New Artical

ရာဇဝင်ထဲကသမိုင်းဝင်အသောကဘုရင်(အပိုင်း၂) ၊ စတုသီဟနာဒကျောက်တိုင်နှင့် အသောကမင်းကြီး

 


 ရာဇဝင်ထဲကသမိုင်းဝင်အသောကဘုရင်(အပိုင်း၂) ၊ စတုသီဟနာဒကျောက်တိုင်နှင့် အသောကမင်းကြီး


အိန္ဒိယနိုင်ငံ၏သားကောင်းရတနာ ဘုရင်တစ်ပါးဖြစ်သော အသောကမင်းကြီး သည် ခရစ်တော် မပေါ်မှီ (၂၆၈ ) ခုနှစ်ခန့်တွင် အိန္ဒိယထီးနန်းကို ဆက်ခံခဲ့သည့် ဧကရာဇ် မင်းတစ်ပါးဖြစ်ခဲ့သည်။ အသောကမင်းကြီး၏ ဘဝနှင့်ခံယူချက်များအား သူပိုင်သော နယ်မြေအတွင်းတွင် ရေးထိုးထားသော ကျောက်စာများတွင် တွေ့ရှိနိုင်သည်။

ထိုကျောက်စာများအနက်မှ အချို့အား အိန္ဒိယနိုင်ငံအနှံ့အပြားတွင် ယနေ့ထက်တိုင်တွေ့ရှိ နိုင်ပါသေးသည်။ သမိုင်းတွင်အသောကကျောက်စာတိုင်များဟုနာမည်ကြီးသည်။

ဤကျောက်စာများ၏ ပထဝီအနေအထားအရ အသောကမင်းကြီး ၏ နယ်ပယ်အကျယ်အ၀န်းကို နှောင်းလူများမှခန့်မှန်းခွင့်သိခွင့်ရရှိ ခဲ့ကြသည်။ အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေရှ် ပြည်နယ် ဆာရာနာသ် ဒေသ မှာ ရှိနေပါတယ်။ 

ဘီစီ ၂၅၀ ခန့် လောက် မှာ စိုက်ထူခဲ့ တဲ့ ဒီ ကျောက်တိုင်များကို အသောကမင်းကြီး ဗုဒ္ဓဓမ္မ ကို ကူးပြောင်းယုံကြည်ခဲ့ ခြင်းနဲ့ သာသနာပြု လုပ်ငန်းတွေ လုပ်ခဲ့တာ တွေ ရဲ့ အမှတ်သင်္ကေတ အဖြစ် ပညာရှင်တွေ က သုံးသပ် ထားကြပါတယ်။ အသောကမင်းကြီးသည်ဘုရား ပွင့်တော်မူရာဗုဒ္ဓဂယာအစရှိသော ဘုရားရှင်နှင့် စပ်လျဉ်း၍ အထွတ်အမြတ် ထားသော အရပ်များသို့ အဖူးအမျှော် သွားရောက်ပြီးလျှင် ထိုနေရာ အရပ်များ၌ အထိမ်းအမှတ် အဆောက်အအုံများ ၊ကျောက်စာတိုင်များစိုက်ထူတည်ဆောက်ခဲ့ပါတယ်။

မိမိဆောင်ရွက်သမျှ အကြောင်း အရာများနှင့် တရားဓမ္မ အဆုံးအမတို့ကို ကြာရှည်စွာ မပျောက် မပျက် တည်တံ့နိုင်စေရန်၊ နိုင်ငံတော် အတွင်းရှိ နယ်ပယ် အသီးသီးတို့၌ ကျောက်တိုင်များ၊ ကျောက်ပြားများ၊ ကျောက်ဂူ လိုဏ်နံရံများတွင် ကမ္ဗည်း ကျောက်စာထွင်း၍ အနှံ့အပြား၌ မော်ကွန်းထားခဲ့သည်။ မိဂဒါဝုန်၊ လုမ္ဗိနီစသော ဗုဒ္ဓအယူဝါဒဆိုင်ရာ အထွတ်အမြတ် နေရာများ၌လည်းကောင်း၊ ပါဋလိပုတ္တနေပြည်တော်မှ မိုင်ပေါင်း ၁၀ဝဝဝ ကျော်ဝေးသော အိန္ဒိယ အနောက် မြောက်ဒေသ ပက်သျှဝါခရိုင်၌လည်းကောင်း၊ ဘုံဘိုင်ပြည်နယ်အတွင်း၌ လည်းကောင်း၊ ဩရိဿ(ကလိင်္ဂတိုင်း) ပြည်နယ်အတွင်း၌ လည်းကောင်း ၊ စသဖြင့် အိန္ဒိယကျွန်းဆွယ်တစ်ခုလုံး နေရာ အနှံ့အပြား၌ တွေ့ရရာ စုစုပေါင်း ကျောက်တိုင် ၃ဝ ကျော်ခန့် စိုက်ထူခဲ့သည်ဟု ခန့်မှန်းကြသည်။ ကျောက်စာရေးထိုးရာ၌ အက္ခရာနှစ်မျိုး အသုံးပြုကြောင်း တွေ့ရသည်။

တစ်မျိုးမှာ လက်ယာမှလက်ဝဲဘက်သို့ ရေးရသော (ခရောသျှဋ္ဌီ) အက္ခမျိုးဖြစ်၍တစ်မျိုးမှာ (ဗြာဟ္မီ)အက္ခမျိုးဖြစ်ရာယခုအိန္ဒိယ အက္ခရာများ၏ မူလ အခြေခံအက္ခရာများဖြစ်ကြပါတယ်။ အာသောက မင်းကြီး ရဲ့ စတု သီဟနာဒ ကျောက်တိုင် (The Lion Capital of Ashoka) ဟာ လယနေ့အိန္ဒိယနိုင်ငံ ရဲ့ အမျိုးသား အမှတ်အသားလည်းဖြစ် ပါတယ်။

ဘီစီ ၃ ရာစုခန့်တွင် အိန္ဒိယတိုက် ငယ်တစ်လျှောက်ကျောက်စာတိုင်များကိုအသောကမင်းသည် ကိုယ်တိုင် စိုက်ထူခဲ့ပြီး ကျောက်တိုင် (၂၀) ခန့်တွင် ယနေ့ထက်တိုင် အသောကမင်း၏အမိန့်ပြန်တမ်းများ ရှိနေတုန်း ဖြစ်ပါသည်။ ကျောက်တိုင်နှစ်ခုသည် Firuz Shah Tughlaq မှ ဒေလီသို့ နေရာပြောင်းရွှေ့ခံခဲ့သည်။ နောက်ပိုင်းတွင်များစွာသော ကျောက်တိုင်များကို Mughal အင်ပါယာအုပ်ချုပ်သူများက နေရာပြောင်းရွှေ့ခဲ့ကြပါတယ်။ ပျမ်းမျှ ၁၂ - ၁၅ မီတာ (၄၀ - ၅၀ ပေ) ကြားအမြင့်နှင့် အလေးချိန် ၅၀ တန် စီရှိသော ကျောက်တိုင်များကို တရွတ်တိုက်ဆွဲကာ စိုက်ထူလိုသောနေရာသို့ ရွှေ့ခဲ့ ကြပါတယ်။

ထိုသို့ဆွဲရာ တစ်ခါတရံ မိုင်ရာပေါင်းများစွာပင်ရှိလေသည်။ အာသောက ဟာ အိန္ဒိယ ကို ပထမဆုံးစုစည်းနိုင်ခဲ့ တဲ့ စစ်ဧကရာဇ် ဖြစ်သလို လောကပါလဓမ္မ တွေ နဲ့ အညီ အုပ်ချုပ်ခဲ့ ရဲ့ စံပြဘုရင်တစ်ပါး လည်းဖြစ်ပါတယ်။ အိန္ဒိယအလံ ဟောင်း မှာ ဒီ ကျောက်တိုင် တစ်ခု လုံးပါ ပြီး ယခု အလံသစ်မှာ တော့ ဓမ္မစကြာဘီး ပုံ ပဲ ပါ ရှိပါတော့ တယ်။

အာသောက မင်းကြီး ရဲ့ စတု သီဟနာဒ ကျောက်တိုင် မှာ လှပခန့်ညားတဲ့ ခြင်္သေ့ ၄ ကောင် ကျောချင်းကပ်ရပ် အရပ်လေးမျက်နှာ ကို တူရူပြုနေဟန် နဲ့ ထုဆစ် ထား ပါတယ်။ အောက် က အခံ ကျောက်ပြား မှာ တော့ ဓမ္မစကြာဘီး ပုံ ဆင်ပုံ နွားပုံ မြင်းပုံ နဲ့ ခြင်္သေ့ မင်း ပုံတွေ ကို ထုဆစ်ထား ပါတယ်။ သူတို့ အောက် မှာ တော့ ကြာမှောက် တစ်ခု ခံထား ပြီး ကြာရွက်တွေ ပေါ်မှာ အင်္ဂလိပ် အက္ခရာ ယူ (U) သဏ္ဍာန် နဲ့ အလယ်မှာ မျဉ်းကြောင်း တစ်ခု စီ ပါရှိ နေပါတယ်။ အရပ်လေးမျက်နှာ ကို တူရူပြုနေဟန် ကျောချင်းကပ်ရပ် ခြင်္သေ့ ၄ ကောင် က တော့ အသောကမင်းတရားကြီး ရဲ့ အရပ်လေးမျက်နှာ ကို ပြန့်နှံ့တည်ရှိတဲ့ အာဏာစက် ကို ဆို ပါတယ်။တစ်နည်း အားဖြင့် ရှင်တော်ဗုဒ္ဓ ရဲ့ သာမုက္ကံသိကဓမ္မဒေသနာ တွေ ကို ရဲရင့်တဲ့ ခြင်္သေ့မင်း ဟိန်းဟောက်သံ နဲ့ တင်စား လေ့ ရှိပါတယ်။

ဒီတော့ ဒီ ခြင်္သေ့ ၄ ကောင် က အရပ်လေးမျက်နှာ စလုံး ကို ထစ်ချုန်းပြန့်နှံ့ မဲ့ ဓမ္မတရားတော် တွေ ကို ကိုယ်စားပြုတယ်လို့ ဆိုနိုင်ပါတယ်။ အောက်ခံကျောက်ပြားဝိုင်းမှာ ထွင်းထုထားတဲ့ တိရစ္ဆာန် အရုပ်တွေက တော့ ဆင်ရုပ်၊နွားရုပ်၊မြင်းရုပ်နဲ့ခြင်္သေရုပ်တွေပါ။

-ဆင်ရုပ် က ဘုရားရှင် ပဋိသန္ဓေ ယူတော်မူတာ ကို တင်စား ပါတယ်။ ထေရဝါဒ ဗုဒ္ဓ၀င် မှာ မယ်တော်မာယာဟာ အလောင်းတော် ကို သန္ဓေလွယ်ချိန် မှာ ဆင်ဖြူတော် က သူ့ ညာဖက်နံပါး ကို ဖေါက်၀င်တည်နေတယ် လို့ အိပ်မက် မက် ပါတယ်။

မဟာသံဃိက တွေ ရဲ့ လလိတ၀တ္တာရ ဗုဒ္ဓ၀င် မှာတော့ ဆင်ဖြူတော် နဲ့ ဆော့ ကစားရတယ် လို့ အိပ်မက်မြင်မက် ပါတယ် လို ဆိုထားတော့ ဆင် က ပဋိသန္ဓေ ယူတော်မူတာ ရဲ့ သင်္ကေတ ပါ။

ဆင်ဟာ ကုန်းသတ္တဝါတွေ မှာအကြီးဆုံးလို ပဲ ဗုဒ္ဓဟာ လောက ၃ ပါး မှ အကြီးမြတ်ဆုံး ဆိုတဲ့ သင်္ကေတ လဲ ဖြစ်တယ်။

-နွားရုပ် က တော့ ဟိန္ဒူနက္ခတ္တဗေဒ အလို အရ မိဿရာသီ ကုဆုန်လ ရဲ့ အမှတ်အသား ပါ။ အလောင်းတော် ဟာ ကုဆုန်လပြည့် နေ့ မှာ ဝိသာခနက္ခတ်နဲ့ စန်း ယှဉ်ပြီး ဖွားတော်မူခဲ့ တာ ကို နွားရုပ် နဲ့ သင်္ကေတ ပြု ပါတယ်။

-မြင်းရုပ် က တော့ သက်တော် ၂၉ နှစ်မှာ ကဏ္ဍက မြင်း ကို စီးပြီး တောထွက်တော်မူခြင်း=မဟာအဘိနိက္ခမ ပါရမီ ရဲ့ သင်္ကေတ ပါ။

-ခြင်္သေ့ ရုပ် က တော့ သက်တော် ၃၅ နှစ် မှာ သမ္မာသမ္ဗုဒ္ဓ ဘုရား အဖြစ် သို့ ရောက်တော်မူခြင်း နဲ့ မာရ် ၅ပါး ကို အောင်နိုင်တော်မူ၍ အရဲရင့်ဆုံး ပုဂ္ဂိုလ်မြတ် အဖြစ် ကို ရောက်ရှိတော်မူခြင်း ရဲ့ သင်္ကေတ ပါ။။

-ဓမ္မစကြာဘီး ပုံ ကတော့ အကန့် အထောက် ၂၄ ခုပါပြီးတော့ ပဋိစ္စသမုပ္ပါဒ အစုန်အဆန် အင်္ဂါ ၂၄ ခု ကို ဖေါ်ပြ ပါတယ်။

ကြာမှောက် ကတော့ အလုံးစုံသော ကိလေသာတို့ မှ စင်ကြယ်ခြင်း သင်္ကေတ နဲ့ ကြာရွက်တွေ ပေါ်မှာ အင်္ဂလိပ် အက္ခရာ ယူ (U) သဏ္ဍာန် နဲ့ အလယ်မှာ မျဉ်းကြောင်း တစ်ခု ကတော့ အစွန်း ၂ ပါး က လွန်မြောက်တဲ့ မဇ္ဖျိမပဋိပဒါ လမ်းစဉ် ရဲ့ သင်္ကေတ ဖြစ်ခဲ့ပါတယ်။

Ref: Wikipedia

No comments