့နော် ၊ မယ်ဘုရားစကားကို နားထောင်ပါကွယ်။” သားအမိနှစ်ဦး ပါးချင်းအပ်ကာ ငိုရင်း သမီးတော်လေး။ ။”ဟင့်အင်း ဒီတစ်ခါတော့ သမီးတော်လေးကို ပစ်ထားပြီး ဘယ်မှမသွားရတော့ဘူး မယ်မယ်ဘုရားနဲ့ လိုက်မှာပဲ ” ခမည်းတော်၊ မယ်တော်၊ သမီးတော်ကလေးတို့ မိသားစုအသိုက်အမြုံပြိုကွဲပြီး နောက်တစ်ကြိမ် ပြန်ဆုံခွင့် ဟူသော မျှော်လင့်ချက်ကလေးပင်ဆုတ်ကိုင်ထားခွင့်
ကင်းမဲ့သွားသော ကြေကွဲဖွယ်ရာ ချော့သူ မရှိငိုပွဲကြီး ဖြစ်သည်။
မင်းမှုထမ်း ၊ရံရွေတော်တို့ ထိုမြင်ကွင်းကို မကြည့်ရက်သဖြင့် တံခါးအကွယ်တွင် ကြိတ်ငိုကြသည်။ တာဝန်အရအမရပူရမြို့ဝန်ပင် မျက်ရည်ကျမည်စိုးသဖြင့် အဝေးသို့ထွက်သွားကာ မင်းမှုထမ်း တစ်ဦးကို တီးတိုးပြောသည်။ ထိုမင်းမှုထမ်းသည် မယ်နုဆီရောက်လာ၍ မင်းမှုထမ်း။ ။ “မိဘုရားကြီး ထွက်ခွာဖို့အချိန်ကျပါပြီလို့ မြို့ဝန်မင်းကပြောပါတယ်၊ နေရာကထပါတော့” နောက်ထပ်မင်းမှုထမ်းတို့သည် မယ်နုဆီဝင်လာပြီး လက်နှစ်ဘက်ကိုဆွဲယူလိုက်ကြသည်။
သမီးတော်ကလေး။ ။ “မသွားရဘူး မယ်မယ်ဘုရား ဘယ်ကိုမှမသွားရဘူး ၊သွားရင်သမီးတော်လေးလည်း လိုက်မှာပဲ ” ဟု တစာစာအော်ဟစ်နေရာ မယ်နု၏နားများအတွင်း ပဲ့တင်ထပ်ကာတဖြည်းဖြည်း ဝေးသွားလေတော့သည်။ ကြေးတိုက်မှလာသော နွားလှည်းပေါ်တက်ကာ နောက်သို့တစ်ချက်ပင်လှည့် မကြည့်တော့ချေ။
နေလုံးကြီးသည် ဝင်းလက်သော အလင်းရောင်တို့ကို လျှော့ချ၍ အနောက်ဘက် တောင်တန်းပေါ် နိမ့်ဆင်းသွားသည်။ မယ်နုကိုတင်လာသော လှည်းပတောင်းမြည်သံကို ကြားသော် အနီးရှိ ဘုန်းကြီးကျောင်း ခွေးများ အူကြသည်မှာ ကံကြမ္မာဆိုးအတွက် မြည်သံများ ဖြစ်နေသည်။ တောင်သမန် အင်းရေပြင်အနီးသို့ ရောက်သော် အာဏာပကွက်သား တို့သည် နန်းမတော်မယ်နုအား ခဲထည့်ထားသော ရွှေနားကွတ် ကတ္တီပါအိတ်နီ တွင်ထည့်၍ ပိတ်ပြီး ရေပြင်သို့ ပြစ်ချလိုက် သည်။ မြုပ် မမြုပ်သေချာအောင် ခဏစောင့်ကြည့်သည် တောင်သမန်အင်းရေပြင်ပေါ်တွင် ရေပွက်ကလေး တစ်ပွက် နှစ်ပွက်ထလာပြီး ရေပြင်မှာပြကတိ ပြန်ငြိမ်သွားပြီး လေပြေညင်းကလေး ရေပြင်ထက်မှ ဖြတ်သန်းတိုက်ခတ်သွားသည်။
နန်းမတော်မယ်နု၏ နောက်ဆုံးထွက် သက် ရေပွက်ကလေးမဟုတ်ပါလော။ ကုန်းဘောင်ခေတ်၏မွန်းတည့်ချိန် ဘုန်းဩဇာအပြည့်နှင့် ရွှေအိမ်နန်းကြငှန်း ထက်တွင် အမျိုးသမီးတို့အတွက် အထွတ်ထိပ်ဖြစ်သော အဂ္ဂမဟေသီ မိဖုရားခေါင်ရာထူးကို ရယူခဲ့သော်လည်း လူ့ဘဝသည် မည်သည့်အရာမျှကြာရှည် မတည်မြဲဘဲ တစ်ခဏ အချိန်တွင်းသာ ရှိသည်ကို နန်းမတော်မယ်နုက သူမ၏ နောက်ဆုံးထွက်သက် ရေပွက်ကလေး အချိန်မျှဖြင့် ကျွန်ုပ်တို့အား သင်ခန်းစာ ပေးသွားခဲ့သည်မဟုတ်ပါလော။
သတ္တဝါအပေါင်းချမ်းသာကိုယ်စိတ်မြဲပါစေ...
No comments