New Artical

ဂေါတမ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံယူခဲ့သောနေရာ "ကုသိနာရုံ" (Kushinagar)



ကုသိနာရုံမှာ အိန္ဒိယနိုင်ငံ၊ မဇ္ဈိမ ဒေသရှိ ပြည်ကြီး (၂ဝ) အပါအဝင်ဖြစ်သည်။ ဂေါတမမြတ်စွာ ဘုရားသခင် ပရိနိဗ္ဗာန် စံယူခဲ့သော နေရာဖြစ်၍ ဗုဒ္ဓဘာသာဝင်များ အသိများကြသည်။ ထိုပြည်မှာ ဟိမဝန္တာတောင်ခြေရှိ နီပေါနိုင်ငံနှင့် ဂင်္ဂါမြစ်တို့၏အကြားတွင်တည်ရှိသည်။

ဘုရားရှင်သည် သက်တော် (၈ဝ) တွင် ဝေသာလီမြို့၌ အာယုသင်္ခါရ လွှတ်တော်မူပြီးနောက် ဘဏ္ဍရွာ၊ ဟတ္ထိရွာ၊ အမ္ဗရွာ၊ ဇမ္ဗုရွာ၊ ဘောဂမြို့၊ ပါဝါမြို့များသို့ အစဉ်အတိုင်း ကြွတော်မူခဲ့ပြီး ပါဝါမြို့၌ ပန်းထိမ်သည် စုန္ဒကပ်လှူသောဆွမ်းကို နောက်ဆုံးဘုဉ်းပေးတော်မူခဲ့သည်။ 
 
မြတ်စွာဘုရားသခင်သည် သွေးဝမ်းသွန်ရောဂါကို ပြင်းပြစွာခံစားနေရစဉ်၌ပင် ပါဝါမြို့မှတစ်ဆင့် လမ်းခရီးတွင် (၂၅)ကြိမ်တိုင်တိုင် ရပ်နား၍ ကုသိနာရုံမြို့ မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်တွင်းသို့ တပည့်သံဃာများ ခြံရံလျက် ဆိုက်ရောက်လာသည်။ ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယ လေးဌာနကို ဟောကြားတော်မူပြီး အရှင်အာနန္ဒာအား တရားပြ၍ အားပေးစကားပြောကြားတော်မူခဲ့သည်။ 
 
အတိတ်ဘဝက စကြဝတေးမင်း အဖြစ်ဖြင့် ကုသိနာရုံ၌ ထီးနန်းစိုးစံခဲ့သော အကြောင်းအရာတို့ကို မဟာသုဒဿနသုတ်အဖြစ်ဖြင့် ဟောကြားခဲ့ပြီး နောက်ဆုံးသာဝကဖြစ်သော သုဘဒ္ဒပရဗိုဇ်ကို ချေချွတ် တော်မူခဲ့ကာ သာဝကအပေါင်းတို့အား နောက်ဆုံးဩဝါဒပေးပြီး ဆိုက်ရောက်သည့် ည၏အလွန် မိုးသောက်ယံတွင် မလ္လမင်းတို့ ခင်းကျင်းထားအပ်သော ညောင်စောင်းသလွန်ပေါ်၌ ဈာန်သမာပတ်ကို့ကို အပြန်ပြန် အလှန်လှန် ဝင်စားပြီးသည်၏နောက်၌ ပရိနိဗ္ဗာန်ဝင်စံတော်မူသည်။
 
▪️ကုသိနာရုံပြည်ပ ဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်ပြုသည့်အကြောင်းကို ဦးပုည၏ သာသနာလျှောက်စာတမ်းတွင်_
ကောဇာတရာ့လေး ဆဲ့ရှစ်၊ သက္ကရာဇ်ယုဂ၊
ကဆုန်လအချိန်တွင်၊ ကုသိန္နာရုံရဂုံဂနိုင်၊
အင်ကြင်းမြိုင်၌၊ သုံးဆိုင်ဘုမ္မိ၊ ဓိပတိရာဇာ၊
ထွတ်သကျာသည်၊ အနုပါဒိသိသ်၊
တိတ်ဆိတ်ဥပါဒါန်၊ မကျန်ကုန်စင်၊
နိဗ္ဗာန်ဝင်၍၊ သဘင်ပွဲကြီးသိမ်းပါသည်    ဟူ၍လည်းကောင်း။
 
▪️လယ်တီဆရာတော်ဘုရားရေးသားသော ခုနစ်နေ့ဘုရားရှိခိုးတွင်_
ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊
နယ်မလ္လတိုင်း၊စံနှိုင်းမယုတ်၊
ကုဿိနာရုံ၊ အင်ကြင်းစုံ၌၊
ကဆုန်လပြည့်၊အင်္ဂါနေ့ဝယ်၊
ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်       ဟူ၍လည်းကောင်း ဖွဲ့နွဲ့ရေးသားခဲ့ကြလေသည်။
 
အင်္ဂါရစေတီတော်သည် ဘုရားရှင်၏ ရုပ်ကလာပ်တော် တေဇောဓာတ်လောင်ကျွမ်းရာနေရာရှိ စေတီဖြစ်သည်။ ဒေါဏပုဏ္ဏားကြီးက ဘုရားရှင်၏ ဓာတ်တော်များကို ရှစ်ပြည်ထောင်မင်းတို့အား အညီအမျှ ခွဲဝေပေးခဲ့သော နေရာမှာ ယခင်က အထိမ်းအမှတ်တစ်ခုအဖြစ်ဖြင့် မထင်ရှားသော်လည်း ယခုအခါ ထိုနေရာကို ပိုင်ဆိုင်သူသည် တိဗက်ဗုဒ္ဓဘာသာတစ်ဦးဖြစ်သဖြင့် တခမ်းတနား ပူဇော်ထားသည်။ 
 
ကကုဓာမြစ်မှာ ဘုရားရှင်နောက်ဆုံး ရေသုံးသပ်တော်မူသော မြစ်ဖြစ်သည်။ မြစ်ဟုဆိုသော်လည်း ချောင်းကျဉ်းလေးမျှသာဖြစ်သည်။ ချောင်းကမ်းနံဘေးတွင် ကုသိနာရုံဆရာတော်ကြီးက ရုပ်ပွားတော်တစ်ဆူ လာရောက်တည်ထားခဲ့သည်။ ဘုရားရှင်နောက်ဆုံးရေကြည်တော် သောက်သုံးတော်မူခဲ့ရာဌာနတွင် အုတ်တိုက်ငယ်တစ်ခုရှိပြီး အတွင်း၌ ကျောက်ဆင်းတုတော်တစ်ဆူရှိသည်။ ဆင်းတုတော်၏ရှေ့၌ ခါးစောင်းခန့်နက်သော အနိမ့်ပိုင်းပြုလုပ်ထားသည်။ အေဒီ (၇) ရာစုနှစ်၏ လက်ရာဖြစ်သည်ဟု ဆိုသည်။
 
ဗုဒ္ဓဘာသာ၏ အတိမ်၊ အနက်ကို ပိုမိုသိရှိကြစေရန်အတွက်
 
Wai Linn (ရွှေလက်SL)

No comments