New Artical

ယိုးဒယားတို့၏ သစ်ခုတ်စစ်အောင်ယတြာ အခမ်းအနား

 ယိုးဒယားတို့၏ သစ်ခုတ်စစ်အောင်ယတြာ အခမ်းအနား

ရှေးအခါက ယိုးဒယားတို့သည် စစ်မထွက်မီအချိန်တွင် ရန်သူကို နာမ်နှိမ်ရန်အလို့ငှာ သစ်ခုတ်စစ်အောင် ယတြာကို ပြုလုပ်လေ့ရှိကြသည်။
(အဆိုပါယတြာကို ယိုးဒယားဘာသာ ဖြင့် ဖရရဇ် ဗိတိတတ် မဲခေါင်နမ် ဟုခေါ်ပြီး နေပြည်တော်မှ တပ်များ မထွက်ခွာမီ လုပ်ဆောင်လေ့ရှိကြသည်။)
ယတြာကို တိုင် ၆ တိုင်ပါသော ယာယီမဏ္ဌပ်တစ်ခု ထိုးကာ ပြုလုပ်ကြပြီး မဏ္ဌပ်အနီးတွင်
၃ ထပ်၊ ၅ ထပ်၊ ၇ ထပ် ပါသော စက္ကူထီး အသီးသီးကို စိုက်ထူထားရသည်။ ငှက်ပျောပင်ပျို ကြံပင်ပျိုများ ကိုလည်း ပတ်လည်တွင် ခြား၍ စိုက်ထားရသည်။
ထို့နောက် အင်းအိုင်မန္တရားကျွမ်းကျင်သူ မန္တာန်ဆရာ တစ်ဦးက တံတား ၃ ခု၊ ကူးတို့ဆိပ် ၃ ခု၊ သချိုင်းကုန်း ၃ ခု မှ မြေများကို စုယူကာ ရန်သူနှင့် ပုံသဏ္ဌာန်တူ မြေရုပ် ပြုလုပ်သည်။
(မြေရုပ်ကို ရန်သူဝတ်ဆင်သော စစ်ဝတ်စုံမျိုးကို ဝတ်ဆင်ထားသည့်ဟန် ပြုလုပ်ရသည်။)
ထို့နောက် ရန်သူ၏ အမည်ကို စာရွက်တစ်ခုပေါ်တွင် ရေးကာ ထိုအမည်ပေါ်တွင် အင်းဆံ ချရေးသည်။ ထိုအင်းဆံသည် ရန်သူကို ထိရှဥပါဒ်သင့်ရန် ရည်ရွယ်သည် ဟုဆိုသည်။
ထို့နောက် ရန်သူအမည်ပါ စာရွက်ကို ရန်သူမြေရုပ်၏ ရင်ဘတ်တွင် မြုပ်နှံရသည်။ ငှက်ပျောပင်ပိုင်းနှင့် ရန်သူ၏ အမည်နှင့် နေ့နံသင့်သည့် သစ်ကိုင်းကို မဏ္ဌပ်အတွင်း၌ ၃ ညတိုင်တိုင် ထားရသည်။
( ထိုအကိုင်းများကို ၃ ရက်အတွင်း ညတိုင်း ညတိုင်း ဂါထာရွတ်၍ မန်းရသည်။)
၃ ည ပြည့်လျှင် ရန်သူ မြေရုပ်၊ ငှက်ပျောပင်ပိုင်း နှင့် နေ့နံသင့် အကိုင်း တို့ကို ပူး၍ ချည်မန်းကွင်းဖြင့် ၃ နေရာ ချည်ကာ တိုင်ထူ၍ ဒေါင်လိုက် စိုက်ထားရသည်။
ညနေ ၃ နာရီ၌ နန်းတွင်းပုဏ္ဏားတော်များ မဏ္ဌပ်တွင်းသို့ ဝင်လာကာ ငှက်ပျော၊ သစ်ကိုင်း၊ မြေရုပ်တို့ကို ချည်မန်းကွင်း ဖြင့် ထပ်၍ ပတ်ကြပြန်သည်။ ထို့နောက် သီဝနတ်၊ ခရစ်သျှနားနတ်၊ မဟာပိန္နဲ နတ်တို့ကို ပင့်ဖိတ်သည်။
မင်္ဂလာအခါ ရောက်ခါနီးသောအခါ ယိုးဒယားဘုရင် ကိုယ်တိုင် ကြွလာ၍ မိမိကိုယ်စား အခမ်းအနားကို စီရင်ရန် တပ်မှူးချုပ် တစ်ဦးအား ကိုယ်စားလှယ်လွှဲ တာဝန်ပေးသည်။ ထို တပ်မှူးချုပ်အား ဘုရင်က နဝရတ် လက်စွပ်နှင့် လက်သုံးတော် ဓားကို ပေးအပ်သည်။
မင်္ဂလာအခါ ရောက်သည့်အခါ ဘုရင့် လက်စွပ်နှင့် ဓားကို ဆင်မြန်းကိုင်စွဲထားသော တပ်မှူးသည် ဓားကို ဓားအိမ်မှ ချွတ်ကာ ဖြည်းဖြည်းမှန်မှန်ဖြင့် ရှေ့ခြေ ၃ လှမ်း လှမ်းကာ မြေရုပ် နားသို့ ကပ်ရသည်။
ထို့နောက် အရုပ်နှင့်တကွ ပူးချည်ထားသည့် သစ်ကိုင်းကိုပါ ပြတ်ထွက်သွားအောင် ၃ ချက် ဆင့် ခုတ်ရသည်။
(ရန်သူအရုပ်နှင့် အမည်ကို သေချာစွာ ခုတ်မိရန် အထူးသတိပြုရသည်။)
ပြတ်ကျသွားသော အရုပ်နှင့် သစ်ကိုင်းတို့၏ အပေါ်တွင် ၃ ကြိမ် တိတိ ခြေ ဖြင့်ဆောင့်နင်းရသည်။ ထို့နောက် နောက် လုံးဝ ပြန်မကြည့်ရဘဲ ဘုရင့်ထံ ပြန်သွားရသည်။
ထို့နောက် ဘုရင်၏ လက်စွပ်နှင့် ဓားကို ပြန် ဆက်သကာ
- "အရှင်မင်းကြီး အလိုတော်ရှိသည့်အတိုင်း အောင်မြင်ခဲ့ပါပြီ၊ ရန်သူများအား ထွက်၍ နှိမ်နင်းမည်ကို အရှင်မင်းကြီး နှစ်ခြိုက်တော်မူပါမည်လော" ဟု လျှောက်ထားခြင်းဖြင့် စစ်အောင် ယတြာကို အဆုံးသတ်ကြစမြဲဖြစ်သည်။
ဤကား ယိုးဒယားတို့၏ စစ်အောင်နိုင်ရေးအတွက် ပြုလုပ်သော လောကီအစီအရင် တစ်ရပ်ပင် ဖြစ်ပေသည်။ ယိုးဒယားတို့သည် ခေတ်အဆက်ဆက် အိမ်နီးချင်း ပြည်ထောင်များဖြစ်သော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား တို့နှင့် စစ်ပွဲများ ခင်းခဲ့ကြသည်။ ခင်းတိုင်းလည်း စစ်သည်များ စိတ်အားတက်ကြွစေရန် လောကီ အစီအရင်များ အသုံးချခဲ့မည် ယူဆရပါသည်။
သုံးသပ်ချက်
----------
မြန်မာနိုင်ငံမှ ဟံသာဝတီ မင်း ၃ ပါး
(တပင်ရွှေထီး၊ ဘုရင့်နောင်၊ နန္ဒဘုရင်) တို့သည်
၁၆ ရာစု အလယ်ပိုင်း တွင်လည်းကောင်း၊
အင်းဝ မင်း ၃ ပါး
(အလောင်းမင်းတရားကြီး၊ ဆင်ဖြူရှင် မြေဒူးမင်း၊ ဘိုးတော် ဗဒုံမင်း) တို့သည် ၁၇ ရာစု အလယ်ပိုင်းတွင်လည်းကောင်း ယိုးဒယားနိုင်ငံအတွင်းသို့ တစ်ပါးပြီး တစ်ပါး ချဉ်းနင်းဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။
ထိုသို့ တိုက်ခိုက်ရာတွင် တပင်ရွှေထီးကို ယိုးဒယားမင်းက တိုက်ဆင်နှစ်ကောင် ဆက်ကာ လက်နက်ချသည်။ ဘုရင့်နောင်နှင့် ဆင်ဖြူရှင် မြေဒူးမင်းတို့သည် အယုဒ္ဓယမြို့ကို ချေမှုန်း ဖျက်ဆီးနိုင်ခဲ့သည်။
အလောင်းမင်းတရားကြီးသည် ကျန်းမာရေး အခြေအနေကြောင့် မြို့ကို မသိမ်းနိုင်သော်လည်း ယိုးဒယားတို့ သိမ်းယူထားသော တနင်္သာရီကမ်းမြောင် ဒေသကို ပြန်လည်ရယူနိုင်ခဲ့သည်။  
နန္ဒဘုရင်နှင့် ဘိုးတော်ဘုရားတို့သည် မြို့ကို မသိမ်းနိုင်သော်လည်း ယိုးဒယားနယ်မြေ မြောက်ပိုင်း ဇင်းမယ် နှင့် ယိုးဒယားတို့ သိမ်းပိုက်ထားသော မြန်မာပိုင် မြိတ်မြို့တို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
ထိုစစ်ပွဲများ၏ ရလဒ်ကိုကြည့်ပါက ယိုးဒယားတို့ လောကီအစီအရင် မည်မျှသုံးစေကာမူ စစ်ပွဲများတွင် ရလဒ်ကောင်းများ ပေါ်ထွက်လာသည့် ရာခိုင်နှုန်း နည်းပါးခဲ့သည်ကို တွေ့ရသည်။
မည်သို့ပင်ဖြစ်စေ ယုံကြည်ရာတစ်ခုဖြင့်
အစီအရင်များ ပြုလုပ်ကာ စစ်ထွက်စေခြင်းသည် စိတ်ဓာတ်စစ်ဆင်ရေးအရ စစ်သည်များကို တက်ကြွစေသည်ဟု သုံးသပ်မိပါသည်။ (မြန်မာတို့တွင်လည်း တုတ်ပြီး၊ ဓားပြီး၊ ကာယသိဒ္ဓိ ထိုးကွင်းများ၊ ထုံးမန်းများ၊ အင်းအိုင် လက်ဖွဲ့များ ရှိသော်လည်း  သချိုင်းမြေဖြင့် စီရင်ထားသော
မြေရုပ်ကို ဓားဖြင့် ခုတ်သည့်ပွဲကို ရှင်ဘုရင်ကိုယ်တိုင် တက်ရောက်စီရင်ခြင်း မှတ်တမ်းမျိုး မကြားဖူးပါ။)
(ပုံများကို ဘိုးတော်ဘုရားလက်ထက် တပ်မကိုးခု စစ်ပွဲ (Nine Armies War) အကြောင်း ရိုက်ကူးထားသော ယိုးဒယား ဇာတ်လမ်းတွဲမှ ရယူထားခြင်း ဖြစ်ပါသည်။)
(ကျမ်းကိုးအနေဖြင့် ယိုးဒယားမင်းသားကြီး ဒင်မရောင်း၏ မြန်မာတို့နှင့် စစ်ပွဲများစွာ စာအုပ်မှ ကိုးကားထားပြီး စာစီသူမှာ ကျနော်ကိုယ်တိုင်သာ ဖြစ်ပါကြောင်း)
Credit to Saya Min Htet Kyaw Swar












 

No comments