New Artical

စီးပွားရေးအိုင်ဒီယာ ဘယ်က ရှာမလဲ

 


  စီးပွားရေးအိုင်ဒီယာ ဘယ်က ရှာမလဲ

အောင်မြင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းတွေကို ကြည့်လိုက်ရင် စီးပွားရေးအိုင်ဒီယာကို အခြေအနေအမျိုးမျိုးကနေ ရရှိခဲ့ကြတာကို တွေ့ရမယ်။ ဒါပေမယ့် အတော်များများကတော့ စိတ်ကသိကအောက်ဖြစ်စရာ အခြေအနေတစ်ရပ်ရပ် (A moment of frustration)၊ ဒါမှမဟုတ် အဆင်မပြေစရာ အခြေအနေတစ်ခုခု (a moment of discomfort) ကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။ အောင်မြင်တဲ့ စွန့်ဦးတီထွင်သမားတွေဟာ စိတ်အခန့်မသင့်စရာကြုံတဲ့အခါ “ဒါမျိုးကို ဒီထက်ပိုကောင်းအောင်လုပ်လို့ရသားပဲ” ဆိုတဲ့ အတွေးတစ်ခုပေါ်လာတယ်လို့ ဆိုပါတယ်။ အဲဒီအခါမှာပဲ အဖြေတစ်ရပ်ရပ်ကို တစ်ဆက်တည်း စဉ်းစားဖြစ်ခဲ့ကြတယ်။ အကျိုးဆက်ကတော့ အောင်မြင်တဲ့ စီးပွားရေးအိုင်ဒီယာတစ်ရပ် ပေါ်ထွက်လာတော့တာပါပဲ။

နောက်တစ်နည်းကတော့ အခြားလူတွေဆီကနေ လေ့လာတာပါ။ လူတွေမှာ ကြုံတွေ့ရတတ်တဲ့ စိတ်အခန့်မသင့်စရာကိစ္စတွေကို သိအောင်လုပ်ပါ။ သူတို့ နေ့စဉ်နဲ့ အမျှ သွားလာလှုပ်ရှားကြရာမှာ ကြုံတွေ့ရတတ်တဲ့ အခက်အခဲတွေကို လေ့လာပါ။ ဒါကတော့ လုပ်ငန်းရှင် Derek Johnson ရဲ့ အာဘော် ဖြစ်ပါတယ်။ Derek ဟာ လူအမြောက်အများကို ဖုန်းမက်ဆေ့ချ်တွေ တပြိုက်နက်ပို့ပေးတဲ့ ဝက်ဘ်ဆိုက်တစ်ခုကို ထောင်ထားပါတယ်။ ဒီအိုင်ဒီယာရလာတာကတော့ Derek ရဲ့ မိတ်ဆွေဆီက ဖြစ်ပါတယ်။ အဲဒီမိတ်ဆွေဟာ တက္ကသိုလ်တစ်ခုမှာ အလုပ်လုပ်နေပါတယ်။ 

သူလုပ်ရတဲ့ အလုပ်တွေထဲမှာ လူအများကြီးဆီကို ကြေညာချက်တွေ၊ ရက်ချိန်းတွေ၊ အစည်းအဝေးအချိန်တွေနဲ့ပတ်သက်ပြီး အကြောင်းကြားရတဲ့ အလုပ်လည်း ပါပါတယ်။ လူတွေဆီကို အီးမေးလ်တို့၊ မက်ဆင်ဂျာတို့ကနေ အကြောင်းကြားတဲ့အခါ ထိရောက်မှုသိပ်မရှိတဲ့အတွက် ဖုန်းကနေ မက်ဆေ့ချ် ပို့ပေးရပါတယ်။ လူနည်းနည်းကို ပို့ရတာ ကိစ္စမရှိပေမဲ့ လူအများကြီးဆီကို ဖုန်းမက်ဆေ့ချ်တွေ ပို့ရာမှာ လူအင်အားအများကြီးသုံးရပြီး အတော်လေး အလုပ်ရှုပ်တဲ့အကြောင်း သူ့မိတ်ဆွေက ညည်းညူလိုက်တာကို Derek တစ်ယောက် သတိထားမိလိုက်ပါတယ်။

Derek ဟာ အဲဒီအခက်အခဲကို စီးပွားရေးအိုင်ဒီယာအတွက် ရေသောက်မြစ်အဖြစ် ပြောင်းလဲလိုက်ပြီး လအနည်းငယ်အတွင်းမှာ Tatango ဆိုတဲ့ ဝက်ဘ်ဆိုက်တစ်ခုကို ထောင်လိုက်ပါတယ်။ ဒီဝက်ဘ်ဆိုက်ရဲ့ ဝန်ဆောင်မှုကတော့ ဝက်ဘ်ဆိုက်မှာ စာရင်းသွင်း(Subscribe)ထားတဲ့ လူပုဂ္ဂိုလ် (သို့မဟုတ်) လုပ်ငန်းဟာ တစ်ဆယ်၊ နှစ်ဆယ်ကနေ ထောင်နဲ့ချီတဲ့ အရေအတွက်ရှိတဲ့ အခြားလူအများကြီးဆီကို ဖုန်းမက်ဆေ့ချ်တွေ ပေးပို့နိုင်ပါတယ်။ စာရင်းသွင်းခအနေနဲ့ တစ်လကို ၁၉ ဒေါ်လာကောက်ခံပြီး ၂၀၁၄ ခုနှစ်အထိ လူ ၂၅၀၀ လောက် စာရင်းသွင်းထားပါတယ်။ ဝက်ဘ်ဆိုက်တစ်ခုအနေနဲ့ ဒေါ်လာ (၅)သိန်းလောက် ရှာထားပြီး ဖြစ်ပါတယ်။ “ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ ထုတ်ကုန်၊ ဘဝရဲ့ လုပ်ငန်းဆောင်တာတွေကို ရိုးရှင်းလွယ်ကူအောင် လုပ်ပေးနိုင်တဲ့ ထုတ်ကုန်တွေအတွက်ဆို လူတွေက ငွေသုံးဖို့ ဝန်မလေးဘူး။” လို့ Derek က မှတ်ချက်ပြုထားပါတယ်။

စွန့်ဦးတီထွင်လုပ်ငန်းဆိုတာ ဘယ်သူမှ မကြားဖူးတဲ့ လုပ်ငန်း ဖြစ်နေစရာမလိုပါဘူး။ “ဒါကို ဘယ်လိုပိုကောင်းအောင် လုပ်လို့ရသလဲ။” “သူတို့ပေးတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုထက် ငါက ပိုကောင်းအောင်လုပ်နိုင်သလား (ဒါမှမဟုတ်) ကွဲပြားအောင်လုပ်နိုင်သလား။” ဆိုတဲ့ မေးခွန်းမျိုးကို ကိုယ့်ကိုကိုယ်ပြန်မေးနေဖို့ပဲ လိုတာဖြစ်ပါတယ်။

တစ်ခါတစ်လေမှာတော့ စီးပွားရေးအိုင်ဒီယာဆိုတာ စိတ်ကူးပေါက်အောင် လှုံ့ဆော်တဲ့ ဖြစ်ရပ် (Inspiring moment) တစ်ခုခုကနေ ပေါက်ဖွားလာတတ်တယ်။ အရင်ခေတ်တုန်းက ဗီဒီယိုခွေငှားဆိုင်တွေ မှိုလိုပေါက်ခဲ့တာကို အားလုံးမှတ်မိကြမှာပါ။ ဗီဒီယိုခွေငှားတဲ့အခါ နောက်ကျပြီးမှ အပ်ရင် ရက်လွန်ကြေးပေးရတာ ထုံးစံဖြစ်ပါတယ်။ Reed Hastings ဆိုတဲ့လူတစ်ယောက်ဟာ ဗီဒီယိုခွေငှားကြည့်တာ ရက်လွန်သွားလို့ ဒေါ်လာ ၄၀ ပေးလိုက်ရတယ်။ ဒါကို စိတ်တိုရမယ့်အစား သူအတွေးတစ်ခု ပေါက်သွားတယ်။ “အခွေငှားခကို အားကစားခန်းမကြေးတောင်းသလို လပေးနဲ့ တောင်းရင်ရော မရနိုင်ဘူးလား။ နည်းနည်းပဲ ကြည့်ကြည့်၊  များများပဲ ကြည့်ကြည့် အခွေငှားခကို တစ်သမတ်တည်းထားလို့ မရနိုင်ဘူးလား။” ဆိုတဲ့ အတွေးတစ်ချက်ပါပဲ။ ဒီအတွေးကနေ ပေါက်ဖွားလာတာကတော့ ယနေ့ဝင်ငွေ ဒေါ်လာ ၁.၃ ဘီလီယံ (သန်းပေါင်း ၁၃၀၀) လောက် ရှာပေးနေတဲ့ Netflix.com ဝက်ဘ်ဆိုက်ကြီးပါပဲ။

ကိုယ့်ရှေ့မှာ လူတွေအများကြီး စမ်းသပ်လုပ်ကိုင်သွားပြီးသား လုပ်ငန်းတွေဟာလည်း သင့်အတွက် စီးပွားရေးအခွင့်အလမ်းကောင်း ဖြစ်လာနိုင်ပါတယ်။ စာအုပ်အငှားဆိုင်တွေ ခေတ်ကုန်သွားတဲ့အတွက် ကာတွန်းစာအုပ်တွေ ထုတ်ရင် မွဲတော့မှာပဲလို့ အလျင်စလို မတွေးလိုက်ပါနဲ့။ “ခေတ်နဲ့ လျော်ညီအောင်ပြုပြင်လို့ မရနိုင်ဘူးလား၊” “ကလေးလူငယ်တွေမှာ ခေတ်အရ ပြောင်းလဲလာတဲ့ စရိုက်တွေ၊ ဝါသနာတွေ၊ အကြိုက်တွေနဲ့ ကိုက်ညီအောင် ကာတွန်းကို ဘယ်လိုအဆင့်မြှင့်တင်လို့ရမလဲ၊” “ကာတွန်းစာအုပ်တွေကို မိုဘိုင်းကနေ ဖတ်လို့ရအောင် လုပ်လို့ မရဘူးလား၊” စတဲ့ မေးခွန်းမျိုးတွေကို အဖြေရှာရာကနေပြီး အိုင်ဒီယာကောင်းတွေ ဆက်လက်တည်ဆောက်သွားလို့ရပါတယ်။

နောက်အရေးကြီးတဲ့ တစ်ချက်ကတော့ စီးပွားရေးအိုင်ဒီယာတစ်ခုခု ရလာပြီဆိုတာနဲ့ သင့်အိုင်ဒီယာဟာ အလုပ်ဖြစ်နိုင်လား၊ မဖြစ်နိုင်ဘူးလားဆိုတာ ဆန်းစစ်ကြည့်ဖို့လိုပါတယ်။ အရင်ဆုံးအနေနဲ့ ကိုယ်နဲ့နီးစပ်ရာ မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ကိုယ့်အိုင်ဒီယာအကြောင်းရှင်းပြပြီး အကြံဉာဏ်ယူပါ။ သင့်အကြံဉာဏ်ကို သူများတွေ ခိုးယူသွားမှာကို မကြောက်ပါနဲ့။ ဒါမျိုး မဖြစ်တတ်ပါဘူး။ အသေးစိတ်တွေကိုတော့ သွားမပြောနဲ့ပေါ့။ ပြောစရာမှ မလိုတာ။

သင့်အစီအစဉ်ကို တားမြစ်မယ့်သူတွေ အတော်များများပေါ်လာမယ်ဆိုတာကိုလည်း ကြိုသိထားပါ။ တားမြစ်တဲ့သူအများစုဟာ သင့်အတွက် အမှန်တကယ်စိုးရိမ်စိတ်နဲ့ တားကြတာဖြစ်ပါတယ်။ သူတို့ထောက်ပြတဲ့ အချက်ကတော့ သင့်အိုင်ဒီယာဟာ ဆုံးရှုံးနိုင်ခြေ သိပ်မြင့်မားတယ် ဆိုတာပါပဲ။ ဒီလိုတားမြစ်မှုတွေကြောင့် သင်နောက်တွန့်သွားစရာမလိုပါဘူး။ ဒီအဆင့်ဟာ အိုင်ဒီယာထုတ်တဲ့ အဆင့်ပါ။ အိုင်ဒီယာထုတ်ပြီးရင် သင်ဆက်လုပ်ရမယ့် အိမ်စာတွေ အများကြီးကျန်ပါသေးတယ်။ စီးပွားရေးအိုင်ဒီယာဆိုတာ အိုင်ဒီယာသက်သက်မှာတင်ရပ်ထားလို့မရပါဘူး။ သင်သွားချင်တဲ့ နယ်ပယ်အကြောင်းကို သင် သုတေသနတွေ လိုက်လုပ်ရမယ်။ ဒီကဏ္ဍမှာ ဘယ်သူတွေ ဘယ်လိုအောင်မြင်ပြီး ဘယ်သူတွေ ဘယ်လိုကျရှုံးသွားကြသလဲ၊ ပြိုင်ဖက်တွေ ရှိ-မရှိ၊ ဘယ်လောက်ရင်းနှီးရမလဲ၊ လိုတဲ့အရင်းအနှီးကို ဘယ်ကရမလဲ၊ ဘယ်နှနှစ်လောက် တောင့်ခံထားနိုင်မလဲ၊ ဘယ်ကနေ ကုန်ကြမ်းရမှာလဲ၊ အမြဲတမ်းရနိုင်-မရနိုင်၊ ခေတ်စားလာမယ့် အလားအလာရှိ-မရှိ၊ ဘယ်သူတွေက စားသုံးသူဖြစ်မှာလဲ၊ အစရှိတဲ့ ဆက်စပ်အခင်းအကျင်းတွေကို သိအောင်လုပ်ရပါလိမ့်မယ်။

အရေးအကြီးဆုံးကတော့ စီးပွားရေးတကယ်လုပ်ချင်စိတ်ရှိရင် တစ်ခုခုကို အမှန်တကယ် ထလုပ်ပါ။ အနည်းဆုံး ဒီလို အိုင်ဒီယာထုတ်တဲ့အဆင့်မျိုးပေါ့။ ပြီးရင် မျှဝေပါ။ အကြံဉာဏ်ယူပါ။ သုတေသန အများကြီးလုပ်ပါ။ သေသေချာချာတွက်ချက်ပါ။ အမှန်တကယ် ဇောက်ချပြီး အလုပ်လုပ်နေသရွေ့ တိုးတက်မှု ရှိနေမှာပါပဲ။ 

BusyBook

No comments