New Artical

ရှေ့နေနှင့် မြက်ခင်းလဲ့လဲ့

 


ရှေ့နေနှင့် မြက်ခင်းလဲ့လဲ့
==============
ဦးဟန်ညွန့် (ဥပဒေ)
နိဒါန်း
“ဆရာ”
“ဗျာ”
“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”
“ရှေ့နေနှင့် မြတ်ခင်းလဲ့လဲ့….ပါတဲ့”
“ဟာ- နုလှချေလား ဆရာရဲ့”
“အေးဗျာ-ရင်ထဲအေးသွားတယ်။ မြက်ခင်းစိမ်း လေးတွေက ရင်ကိုလာထိတာကိုးဗျ”
“တယ်ဆိုတဲ့စာပါလား ဆရာ”
“အမျိုးသားစာပေဆုရှင်၊ စာရေးဆရာ မောင်ရင့်မာ (ကျောင်းကုန်း) ရေးသားပြုစုတဲ့ မြက်ခင်းလဲ့လဲ့ မြေညီညီ အက်ဆေးစုစည်းမှုကို ဖတ်ရှုခံစားမိလို့ပါဗျာ”
“ဘယ်လိုခံစားရသလဲ မျှဝေပါဦးဆရာ”
“အေးဗျာ၊ ဖတ်ကြည့်ကြစို့”
အက်ဆေး
အက်ဆေး Essay နှင့် ကျွန်တော်ငယ်စဉ်ကပင် ခင်မင် ခဲ့သည်။ စာဖတ်တတ်စအရွယ်မှာ အက်ဆေးနှင့် ကျွန်တော် တွေ့သည်။ ခင်သည်။ ချစ်သည်။ ပေါ့သည်။ ပါးသည်။ မရှုပ်ထွေး။ လင်းသည်။ လက်သည်။ မခက်ခဲ၊ ရင်ထဲ စွဲသည်။ ရေးချင်သောစာ၊ တွေးချင်သောစာ၊ ပြောချင်သောစာ၊ ဟောချင်သောစာ၊ တမ်းချင်သောစာ၊ လွမ်းချင်သောစာ။ ဘာပဲဖြစ်ဖြစ် ကျစ်ကျစ်လျစ်လျစ်၊ ချစ်ချစ်ခင်ခင်၊ ထင်ထင် ရှားရှား၊ အားရပါးရ ရေးချနိုင်ရင် အက်ဆေးဖြစ်ပြီ။ ဤသို့ ကျွန်တော်ယုံသည်။
ရှည်လျားထွေပြား
ရှည်လျားသောစာ၊ ထွေပြားသောစာ၊ နိဂုံးမချုပ်နိုင် သော အစီရင်ခံစာ၊ ပြဿနာများတင်ပြသောစာ၊ ဒေါသ လွှမ်းသော ရုံးတွင်းစာ၊ သေဒဏ်ပေးသောစီရင်ချက်၊ ဒီတစ်သက်မှာ မကြုံပါရစေနှင့်။ ဤသို့ ကျွန်တော်ဆုတောင်း ခဲ့သည်။ ထို့ကြောင့် အက်ဆေးကို ကျွန်တော်ကြိုက်သည်။ စွဲသည်။ မခွဲနိုင်….။
တရားသူကြီး
တရားသူကြီးဖြစ်သော ကိုရင့်မာကို ကျွန်တော်စတွေ့ စဉ်က သိက္ခာကြီးလွန်းသူဟု မှတ်သားမိသည်။ ဒါကလည်း သဘာဝကျသည်။ သူက တရားသူကြီးပေကိုး….။ သို့သော်ငြား စာရေးဆရာ၊ အက်ဆေးရေးသူတစ်ဦးအဖြစ် ပါ။ စာပေဆုနှင်းသဘင်မှာ သူ့ကို မမျှော်လင့်ဘဲ တွေ့လိုက် ရသောအခါ ကျွန်တော် ကြည်နူးသွားသည်။ သိက္ခာကြီး သော သူ့တာဝန်ကို ကျွန်တော်မမြင်။ နွေနှောင်းကိုသာ မြင်သည်။ လရောင်ကိုသာမြင်သည်။ လေညင်းကိုသာ တွေ့သည်။ မိုးကောင်းကင်ကိုသာ ရှာသည်။ သူ့မျက်ရည် ကိုလည်း တွေ့သေးသည်။ ကျေးငှက်သံသာတွေကိုလည်း သူ့ထံကကြားနေရသည်။ ယခုတော့ မြက်ခင်းလဲ့လဲ့နှင့်ပါ စိမ်းစိမ်းမြမြ သူ့ကိုမြင်ရပြန်ပြီ….။ ဪ-ကိုရင့်မာက အက်ဆေးသမားပေကိုး……။
မြက်ခင်းလဲ့လဲ့ မြေညီညီ
အက်ဆေးဆရာ မောင်ရင့်မာ (ကျောင်းကုန်း) ရေးသား ပြုစုသော စာအုပ်အမည်အပြည့်အစုံမှာ မြက်ခင်းလဲ့လဲ့ မြေညီညီဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လတွင် ဝန်ချတောင်စာပေက ပထမအကြိမ်ထုတ်ဝေသည်။
မာတိကာ
အက်ဆေး ၁၈ ပုဒ်ပါဝင်သည်-
မြက်ခင်းလဲ့လဲ့ မြေညီညီ၊ ရွှေကိုကွယ်မဆိုထားနဲ့ ငွေကိုကွယ်မဆိုထားနဲ့၊ ဂိဇ္ဈကုဋ်တောင် ပေါ်ကလရောင်၊ ဖွင့်မကြည့်ရသေးတဲ့ စာအိတ်ကလေးတွေ၊ သဉ္ဇာမြတို့ အမေ၊ တောင်အရပ် မည်သော၊ မိုးရွာထဲလမ်းလျှောက်ခြင်း၊ စောင်းရွဲ့နေသော ပန်းချီကားတစ်ချပ်၊ အနာမစင်သော ပန်းပွင့်များ၊ မြွေဟောက်များနှင့် အိပ်စက်ခြင်း၊ နှင်းမပွဲမီ၊ ချစ်ခဲ့ရသော ညတစ်ည၊ အင်းဝမျက်ရည်လော ဟံသာ ဝတီမျက်ရည်လော၊ အိုးစားဘက်ကို လိုက်၍ရှာသည်၊ အကုသိုလ်အမှု မပြုဖူးသောသူက ပထမဆုံးကျောက်တုံးကို ပစ်ပါစေ၊ နိုင်သူ့မျက်နှာ၊ သတိရခြင်း ခံစားခြင်း၊ သစ်ပင် စိုက်သော ယောက်ျားများ စသည်တို့ ဖြစ်သည်။
ကျွန်တော်အကြိုက်ဆုံး အက်ဆေးများကို ရွေးထုတ် တင်ပြပါရစေ။
(၁) မြက်ခင်းလဲ့လဲ့ မြေညီညီ
"အေးရိပ်သာတဲ့ ပြည်ညောင်ညို၊ ဥဩတွန်သံချို၊ ဒိုးယို စီးတဲ့ နဒီတွင်း၊ သမင်ရေသောက်ဆင်း၊ မြက်ခင်းလဲ့လဲ့ မြေညီညီ၊ ကံ့ကော်ဝတ်မှုန်စီ၊ ဇာလီပျော်တဲ့ ကျောင်း သင်္ခန်း၊ လူလေး သွားချင်စမ်း" ကျောင်းသင်္ခန်းကလေး၌ ကံ့ကော်ဝတ်မှုန်၊ ထုံထုံဝါဝါကလေးတွေ လေပြည်ထဲ လွင့်ဝဲနေသည်။ ဟိမဝန္တာသို့ သစ်သီးရှာသွားသော မဒ္ဒီဒေဝီသည် သစ်၊ ဆင်၊ ကျားရဲတို့ ဆီးတားသည့်ကြားမှ သမီးနှင့်သား မျှော်နေရှာရော့မည်ဟု တွေးတောပူပန်၍ ခပ်သုတ်သုတ် ပြန်လာသည်။ သို့သော် ကြမ်းတမ်းရက်စက် သော ဇူဇကာပုဏ္ဏားကြီးက ကဏှာ၊ ဇာလီတို့ကို ရိုက်ပုတ် ခေါ်ဆောင်သွားခဲ့ပြီ။ ကျောင်းသင်္ခန်း၌ ကဏှာ၊ ဇာလီတို့ မရှိတော့ပြီ။ ဆရာမ၏ ပုံဝတ္ထုလေးက မည်မျှလွမ်းစရာ ကောင်းလိုက်ပါသနည်း။ (စာ-၄)
ဤစာစုကိုဖတ်ပြီး "မစာနာတတ်သူတို့သည် အတ္တကြီး တတ်၊ ဖျက်ဆီးတတ်သည်။ ဘယ်သူသေသေ ငတေမာ ပြီးရော လုပ်တတ်သည်။ အခြားသူတစ်ပါးတို့၏ မျက်ရည် အိုင်၌ ကူးခတ်ပျော်မွေ့နိုင်သည်" ဟု ကျွန်တော် စာနာမှု တရားပွားများမိပါသည်။
(၂) ဂိဇ္ဈကုဋ်တောင်ပေါ်က လရောင်
စင်စစ် ကျွန်တော်တို့သည် လောဘ၊ ဒေါသ၊ မာန်မာနတို့ ပြွမ်းသော လူ၏ဘဝ၊ လူ၏ ဝန်းကျင်၌ အလိုက်သင့် ရှင်သန်ရုန်းကန်ရင်း တရှိန်းရှိန်းလောင်မြိုက်နေသော မီးဖိုကြီးနှင့် နေသားတကျ ရှိနေခဲ့ဟန်တူပါသည်။ ပူလောင်ခြင်းကို မေ့လျော့နေခဲ့ဟန်တူပါသည်။ ကျောင်း ရိပ်ကန်ရိပ်သို့ အမှတ်မထင် ရောက်သွားသောအခါတွင်မှ ကမ္ဘာလောကကို အေးချမ်းငြိမ်သက်စေသည့်နေရာလည်း ရှိပါကလားဟု လွမ်းလွမ်းဆွတ်ဆွတ် တွေးလိုက်မိခြင်း ဖြစ်ဟန်တူပါသည်။ သို့ရာတွင် သည်အတွေးက ဖျတ်ခနဲ လျှပ်ပြက်လိုက်သည့်ပမာ ခဏတာပဲ ဖြစ်ပါသည်။ ကျွန်တော် တို့သည် ငြိမ်သက်အေးချမ်းမှုကို အူထဲအသည်းထဲက မတပ်မက်သောကြောင့်သာပဲ ရဟန်းဘဝကို မရွေးချယ် နိုင်ခဲ့ခြင်း ဖြစ်တန်ရာပါသည်။ (စာ-၂၄)
ဤစာစုကိုဖတ်ပြီး ကျောင်းရိပ်၊ ကန်ရိပ်နှင့် ဝေးသော ကျွန်တော့်ကိုယ်ကျွန်တော် ကြေကွဲမိပါသည်။
(၃) ဖွင့်မကြည့်ရသေးတဲ့ စာအိတ်ကလေးတွေ
ကျွန်တော်တို့က သေခြင်းတရားထံမှ နို့တစ်စာမရရှိ သေးဟု ထင်မြင်နေဆဲမှာပဲ ကျွန်တော်တို့၏ နေအိမ် တံစက်မြိတ်သို့ စာအိတ်ကလေးတွေ ပျံဝဲလာနေဆဲဖြစ် နိုင်သည်။ အိမ်တံခါးသို့ ရောက်ရှိနေပြီလည်း ဖြစ်နိုင်သည်။ ကျွန်တော်တို့က မတွေ့သေးခြင်း၊ သို့မဟုတ် ပိတ်ထား သော စာအိတ်ကို ဖွင့်လှပ်၍ ဖတ်မကြည့်ရသေးခြင်းလည်း ဖြစ်နိုင်ပါသည်။
စင်စစ် ကျွန်တော်တို့အားလုံးသည် စတင်မွေးဖွားလာ ကတည်းက သေဒဏ်ချမှတ်ခြင်း ခံထားရသူချည်းသာ ဖြစ်သည်မှာ ယုံမှားဖွယ်မရှိပါ။ တစ်နေ့သောအခါ မည်သူ ၏ပယောဂ တစ်စုံတစ်ရာမျှ မရှိစေကာမူ အကြောင်းတစ်ခု မဟုတ်တစ်ခုဖြင့် သေရမည့်သူချည်းသာ ဖြစ်ပါသည်။ မည်သူမျှ ‘မသေခွင့်’ မရှိပါချေ။ မည်သူမျှ ‘ရှင်သန် ကျန်ရစ်ခွင့်’ မရှိပါချေ။ (စာ-၃၉)
ဤစာစုတွင် သေခြင်းတရားအတွက် ရှင်းရှင်းလင်းလင်း မြင်ရပြီမို့ ကျွန်တော် ဘာမှမပြောချင်တော့ပါ။ ပြီးပါပြီ။ နားလည်ပါပြီ။
(၄) သဉ္ဇာမြတို့အမေ
စာဖတ်တာ ပိုက်ဆံရသလား၊ စာဖတ်လို့ ထမင်းဝ မှာလား၊ စာဖတ်လို့ဘာအကျိုးရှိလဲဆိုသည့် မေးခွန်း တွေကို ကျွန်တော်တို့ စာဖတ်သမားဘဝတစ်လျှောက်လုံး ဖြေဆိုခဲ့ကြပါသည်။ တော်တော်စဉ်းစားခဲ့ရပါသည်။ တော်တော်လည်း လက်ဝင်ပါသည်။ ဖရန်စစ်ဘေကွန်၏ (Of Studies) တို့၊ ဂျွန်ရပ်စကင်းနှင့် တရုတ်ပညာရှိ ကျန်းကျောက်၏ ဟောပြောချက်တို့ ဘာတို့ကိုလည်း ကိုးကားပြောခဲ့ရပါသည်။ ပြည့်စုံလှသည်မထင်မိပါ။
"အကျိုးရှိတာပေါ့ဆရာရဲ့။ ကျွန်မသမီးတရားသူကြီး ဖြစ်သွားတယ်လေ” ကျွန်တော်လည်း ပါးစပ်ပြဲသွားပါ သည်။
ဒေါ်ပြုံး ဖြေသလိုတော့ဖြင့် တိုတိုနှင့်လိုရင်း မြန်ဆန် ထိရောက်သည် မဟုတ်ပါ။
မဆုတ်မနစ်သော ဇွဲသတ္တိဖြင့် ပညာသင်ကြားပေးခဲ့ပြီး ယခုအခါ မဟာဥပဒေဘွဲ့ရရှိပြီးသော တရားရေး အရာရှိမကလေး၏ မိခင်ကြီးအဖြစ် တင့်တယ်လျက်ရှိ သည့် ဒေါ်ပြုံးကို ကျွန်တော်သည် တအံ့တဩဖြင့် ငေးမော ၍သာ ကြည့်နေမိပါသည်။ စာဖတ်ခြင်းသည် အကောင်းစား ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ကြောင်း သူကပြောပြခဲ့ခြင်းဖြစ် ပါသည်။ (စာ-၅၀)
ဤစာစုတွင် ဒေါ်ပြုံး၏ အဖြေကို ကျွန်တော် သဘော အကျဆုံး ဖြစ်ပါတော့သည်။
(၅) အနာမစင်သော ပန်းပွင့်များ
ကမ္ဘာလောကကို အမှားအယွင်း စိုးစဉ်းမျှမပါဘဲ တည်ဆောက်ထားသည် ဟူ၍တော့ဖြင့် ကျွန်တော် မထင်ပါ။
ဤမြေကမ္ဘာ၌ အနာမစင်သော ပန်းများလည်း ပွင့်တတ် သည်ပဲဖြစ်ပါသည်။ သို့ဖြစ်၍ စာနာမှု၊ နားလည်မှု၊ သည်းခံ ခွင့်လွှတ်မှု၊ မေတ္တာ၊ ကရုဏာ စသည်တို့ရှိနေရခြင်းဖြစ် ပါသည်။ ခြင်ကိုသတ်ဖို့ရာ ပုဆိန်တစ်လက်မလိုပါ။ မေတ္တာ၊ ကရုဏာဆိုသည်မှာ လောက၏ ဝင်းပသော အဆင်တန်ဆာ များ ဖြစ်ပါသည်။ သူ့အတိုင်းလှနေတတ်ပါသည်။ ကျွန်တော် တို့၏ အမှတ်မထင်အပြစ်တင်စကားတွေနှင့် အလှမပျက် စေသင့်၊ အကျည်းတန်အောင် မလုပ်သင့်ဟု ထင်ပါသည်။ (စာ-၈၉)
ဤစာစုတွင် “ခြင်ကိုသတ်ဖို့ရာ ပုဆိန်တစ်လက်မလိုပါ” ဟူသောကောက်ချက်ကို ကျွန်တော် မမေ့နိုင်ပါ။
(၆) ချစ်ခဲ့ရသော ညတစ်ည
ကျွန်တော်တို့၏ဘဝမှာ ရင်ခုန်စရာကလေးတွေ ရှိတတ်ပါသည်။ အမှတ်ရစရာကလေးတွေ ရှိတတ်ပါသည်။ လွမ်းစရာကလေးတွေ ရှိတတ်ပါသည်။ သို့သော် မလှိုင်မှာ ကြုံခဲ့ရသည့် လွမ်းစရာညမျိုးကိုမူ ဘဝမှာ နောက်တစ်ခါ ပြန်ရဖို့ မလွယ်လှဟု ထင်မိပါသည်။ လွမ်းစရာဆိုတာ ချစ်နှစ်သက်ခြင်းမှ စီးဆင်းလာသည့် ခံစားမှုတစ်မျိုး ဖြစ်ပါသည်။ ချစ်မှ လွမ်းလို့ရသည်၊ မချစ်ဘဲ လွမ်းလို့မရ။ မချစ်မနှစ်သက်သောအရာ၊ မချစ်မနှစ်သက်သောသူတို့ကို လွမ်းလို့ရသည် မဟုတ်ပါ။ (စာ-၁၁၈)
ဤစာစုကိုဖတ်ပြီး အချစ်နှင့်အလွမ်းကို ကျွန်တော် နားလည်ခံစားမိပါသည်။
ခံစားစရာ
ကျွန်တော်အကြိုက်ဆုံး အက်ဆေးစာစုများကို ကောက်နုတ်တင်ပြခြင်းသာ ဖြစ်ပါသည်။ ကျန်စာစု ခံစားစရာများကိုတော့ စာရှုသူတို့ ဆက်လက်ရှာဖွေ ခံစားနိုင်ပါသည်။
နိဂုံး
(၁) အက်ဆေးသမား မောင်ရင့်မာ (ကျောင်းကုန်း)သည် ချစ်တတ်၊ လွမ်းတတ်၊ ဖွဲ့နွဲ့တတ်သူ ပီသလှပါ ပေသည်။
(၂) သူ့အက်ဆေးများကို ကြေးမုံစာချစ်သူများနှင့်အတူ ကျွန်တော် ခံစားကြိုဆိုလိုက်ပါသည်။

No comments