New Artical

အလောင်းဘုရားရဲ့ ဝါးရင်းတုတ် တပ်ဆိုတာ

ပုံသည် အလောင်းဘုရားတပ်၏ မူရင်းပုံမဟုတ်ပါ အင်တာနက်မှ နီးစပ်ရာပုံကို သရုပ်ပြတင်ခြင်းဖြစ်သည်။

 အလောင်းဘုရားရဲ့ ဝါးရင်းတုတ် တပ်ဆိုတာ

မြန်မာတွေ တော်တော်များများ မှတ်ယူထားကြတာက  ကုန်းဘောင်နန်းတည် အလောင်းမင်းတရား ဦးအောင်ဇေယျဟာ အယုဒ္ဓယ(ယခုထိုင်း) ကို ဝါးရင်းတုတ် တပ်နဲ့ သိမ်းဖို့ ကြိုးစားခဲ့တယ်..  နောက်ပြီး ဆင်ဖြူရှင် မင်းတရားကြီး လက်ထက်မှာလည်း ယိုးဒယားကို ဝါးရင်းတုတ် ကိုင်ပြီး တက်သိမ်းခဲ့တယ်လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလေ့ ရှိကြပါတယ်.. အမှန်တကယ်ကတော့ မြန်မာတွေဟာ ယိုးဒယားကို ဝါးရင်းတုတ်ကိုင်ပြီး တက်သိမ်းခဲ့တာတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ ယိုးဒယားကို တက်သိမ်းခဲ့တဲ့ မြန်မာ့စစ်တပ်ထဲမှာတော့ တင်ကျည်းတပ် ဆိုတာပါခဲ့ပြီး အဲဒီတပ်ရဲ့ စွမ်းဆောင်မှု့ဟာ ယိုးဒယား..မြန်မာ စစ်ပွဲတွေထဲမှာ တော်တော်ကြီးကို ပြောစမှတ် တွင်လောက်အောင် တိုက်ခိုက်ရေး စွမ်းရည်မှာ ထွန်းပြောင်ခဲ့ပါတယ်... ယိုးဒယား-မြန်မာစစ်ပွဲတွေ အတွင်းမှာ မြန်မာတပ်ရဲ့ တင်ကျည်းကိုင် တပ်သားတွေဟာ ရှေ့တန်းကနေပြီး ရင်ဆိုင်တိုက်ပွဲတိုင်းမှာ ရွပ်ရွပ်ချွံချွံနဲ့ အစွမ်းပြ တိုက်ခိုက် နိုင်ခဲ့ကြပါတယ် ။

မြန်မာတို့ရဲ့ အောင်ပွဲတိုင်းမှာ တင်ကျည်းတပ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်ဆိုတာ ယိုးဒယား- မြန်မာ့စစ်သမိုင်းမှာ အခိုင်အမာဖော်ပြထားပါတယ်.. အဲဒီတော့ တင်ကျည်းဆိုတာ ဘာလဲ..? နောက်ပြီး တင်ကျည်းတပ်ရဲ့ ဖွဲ့စည်းပုံ စတာတွေကို စာဖတ်သူတွေ သိရှိနိုင်ဖို့.. ဗဟုသုတရစေဖို့ တင်ပြပေးချင်ပါတယ်...။ တင်ကျည်းဆိုတာ အမှန်တော့ လက်တစ်ဖက်တည်းနဲ့  ကိုင်တွယ် အသုံးပြုလို့ရတဲ့ အလျားတိုတဲ့ ဝါးရင်းတုတ် လက်နက် မဟုတ်ပါဘူး .. ဒါပေမယ် .ဝါးရင်းနဲ့ပြုလုပ်ထားတဲ့ အတွက် သူ့ကို ဝါးရင်းတုတ်လို့အလွယ်တကူ ​ခေါ်ဆိုကြတဲ့အတွက်  တင်ကျည်းဆိုတဲ့ နာမည်ပျောက်ကာ ဝါးရင်းတုတ်လို့ အမည်တွင်သွားရခြင်းပဲ ဖြစ်ပါတယ် ..။

တင်ကျည်းဆိုတာ...ကျစ်လစ် မာကျောသော ဝါးအမျိုးအစားများဖြစ်ကြတဲ့ ဝါးရင်း၊ဝါးပိုး တွေကို မီးသင်းပြီး မာကျောအောင်ပြုလုပ်ထားတဲ့ တုတ်ရှည်ကို ခေါ်တာဖြစ်ပါတယ်... တင်ကျည်းပြုလုပ်ပုံ အဆင့်ဆင့်ကတော့ တောထဲကနေ လတ်တလော ခုတ်လာတဲ့  အနေတော် လက်တဆုပ် လုံးပတ်ရှိ ဝါးတွေကို အကိုင်းအခက်ရှင်းပြီး လုံးချောဖြစ်အောင် လုပ်ရပါတယ်. . အရှည်ကိုတော့ အသုံးပြုမဲ့သူရဲ့  အရပ် အတိုင်းအထွာနဲ့ ယှဉ်ပြီး ခုတ်ဖြတ်ရတယ်လို့ဆိုပါတယ်... ပုံမှန်အားဖြင့် တင်ကျည်းတွေဟာ အသုံးပြုတဲ့သူရဲ့အရပ် (ခြေဖြားကနေခေါင်းထိ) ကနေ နောက်ထပ် တစ်ထောင့်တစ်ထွာ ပိုရှည် ရတယ်လို့ သတ်မှတ်ထားပါတယ်.. ပြီးနောက် နွားမဒါန်းရဲ့ ကျင်ငယ်ရည်နဲ့  ၂ရက်ကနေ သုံးရက်အထိ စိမ်ထားရတယ်လို့ ဆိုပါတယ်.. ဒါမှ ကွေးညွတ်နိုင်တဲ့ ဝါးကြောတွေ ​သေသွားတယ်လို့ ဆိုပါတယ် .. ထို့နောက် နေပြင်းပြင်းမှာ ၂-၃ ရက် လှန်းပြီး အစိုဓာတ်ကို ဖယ်ထုတ်ရပါတယ်..။ ထို့နောက် မီးဖြင့် အကြောမာအောင်ပြုပြင်​ပြီး ဖြောင့်စင်းလာအောင် ပေပေါ်တင်ပြီး တူဖြင့်ထုပေးရပါတယ်... ဒီအဆင့်တွေ ပြီးသွားရင်တော့  မာကျောဖြောင့်စင်းနေတဲ့ တင်ကျည်းတုတ် အကြမ်းကို ရရှိပြီဖြစ်ပါတယ်။

လက်နက်အဖြစ် အသုံးပြုဖို့အတွက်တော့ တင်ကျည်းရဲ့ ထိပ်နှစ်ဖက်ကို ချွန်ပြီး မာကျောလာအောင် လုပ်ရပါတယ်... ထို့နောက် ထိပ်ပိုင်း ၊အလယ်ပိုင်း လက်ကိုင်နေရာ နဲ့ အောက်ပိုင်းတွေကို သေးသွယ် ကျစ်လစ်တဲ့ ​လျှော်ကြိုးများဖြင့် တင်းတင်းကျပ်ကျပ် စည်းနှောင်ရပါတယ် ... အဲဒီအဆင့်တွေပြီးသွားရင်တော့ လှံ ကဲ့သို့လည်း ထိုးနိုင်ပြီး တုတ်ရှည် ကဲ့သို့လည်း လှည့်ပတ်ကစားနိုင် ရိုက်နိုင်တဲ့ တင်ကျည်းခေါ် ဝါးရင်းတုတ် လက်နက်ကိုရရှိပြီဖြစ်ပါတယ်။

အဲဒီတင်ကျည်းလက်နက်ဟာ ဓါးနဲ့ပိုင်းဖြတ်လို့လဲမရ မာကျောလှတဲ့အပြင် သူ့ရဲ့ ဝါးစူးချွန်ဟာဆိုရင် ကျွဲသားရေချပ် တွေကိုတောင် ဖောက်နိုင်တယ်လို့ ဆိုပါတယ်... တင်ကျည်းနဲ့ ရိုက်နှက်ခံရရင်လည်း အတွင်းကျေပြီး ကိုယ်တွင်းဒဏ်ရာ ရရှိနိုင်တယ်လို့ ဆိုပါတယ်.. ရှေးခေတ် တင်ကျည်းကိုင်တဲ့ သူရဲကောင်းတွေဟာ မြန်မာ့စစ်တပ်မှာ ကြည်းတပ်အဖွဲ့ဝင် လက်ရွေးစင် စစ်သည်တော်တွေဖြစ်ကြပြီး သူတို့တွေဟာ လှံရေး ၃၇ ချင်းအပြင် ပွဲကျောင်း ဗန်တို တုတ်သိုင်းကိုပါ ကျွမ်းကျင် ပိုင်နိုင်ရပါတယ်.. တင်ကျည်းတပ်ဟာ ကြည်းတပ်ဖွဲ့စည်းမှု့ထဲမှာ တပ်စု တစ်ခု အနေနဲ့ ပါဝင်ပြီး သေနတ်ဝန်ရဲ့ လက်အောက်မှာ အမိန့်နာခံရပါတယ်... ကုန်းဘောင်ခေတ် စစ်တပ်ဖွဲ့စည်းပုံအရ.. တင်ကျည်းတပ်သား ဆယ်ယောက်ရဲ့ အထက်မှာ သွေးသောက်တစ်ယောက်ရှိပြီး ၊ သွေးသောက်ဆယ်ယောက်ရဲ ့ အထက်မှာ အိုးစားကြီးဆိုတဲ့ အကြပ်တစ်ယောက်ရှိပါတယ်.. အိုးစားကြီး ဆယ်ယောက်ရဲ့ အထက်မှာ ပျံချီဘွဲ့ရ  တပ်မှုးတစ်ယောက်က အုပ်ချုပ်ပြီး သေနတ်ဝန်ရဲ့ အမိန့်ကို နာခံရပါတယ် ။

အဲဒါကြောင့် တင်ကျည်းတပ်ကို လူတစ်ထောင်ပါဝင်တဲ့ လက်ရွေးစင် ကြည်းတပ်စု အဖြစ် ခန့်မှန်း တွက်ချက်နိုင်ပါတယ်... တင်ကျည်းတပ်ဟာ ပုဂံခေတ်ကတည်းက  ဖွဲ့စည်းတည် ရှိခဲ့တဲ့ တပ်အနေနဲ့ သမိုင်းအထောက်အထား မတွေ့ရှိရပေမယ့် ပုဂံခေတ် အရည်းကြီးများရဲ့ ပွဲကျောင်းတွေမှာတော့ တင်ကျည်းကိုင် ပညာရပ်တွေဖြစ်တဲ့ ဗန်တို/ရှည် တုတ်သိုင်းပညာကို သင်ကြားနေပြီဆိုတာ အခိုင်အမာ တွေ့ရှိနိုင်ပါတယ်.. တင်ကျည်းကိုင် သူရဲကောင်းတွေကို  တပ်တစ်ခုအနေနဲ့ ဖွဲ့စည်း အသုံးချခဲ့တဲ့ အထောက်အထားကိုတော့.. ကုန်းဘောင်ခေတ်ဦး အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ လက်ထက် ကြမှသာ တွေ့ရှိရတာ ဖြစ်ပါတယ်... ကုန်းဘောင်ခေတ်တလျှာက်လုံး ဖြစ်ပွားခဲ့တဲ့ ယိုးဒယား မြန်မာစစ်ပွဲတိုင်းမှာ တင်ကျည်းတပ်က ရှေ့တန်းကနေ ရွပ်ရွပ်ချွံချွံ တိုက်ပြီး အောင်ပွဲဆင် နိုင်ခဲ့တဲ့ အတွက် ယိုးဒယား လူမျိုးတွေကရော မြန်မာလူမျိုးတွေကပါ မြန်မာတွေဟာ အယုဒ္ဓယမြို့ကို ဝါးရင်းတုတ်နဲ့ တက်သိမ်းခဲ့တယ်လို့ ပြောစမှတ် ပြုခဲ့ကြရတာ ဖြစ်ပါတယ်.. 

နှောင်းလူတွေ လက်ထက်အရောက်မှာတော့ မြန်မာတို့ရဲ့ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေးနဲ့ မျိုးချစ်စိတ်ဓာတ်တွေ ထက်သန်လာအောင် စိတ်ဓာတ်မြင့်တင်တဲ့ အနေနဲ့ ယိုးဒယားကို ဝါးရင်းတုတ်နဲ့ တက်သိမ်းခဲ့တာ ကွလို့ ကြွေးကြော်ပြီး.. တချိန်က မြန်မာလူမျိုးတို့ရဲ့ သတ္တိနဲ့ စစ်ရေးစွမ်းရည်ကို နှောင်းလူတွေ ​လေးစား အားကျလာအောင် ပြောဆိုခဲ့ကြပါတယ်... ။

ကိုးကား – မြန်မာ့စွယ်စုံကျမ်း ၊ မှန်နန်းရာဇဝင် ၊ ရာဇဘိသေက ကျမ်း

No comments