New Artical

ရှေးအကျဆုံးသော ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းများ



ဒီစက်ဝိုင်းများကို အဂျန်တာ လိုဏ်ဂူများ၏ နံရံများနှင့် အိန္ဒိယ တိဘက် ဂျပန်တို့တွင် ​တွေ့နိုင်ပါတယ်.. ပဋိစ္စသမုပ္ပာဒ် ကို ရုပ်ပုံသင်္ကေတများနှင့်ဖော်ပြထားပါတယ်။ ဘဝမဏ္ဍလ သို့မဟုတ် ဘဝစက္ကရ လို့ခေါ်ပါတယ်။ 

စက်ဝိုင်း ကြီးတစ်ခုလုံးကို ဘီလူးကြီးတစ်ကောင်  ကိုင်ထားတာကိုတွေ့ရမှာ ဖြစ်ပါတယ်။  ဒါဟာ.. ယမမင်းကို ဆိုလိုတာပါ။ တနည်းအားဖြင့် သေမင်းပါ။ ဘဝမှ မလွတ်မြောက်သေးသ၍ သေမင်းရဲ့  လက်အတွင်းမှာပဲလို့ ဆိုလိုဟန် တူပါတယ်။ 

photo from Google


စက်ဝိုင်းရဲ့ အလည် ဗဟိုမှာ ဝက်ရယ် မြွေရယ် ငှက်ရယ်  တိရစ္ဆာန်သုံး ကောင် တစ်ကောင့်အမြီး တစ်ကောင် ကိုက်၍  လှည့်နေတာတွေ့ပါလိမ့်မယ်။  ဒါဟာ.. အကုသိုလ် မူလတရား သုံးပါကိုဆိုလိုတာပါ။ ဝက်သည် မောဟကို ကိုယ်စားပြုပါတယ်။  မြွေသည်ဒေါသကို ကိုယ်စားပြုပါတယ်။ 

ငှက်သည် (တစ်ကောင်သေရင် တစ်ကောင်လိုက်သေတဲ့  တွယ်တာမှုအားကြီးတဲ့ ငှက်ကိုဆိုလိုပုံရပါတယ်) လောဘကို ကိုယ်စားပြုပါတယ်။ အကုသိုလ်မူလ တရားများဟာ  ဘဝစက်ရဲ့ အဓိက အလယ်ဗဟိုချက် အနက်ရှိုင်းဆုံး အပိုင်းကနေ လှည့်လည်နေတဲ့၊ဘဝစက်ကို လည်စေတဲ့၊  တရားများ လို့ ဆိုလိုဟန်တူပါတယ်။

အလည်ဗဟိုရဲ့ ဘေးပတ်လည်မှာ ယာဘက် အဖြူရောင်ချမ်းနဲ့ ဘယ်ဘက် အမဲရောင်အချမ်း ဟာ သုဂတိဘုံဘဝ  ဒုဂ္ဂတိဘုံဘဝတွေကို ရည်ညွန်းပါတယ်။  ဘဝစက်ဘီး လည်နေသမျှ သုဂတိ တလှည့်  ဒုဂ္ဂတိ တလှည့်ရောက်ရှိ လည်ပတ်နေရမှာပါ။ 

အလယ်ဗဟိုရဲ့ ပတ်ပတ်လည် အကွက်ခြောက်ခုမှာ .. အထက်ပိုင်း အကွက်သုံးခုသည် လူ့ဘဝ နတ်ဘဝ အသူရာ  ဘဝဆိုတဲ့ အထက်သံသရာ တခွင်ကို ဆိုလိုပါတယ်။ အောက်အကွက်သုံးခုသည် ငရဲ တိရစ္ဆာန် ပြိတ္တာ ဆိုတဲ့  အောက်သံသရာ တခွင်ပါ။ ဘဝစက်မှ မလွတ်သေးသမျှ  အထက်သံသရာ အောက်သံသရာ မှာ ထက်အောက်စုံဆန် ပြေးလွှားကျင်လည် ​နေရမှာ ဖြစ်ပါတယ်။

photo from Google


ဘေးအနား ပတ်ပတ်လည် အကွက်ဆယ့်နှစ်ကွက်သည်  ပဋိစ္စသမုပ္ပာဒ် အင်္ဂါဆယ့်နှစ်ပါး ဖြစ်ပါတယ်။ ဘဝစက်ဘီး ရဲ့ အနားကွတ်များဖြစ်ပါတယ်။ အကွက်ဆယ့်နှစ်ခုမှာ .. တစ်ခုခုလျှင် ပုံတစ်ပုံစီဖြင့် သရုပ်ဖေါ်ထားပါတယ်။  

အဂျန်တာလိုဏ်ဂူပန်းချီကားများတွင် အဝိဇ္ဇာဟာ  လူတစ်ယောက် ​မောင်းနှင်နေတဲ့ မျက်မမြင်  ကုလားအုပ် တစ်ကောင်ဖြစ်ပြီး .. တိဘက်ပန်းချီမှာ သူကန်း တစ်ယောက်  ဂျပန်ပန်းချီမှာ အစိမ်းသရဲ ဖြစ်ပါတယ်။ အဂျန်တာ ပန်းချီမှာ သင်္ခါရဟာ အိုးထိန်းသည် အိုးထိန်းစက်  လည်နေပုံဖြစ်၍  တိဘက်နှင့် ဂျပန်ပန်းချီမှာ အိုးထိန်းစက်သာ ပြပါတယ်။ 

ဝိညာဏ် သည် အဂျန်တာနဲ့ ဂျပန်ပန်းချီမှာ  မျောက်တစ်ကောင်ဖြစ်၍ တိဘက်ပန်းချီမှာ သစ်ပင်ပေါ် တက်နေတဲ့ ​မျောက်တစ်ကောင်ဖြစ်ပါတယ်။

နာမရူပ(နာမ်ရုပ်)ဟာ အဂျန်တာပန်းချီမှာ  မထင်ရှားသော ပုံသဏ္ဌာန် တစ်ခုဖြစ်၍  တိဘက်ဂျပန်မှာ လူများ ​လှေနဲ့မြစ်ကိုဖြတ်ကူးနေပုံဖြစ်ပါတယ်။ 

သဠာယတနသည် တိဘက်ဂျပန်ပန်းချီမှာ တံခါးပေါက်ရှိသော  အိမ်ခြောက်လုံး ဖြစ်ပါတယ်။  တိဘက်ဂျပန် ပန်းချီမှာ ဖဿကို  ချစ်သူ နှစ်ဦးပွေ့ဖက်နေပုံဖြင့်ပြ၍ ဝေဒနာကို လူတစ်ဦး မျက်စိ၌ မျှားစူးဝင်နေပုံဖြင့်ပြပါတယ်။ 

photo from Google


တဏှာသည်  လူတစ်ယောက်ရေသောက်နေပုံဖြစ်၍  ဥပါဒါန်ကို  မျောက်တစ်ကောင် သစ်ကိုင်းဆွဲနေပုံဖြင့် ပြပါတယ်။  တိဘက်ပန်းချီမှာ ဘဝကို ကိုယ်ဝန်ဆောင်မိခင်ဖြင့်ပြ၍  ဇာတိကို ကလေးမွေးနေပုံဖြင့်ပြပါတယ်။ ဇရာ မရဏကို  လေးလံသော ဝန်ကိုထမ်းလျှက် ယောက်ျားတစ်ယောက်  တောင်တက်နေရပုံနှင့်ပြပါတယ်။

 အထက်ပိုင်း လက်ယာဘက်ထောင့်မှာ ဗုဒ္ဓ နိဗ္ဗာန်လမ်းကို  ညွန်ပြနေသောပုံဖြစ်၍ ဝဲဘက်ထောင့်မှာ နိဗ္ဗာန်လမ်း  ဖြစ်ပါတယ်။

သို့ဖြစ်၍ ပဋိစ္စသမုပ္ပာဒ်စက်ဝိုင်းကို တစိမ့်စိမ့်ရှုကြည့်၍  သံသရာသည် မည်မျှငြီးငွေ့စရာကောင်းပုံ၊ သံသရာလည် ​နေသမျှ ကာလပတ်လုံး  ငရဲမင်းရဲ့ လက်အတွင်းမှာသာလျှင်ဖြစ်ပုံ ဆိုတဲ့အကြောင်းကိုသိရှိ သံဝေဂကြီးစွာယူနိုင်ပါတယ်။ 

ပဋိစ္စသမုပ္ပာဒ်ကို အလွယ်ကူဆုံးရှင်းလင်း၍  ဟောတော်မူလေ့ရှိသည့် မိုးကုတ်ဆရာတော်ဘုရားကြီး  အလိုအရ
ဘဝဆိုတဲ့ ဒုက္ခသံသရာကို ငါပဲ ငါ့ဥစ္စာပဲလို့  စွဲထင်နေတဲ့ အမြင်မှား ဒိဋ္ဌိကို အသိဖြင့် ရှေ့ဦးစွာဖြုတ်၍ သံသရာ ထွက်ရပ်လမ်းကို ရှာရမည်ဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီး အလိုအရ ဝေဒနာနဲ့ တဏှာကြားဟာ  သံသရာထွက်လမ်း ဖြစ်ပါတယ်။  ခံစားမှု ဝေဒနာများရဲ့  နောက်မှာ တွယ်တာတပ်မက်မှု တဏှာ မလာအောင် ဖြစ်ခြင်း ပျက်ချင်း ဝိပဿနာတရားရှုခြင်းအားဖြင့်..  သံသရာမှ ထွက်မြောက်ရာလမ်းကို ရရှိမှာဖြစ်ပါတယ်။

သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ . . .

Ven Pannasara

No comments