New Artical

အရှေ့တိုင်း အနောက်တိုင်း ပေါင်းစပ်မှု ကာဘိုနာရာ တော့ပုကီ

 

အရသာရှိတဲ့ ကာဘိုနာရာ တော့ပုကီ

ဒီတပတ် ဟင်းချက်နည်းကို အရှေ့အတိုင်း အနောက်တိုင်း ပေါင်းစပ်မှု အရသာသစ် ဝေမျှပေးချင်ပါ တယ်။ ကိုရီးယားအစားအစာထဲမှာဆိုရင် တော့ပုကီလို့ ပြောလိုက်ရင် အားလုံး သိကြမှာပါ။ ဒီတခါ တော့ပုကီကတော့ Street Food စတိုင်မျိုး မဟုတ်ဘဲ နောက်ပိုင်း Foodie တွေကြား ခေတ်စားလာတဲ့ ကာဘိုနာရာ တော့ပုကီပါ။

ပုံမှန် ကာဘိုနာရာလို ခရင်မ် ပျစ်ပျစ်နဲ့ ကြက်ဥ မထည့်ထားလို့ ခပ်စပ်စပ်လေးနဲ့ အရသာ တွေ့စေမှာပါ။ ကာဘိုနာရာ တော့ပုကီ လုပ်ဖို့ လိုအပ်တာတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

ထောပတ်
ကြက်သွန်ဖြူ
ဘေကွန်
မှို
ငရုတ်ပွအနီရောင်
Cream/ milk
ပန်းဂေါ်ဖီစိမ်း
ကိုရီးယားငရုတ်နှစ် (Gochujang)
ငရုတ်ကောင်းမှုန့်
ကြက်သွန်မြိတ်
ချိစ်တို့ လိုအပ်ပါတယ်။

အရင်ဆုံး ထည့်ချက်မယ့် ငရုတ်ပွ၊ မှို၊ ပန်းဂေါ်ဖီစိမ်း၊ ကြက်သွန်မြိတ်တို့ကို ပါးပါး လှီးထားပါ။ ကြက်သွန်ဖြူကို ထောင်းပါ။ တော့ပုကီတွေကို ပျော့သွားအောင် ရေစိမ်ပေးထားပါ။

ပထမဆုံး ဒယ်အိုပြားကို အပူပေးပြီး ထောပတ်သုတ်ပါ။ ကြက်သွန်ဖြူအနှစ်ကို မွှေးသွားအောင် ဆီသတ်ပါ။ ပြီးရင် ဘေကွန်ပြားတွေကို ရွှေအိုရောင် သမ်းသွားတဲ့အထိ မိနစ် အနည်းငယ် ချက်ပါ။ ဘေကွန်တွေ ရွှေအိုရောင် သမ်းလာပြီဆိုရင် ပါးပါးလှီးထားတဲ့ မှိုထည့်ပါ။ ငရုတ်ပွထည့်ပြီး မိနစ်အနည်းငယ်လောက် ချက်ပေးပါ။

 

အသီးရွက်တွေ နွမ်းလာပြီဆိုရင် တော့ပုကီနဲ့ နွားနို့၊ ခရင်မ် ရောထားတာ လောင်းထည့်ပါ။ တော့ပုကီထည့်ပြီးရင် မကပ်အောင် မွှေပေးပါ။ ပြီးရင် ပန်းဂေါ်ဖီစိမ်း ထည့်လိုက်ပါ။

အားလုံးထည့်ပြီးလို့ ခရင်မ်တွေ ပျစ်လာပြီဆိုရင် မီးလျော့ပြီး ကိုရီးယားငရုတ်နှစ်ရယ်၊ ချိစ်ရယ်ထည့်ပြီး သမအောင်မွှေပေးပါ။ နောက်ထပ် ၁ မိနစ်လောက်ချက်လိုက်ရင် ကျက်ပါပြီ။ မီးပိတ်ပြီး ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်နဲ့ ငရုတ်ကောင်းမှုန့်ဖြူးပါ။ ချိစ်များတာကြိုက်ရင် ထပ်ထည့်လို့ရပါတယ်။

အရသာရှိပြီး ခံတွင်းမြိန်စေမယ့် ကာဘိုနာရာ တော့ပုကီ ရပါပြီ။

Ref: Miss Happy Belly

 

No comments