New Artical

ရာဇဝင်ထဲကသမိုင်းဝင်အသောကဘုရင်(အပိုင်း၁) ၊ စစ်ဧကရာဇ်အသောကမင်းကြီးနှင့် ဗုဒ္ဓဘာသာ

 

ရာဇဝင်ထဲကသမိုင်းဝင်အသောကဘုရင်(အပိုင်း၁) ၊ စစ်ဧကရာဇ်အသောကမင်းကြီးနှင့် ဗုဒ္ဓဘာသာ


ကမ္ဘာ့သမိုင်း၌ ဘုန်းလက်ရုံးနှင့် ပြည့်စုံကြ၍ ကျယ်ဝန်းသော နိုင်ငံတော်ကြီးများကို တည်ထောင်ခဲ့ကြသော ဧကရာဇ်မင်းများအနက် အသောကမင်း တရားကြီး၏ အမည်သည် အခြားသော ဧကရာဇ်မင်းများ၏ ကျော်ကြားထင် ရှားနည်းမျိုးဖြင့် မဟုတ်ဘဲ ကမ္ဘာတစ်လွှား၌ ထင်ပေါ် ကျော်ကြားခဲ့ပေသည်။  ယင်းသို့ တစ်မူထူးခြား၍ ထင်ရှားရခြင်းမှာ မိမိ၏နိုင်ငံတော်ကို အခြားသော ဧကရာဇ်တို့ ကဲ့သို့ အာဏာစက်ဖြင့် မအုပ်စိုးမူ၍ ဓမ္မစက်ဖြင့်သာ အုပ်စိုးခဲ့သောကြောင့် ဖြစ်ပေသည်။  နောက်ပိုင်းစစ်ကို စွန့်ပယ်ခဲ့သော အသောကမင်းသည် ဗုဒ္ဓဘာသာ ကို သက်၀င်ယုံကြည်လာခဲ့သည်။ ထို့နောက် ဗုဒ္ဓဘာသာသာသနာကို လူအများသက်၀င်ယုံကြည် လာစေရန် ကြိုးပမ်းခဲ့သော ပုဂ္ဂိုလ်ကြီးလည်း ဖြစ်လာခဲ့သည်။

(သီရိဓမ္မာသောကမင်း)ဟု လည်း ခေါ်တွင်သော အသောကမင်းသည် ဗိန္ဓုသာရမင်းနှင့် ဓမ္မာမိဖုရားတို့၏ သားတော်တစ်ပါး ဖြစ်ပေသည်။  ဘီစီ (၃ဝ၄ )ခုနှစ်ခန့်တွင် ဖွားမြင်သည်ဟု ခန့်မှန်းရေးသားကြသည်။ အသောက သည် အိန္ဒိယနိုင်ငံ ၏သမိုင်းတွင်ပထမဆုံးသော အင်ပါယာကို တည်ထောင်နိုင်ခဲ့သည့် (စန္ဒဂုတ္တမောရိယ)၏ မြေးတော်လည်းဖြစ်သည်။  အသောကမင်း အရွယ်ရောက်လျှင် အဝန္တိတိုင်း၊ ဥဇ္ဇေနီပြည် ကြီးကို စားရသည်။ ဥဇ္ဇေနီပြည်စား မင်းသား ဘဝ၌ပင် သာကီဝင်သူဌေးသမီးဖြစ်သော (ဝေဋိသဒေဝီ)ကို ယူခဲ့၍ နောင် အခါ ဗုဒ္ဓသာသနာပြု မထေရ်မြတ် တစ်ပါး ဖြစ်လာသော၊(ရှင်မဟိန္ဒထေရ်)လောင်းနှင့် ( သင်္ဃမိတ္တာ) ထေရီလောင်း၊ သားတော် နှင့် သမီးတော်တို့ကို ရရှိခဲ့သည်။

ဖခင်ဖြစ်သူ(ဗိန္ဓုသာရ)မင်းကြီး နာမကျန်း ဖြစ်တော်မူသည် ဟု ကြားသိရလျှင် အသောကမင်းသည် မိဖုရားနှင့်သား တော်သမီးတော်တို့ကို (ဥဇ္ဇေနီပြည်)၌ပင်ထားခဲ့၍ ခမည်းတော် ရှိရာ(ပါဋလိပုတ္တ နေပြည်တော်)သို့လာခဲ့၍ ခမည်းတော်အား လုပ်ကျွေးပြုစုခဲ့သည်။ ခမည်းတော်နတ်ရွာစံသော် နိုင်ငံအလုံးကို ထိမ်းသိမ်းထားလိုက်လေသည်။

ထိုအခါ (တက္ကသိုလ်ပြည်)၌ သူပုန်သူကန်ရန်ကို နှိမ်နင်းနေသည့် နောင် တော်(သုမနမင်းသား) ခေါင်းဆောင်သော အသောကမင်းသားနှင့် တစ်မိတည်းမဟုတ်သည့် ကိုးကျိပ် ကိုးယောက်သော ညီနောင် မင်းသားတို့သည် စစ်ကြီးချီလာ၍ (ပါဋလိနေပြည်တော်)ကို ဝန်းရံလုပ်ကြံကြလေတော့သည်။

သို့သော်လည်း အရေးမလှ ကြပဲ သေကြေပျက်စီးကြရလေသည်။ အသောကမင်းသည် ထီးနန်းကို သိမ်းပိုက်ပြီး၍ လေးနှစ် ကြာမှသာလျှင်ရာဇဘိသေကကို ခံယူတော်မူသည်။ ရာဇဘိသေကမခံယူမီ တက္ကသိုလ်ပြည်၏ သူပုန် သူကန်ရန်ကို နှိမ်နင်းခြင်းစသော နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်လျက် ရှိနေကြောင်း ယူဆရပေသည်။

မင်းတရားကြီးသည် ကျယ်ပြန့်သော နိုင်ငံတော်ကြီးကိုတည် ထောင်နိုင်သည်သာမက နိုင်ငံတော်ကြီး ကို စနစ်တကျ စီမံခန့်ခွဲအုပ်ချုပ်နိုင်ခဲ့လေရာ ၊မင်းတရားကြီး၏ အမိန့်ရာဇသံကို ပါဋလိပုတ္တ နေပြည်တော်မှ အိန္ဒုမြစ်ဝှမ်းသို့ တိုင်လည်းကောင်း၊ အာရေဗျပင်လယ်သို့တိုင်လည်းကောင်း ၊ မပျက်မကွက် ဦးထိပ်ရွက်ဆင်၍ နာခံကြရလေသည်။ အသောကမင်းတရားသည် ဖွားတော်မူသည်မှစ၍ မင်း အဖြစ်သို့ ရောက်သည်တိုင်အောင် မျိုးရိုးစဉ်လာ အတိုင်း(ဗြဟ္မဏ အယူဝါဒီ) တစ်ဦးဖြစ်သည်။ ဘိုးတော်၊ ခမည်းတော်တို့ ပြုသကဲ့သို့ပင် အာဇီဝကတို့အားကိုးကွယ်၍ နေ့စဉ် အာဇီဝက ခြောက်သောင်းတို့အား နန်းတော်၌ ဆွမ်းဝတ်ပြုသည်။

သို့သော် ဘိသိက်ခံ၍(လေးနှစ်မြောက်)တွင် (နိဂြောဓသာမဏေ ငယ်)ကိုအကြောင်းပြု၍ ဗုဒ္ဓအယူဝါဒ၌ သက်ဝင်ယုံကြည်သော ဥပသကာတစ်ဦး ဖြစ်လာခဲ့သည်။ ထို့နောက်သာမဏေငယ်၏ ဆရာတော် ဖြစ်သော (အရှင်မောဂ္ဂလိပုတ္တတိဿ )မထေရ်နှင့်တကွ များစွာသော ရဟန္တာအရှင်မြတ်တို့ကို ရိုသေစွာ ဆည်းကပ်လာခဲ့သည်။

ရဟန်းသံဃာတို့သတင်းသုံးရန် ပါဋလိပုတ္တ နေပြည်တော်၏ အရှေ့တောင်ဘက်၌ (အသောကာရာမ )ကျောင်း တော်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့ရာ အသောကမင်းတရားကြီး ၏ ပထမဆုံးသော ကုသိုလ်တော် အဆောက်အအုံကြီး ဖြစ်ပေ သည်။

ရာဇဘိသေက ခံယူပြီးနောက် (ရှစ်နှစ်အကြာ ဘီစီ ၂၆၂ ခုနှစ်)တွင် အသောကမင်းကြီးသည် အရှေ့ဘက် ပင်လယ်ကမ်း ခြေ၊ မဟာနဒီနှင့် ဂိုဒါဝရီမြစ်တို့စပ်ကြားရှိ ကလိင်္ဂတိုင်း(ဩရိဿ) တိုင်းကို သိမ်းသွင်းရန် ရေတပ်၊ ကြည်းတပ် အလုံးအရင်းနှင့် ချီတက်လုပ်ကြံရာ အလိုတော်ပြည့်သည်။ ကလိင်္ဂစစ်ပွဲသည်အသောကမင်းကြီး၏ ရာဇဝင်ကြောင်းကို လမ်းပြောင်းလိုက်သော စစ်ပွဲကြီးဟု ဆိုရပေမည်။ မင်းတရား ကြီးသည် ကလိင်္ဂကို အောင်နိုင်ရသော်လည်း ရွှင်လန်းအားရ ခြင်း မဖြစ်နိုင်တော့ချေ။ သွေးချောင်းစီးအောင် အပြင်းအထန် တိုက်ခဲ့ကြသဖြင့် ကလိင်္ဂတိုင်းရင်းသား သိန်းသောင်းမက သေ ကြေ ပျက်စီးကြရသည်။ ထောင်သောင်းချီ၍ အိုးအိမ်မဲ့ ဖြစ်ကြ ရသည်။

ယင်းတို့ကို ကိုယ်တော်တိုင် မျက်ဝါးထင်ထင် တွေ့ မြင်ရသောအခါ လက်နက်အားကိုးဖြင့် သူတစ်ပါးအား နှိပ်စက် သတ်ဖြတ်မိခြင်းကို ယူကြုံးမရ ဖြစ်မိသည်။  ရန်သူများကိုလည်း သနားစာနာမိသည်။ လူအချင်းချင်းအပေါ်ဝယ် မေတ္တာတရား၊ ကိုယ်ချင်းစာ တရားတို့ကိုသာ ပွားများမိလေသဖြင့် စစ်အတိုက် အခိုက်၌ များစွာငြီးငွေ့ စက်ဆုတ်သွားသည်။  နိုင်ငံသူ နိုင်ငံ သားတို့အား စိတ်ဝမ်းချမ်းမြေ့စွာဖြင့် နေထိုင်စေလိုသော စိတ် များ ဖြစ်ပေါ်လာခဲ့သည်။

ထိုကြောင့် မိမိထက်အင်အားငယ်သော နိုင်ငံများကို လက်နက်အင်အား လူအင်အားဖြင့် ဖိနှိပ်တိုက်ခိုက် အနိုင်ယူသည်ထက် မေတ္တာတရားဖြင့် အနိုင်ယူတော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။ကလိင်္ဂမှ နေပြည်တော်သို့ ပြန်ရောက်သောအခါ ဗုဒ္ဓအယူဝါဒ ကို ပို၍ ကြည်ညိုလေးစားကာ ထက်ထက်သန်သန် ဆည်းကပ် ကိုးကွယ်ခြင်းကို ပြုပြီးလျှင် သာသနာတော်ကို များစွာ ချီးမြှောက်တော်မူလေသည်။ တရားတော်နှင့်လျော်ညီစွာ နေထိုင် ကျင့်ကြံနိုင်ရန် ကိုယ်တော်တိုင်လည်း ကိုယ်စိတ်နှစ်ပါးကို အထူး ပြုပြင်တော်မူသည်။

မိမိသာမက မိမိ၏ မိဖုရား၊ သားတော်သမီးတော်၊ ခြွေရံသင်းပင်း အသိုက်အဝန်းနှင့်တကွ မိမိ၏ နိုင်ငံသား အားလုံးတို့ကိုကောင်းမြတ်သော တရားဓမ္မဖြင့် သာ အောင်မြင်ရာသည်ဟူသော ဓမ္မဝိဇယဝါဒကို လိုက်နာ ကျင့်သုံးစေလေသည်။ နိုင်ငံတော်အတွင်း၌ ဗုဒ္ဓအယူဝါဒကို ကြည်ညိုလေးစားလာ သူများ ပေါများလာအောင် အားထုတ်သည်။နိုင်ငံတော်အတွင်း ၌ အရာထမ်း၊အမှုထမ်းများကို သက်ဆိုင်ရာပြည်နယ်များ၌ ငါးနှစ် တစ်ကြိမ် လှည့်လည်၍ တရားဓမ္မများကို လူအများအား ဟောကြားပြသရန် ညွှန်ကြားခဲ့သည်။

(အသောကမင်းရဲ့ အယူအဆမှာ ဓမ္မဆိုသည်မှာမန္တန်ရွတ်ဖတ် ပူဇော်ခြင်း၊ ဘာသာရေးဓလေ့ထုံးစံများကို လိုက်နာခြင်းထက် လူ့လောက၊ လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးခြင်းသာ ဖြစ်တယ်ဟု ယုံကြည်ထားသည်။ )

ထို့ကြောင့်လူမျိုးမရွေး၊ ဇာတ်မရွေး၊ မရှိဆင်းရဲသားတို့အား နေ့စဉ် ပေးကမ်းစွန့်ကြဲသည်။ မြတ်စွာဘုရား၏ ဓာတ်တော်မွေတော် များကို ရှာဖွေစုဆောင်းပြီးလျှင် ဗုဒ္ဓဝါဒီအပေါင်းတို့ ဆည်းကပ် ကိုးကွယ်နိုင်စေရန် ထူပါရုံစေတီတော်များ တည်ဆောက်ခဲ့ သည်။ ဘုရားရှင် ဟောကြားတော်မူ ခဲ့သော ဓမ္မခန္ဓာ (၈၄,ဝဝဝ )ကို အထိမ်းအမှတ်ပြုသောအားဖြင့် ဇမ္ဗူဒိပ်ကျွန်းအလုံး နေရာ အနှံ့အပြား၌ စေတီတော် ပေါင်း ၈၄,ဝဝဝ၊ ရေတွင်း ရေကန် ပေါင်း ၈၄,ဝဝဝကိုဆောက်လုပ်လှူဒါန်းခဲ့သည်၊ သာသနာ့အမွေကို ခံနိုင်ရန် သားတော် မဟိန္ဒနှင့် သမီးတော် သင်္ဃမိတ္တာတို့ကိုပင် သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ခဲ့သည်။

အသောကမင်းတရားသည် ဗုဒ္ဓသာသနာတော်ကို လွန်စွာ ချီးမြှင့်လင့်ကစား အခြားသော ဘာသာအယူဝါဒ များအား အပြစ်ဆိုခြင်း၊ ရှုတ်ချခြင်း၊ မပြုခဲ့ချေ။ ကိုယ်တော်တိုင်သာမက နိုင်ငံတော်အတွင်းရှိ လူခပ်သိမ်း တို့အား တစ်ဦး၏ အယူဝါဒ ကို တစ်ဦးက ရှုတ်ချခြင်း ပြစ်တင်ခြင်းမပြုရန်လည်း အမိန့် ထုတ်ပြန်ထားခဲ့သည်။ လူများအတွက်သာမက သတ္တဝါအပေါင်းအား သနားကြင်နာသောအားဖြင့် တိရစ္ဆာန်များကို သတ်ဖြတ်၍ယစ်ပူဇော်သော ဓလေ့ကို ဖယ်ရှားတားဆီးခဲ့သည်။

ဗုဒ္ဓသာသနာအတွက် စေတီပုထိုးကျောင်း ကန်စရပ်တို့ကို ဆောက်လုပ်လှူဒါန်းသည့်နည်းတူ အာဇီဝက များအတွက် လည်းကောင်း၊ ဗြဟ္မဏဝါဒီများအတွက် လည်း ကောင်း၊ ဂျိန်းဝါဒီများအတွက်လည်းကောင်း အယူဝါဒရေးရာ အဆောက်အအုံများကို ထိုက်သင့်သလို ဆောက်လုပ် လှူဒါန်း လေသည်။ သို့သော် မင်းတရားကြီးသည် ဗုဒ္ဓသာသနာကို လွန်စွာ ချီးမြှင့်သဖြင့် သာသနာတော်တွင် အလွန်ပြန့်ပြောသော လာဘသက္ကာရဖြစ်သည်။

ထိုအခါ လာဘ်လာဘကို မျှော်ကိုး၍ တိတ္ထိ တက္ကတွန်းတို့သည် ရဟန်းခွင်သို့ ခိုဝင်လာကြရာ သာသနာတော်တွင် အညစ်အကြေး တင်လာသည်၊ ထိုကြောင့် မင်းတရားကြီးသည် (အရှင် မောဂ္ဂလိပုတ္တတိဿမထေရ်)၏ အဆုံးအမကိုယူ၍ သာသနာအတွင်းမှ ရဟန်းတုရဟန်းယောင် များကို ဖယ်ရှား ရှင်းလင်းပစ်ပြီးနောက် ၊ သာသနာတော် သန့်ရှင်းသွားစေရန် သာသနာသက္ကရာဇ် ၂၃၅ ခုနှစ်တွင် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်ကိုပင် အမှူးထား၍ တတိယ သင်္ဂါယနာတင်တော်မူခဲ့လေသည်။ သာသနာတော် သန့်စင်သွားပြီးနောက် သာသနာတော်ကို အဓွန့်ရှည်ကြာစွာ တည်တံ့ခိုင်မြဲစေလိုသော ဆန္ဒသည် မင်းကြီး ၌ ပြင်းပြလှသည်။

ထိုကြောင့် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ် မြတ်အား သာသနာတော်သည် နောင်အခါ အဘယ်အရပ်၌ တည်လတ္တံ့နည်းဟု မေးလျှောက်လျှင် ၊ အရှင်မထေရ်မြတ်က (ပစ္စန္တရာဇ်တိုင်း)၌ တည်လတ္တံ့ဟု ဖြေကြားချက်အရ ပစ္စန္တရာဇ် ကိုးဌာန (ကိုးတိုင်းကိုးဌာန)သို့ သာသနာပြု ရဟန္တာ ရှင်မြတ် တို့အား စေလွှတ်၍ ဗုဒ္ဓသာသနာ ပျံ့နှံ့ရေးကို ဆောင်ရွက်တော် မူလေသည်။  ပါဋလိပုတ္တရ တစ်ဝိုက်တွင် ဗုဒ္ဓတက္ကသိုလ် များတည်ဆောက်ပေးခဲ့သည်။

ထိုကျောင်းများသို့ တရုတ်ပြည်နှင့် အနောက်အာရှရှိဝေးကွာသော နိုင်ငံများမှ ကျောင်းသားများပင် ပညာလာသင်ကြားကြသည်။ ထိုကျောင်းသားများသည် မိမ်ိတို့ဇာတိသို့ ပြန်သွားသောအခါ ဗုဒ္ဓသာသာနာတော်ကို ဆောင်ကြဉ်းသွားကြလေသည်။ ထိုမျှသာမကသေး အသောကမင်းကြီး၏ နိုင်ငံတော်သည် ဂရိစသော အနောက်နိုင်ငံများနှင့်လည်း အဆက်အသွယ် ရှိသဖြင့် ဆီးရီးယား၊ အီဂျစ်၊ ဂရိစသော နိုင်ငံတို့သို့လည်း ဗုဒ္ဓသာသနာတော်၏ အရှိန်အဝါ ပျံ့နှံ့ ကျရောက်ခဲ့လေသည်။ (တတိယသံဃာယနာ )တင်ပြီးချိန် တိုင်းပြည်အရပ်ရပ်တို့သို့ ဗုဒ္ဓသာသနာတော်ပြန့်ပွားစေရန်ရည်ညွှန်း၍ ၊

အသောကမင်း တရားကြီးနှင့် အရှင် မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်တို့က ကိုးတိုင်း ကိုးဌာန ပြည်နယ်တို့သို့ ဥပသမ္ပဒကံဆောင်နိုင်စေရန် ခေါင်းဆောင်တစ်ပါးနှင့် သံဃာငါးပါးစီကို စေလွှတ်ကြွချီတော်မူကြသည်။ သီဟိုဠ်သို့ သားတော်မဟိန္ဒ နှင့် သမီးတော် သင်္ဃမိတ္တာအား စေလွှတ်၍ ဗုဒ္ဓဂါယာရှိ ဗောဓိပင်မှညောင်ကိုင်းတစ်ကိုင်းအား ယူဆောင်၍ သာသနာသွားပြုစေခဲ့သည်။

သီဟိုဠ်တွင် ဗုဒ္ဓသာသနာပိုမိုပြန့်ပွား လာပြီး ထိုမှတဆင့် ရှေးမြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာရောက်ရှိ
ပွင့်လင်းလာသည်ဟု အဆိုရှိကြသောကြောင့် အသောကမင်းကြီး၏ ကျေးဇူးသည် မြန်မာနိုင်ငံ အပေါ်လည်း မကင်းခဲ့(သက်ရောက်ခဲ့သည်) ။

အသောကမင်းတရားကြီးသည် နိုင်ငံတော် စည်ပင်ဝပြော သာယာရေး၊ ခပ်သိမ်းသော သတ္တဝါတို့၏ လောကီ လောကုတ္တရာ ကောင်းကျိုးချမ်းသာရေးအတွက် အသက်ထက် ဆုံး ကြိုးပမ်းဆောင်ရွက်တော်မူ ခဲ့ပြီးလျှင် ဘီစီ ၂၃၂ ခုနှစ် ခန့်(ခန့်မှန်း)တွင်လွန်တော်မူခဲ့လေသည်။

Ref: Wikipedia

No comments