New Artical

ရာသီဥတုအေးအေးနဲ့ လိုက်ဖက်တဲ့ ဂျပန်စတိုင် အမဲသား ဟော့ပေါ့

ဂျပန်စတိုင် အမဲသား ဟော့ပေါ့ “Sukiyaki”

 နှစ်သစ်ကူးကာလ ရာသီဥတု အေးအေးလေးနဲ့ လိုက်ဖက်မယ့် ဟော့ပေါ့ ချက်နည်းကို ဝေမျှ ပေးချင်ပါတယ်။ ဂျပန်စာ ကြိုက်တဲ့သူတွေဆိုရင် “Sukiyaki” လို့ ပြောလိုက်ရင် ကြားဖူးကြမယ် ထင်ပါတယ်။ အမဲသားလွှာတွေကို အသီးအရွက်နဲ့ ရောပြီး ပဲငံပြာရည် အချိုရည်အိုးထဲ ပွက်ပွက်ဆူအောင် ထည့်ပြုတ်စားကြတဲ့ ဂျပန်စတိုင် အမဲသား ဟော့ပေါ့ (Sukiyaki) ပါ။

ဂျပန်လူမျိုးတွေသာမက နိုင်ငံခြားသားတွေပါ အရသာတွေ့တဲ့ Sukiyaki ဟာ တကယ့်ကို ဆောင်းညတွေရဲ့ အထူးညစာအဖြစ် အလိုက်ဖက်ဆုံးပါ။ အိမ်မှာပဲ အလွယ်တကူ လုပ်နိုင်မယ့် Sukiyaki အတွက် အောက်ပါအတိုင်း လိုအပ်ပါတယ်။

အမဲသား Rib eye
အပ်မှို
ရှီတာကီမှို
ပဲပြား
မုန်လာဥနီ
မုန့်ညင်းဖြူထုပ်
ကြက်သွန်မြိတ်
Mirin (ဂျပန်ဟင်းချက် ဆန်အရက်အချို)
ပဲငံပြာရည်
သကြား အနည်းငယ်တို့ လိုအပ်ပါတယ်။

အရင်ဆုံး ဟော့ပေါ့ အရည်အတွက် ပန်းကန်လုံးတလုံးထဲမှာ ပဲငံပြာရည်အချို၊ Mirin ၊ ရေနဲ့ သကြားအနည်းငယ်ကို ဒယ်အိုးပြားထဲထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပါ။ ပွက်ပွက်ဆူလာရင် မီးဖိုးပေါ်ချပြီး ခဏဖယ်ထားပါ။

သုံးမယ့် အမဲသား Rib eye ကို လုံးဝ ပါးလွှာနေတဲ့ထိ လွှာပေးရပါမယ်။ မဟုတ်လည်း စူပါမားကတ်တွေမှာ ရယ်ဒီမိတ် အသားလွှာ ဝယ်နိုင်ပါတယ်။ နောက်ပြီး ပဲပြားတုံးကို လက်မဝက် အရွယ်အစား တုံးထားပါ။

မုန်လာဥနီကို ပါးပါးလှီးထားပါ။ အပ်မှိုကို ရေစင်အောင်ဆေး၊ အောက်ခြေကို ဖြတ်ထုတ်ပြီး၊ အနေတော် အပိုင်းလေးတွေ ရအောင် မျှင်ထားပါ။ ရှီတာကီမှိုကိုလည်း ရေဆေးထားပါ။

မုန်ညင်းဖြူထုပ်ကိုလည်း ရေစင်အောင်ဆေးပြီး အရွက်ပိုင်းတွေကိုပဲ ဖြတ်တောက်ကာ ပန်းကန်ထဲ ထည့်ထားပါ။ ပြင်ဆင်ပြီးပြီဆိုရင် မြေအိုး ဒါမှမဟုတ် မကပ်တဲ့အိုး တလုံးယူပြီး ဟော့ပေါ့ထဲ ထည့်မယ့် အမယ်အားလုံးကို အိုးထဲ စီထည့်လိုက်ပါ။ စီထည့်ပြီးရင် စပ်ထားတဲ့ ဟင်းရည်အချိုတွေကို လောင်းထည့်ပြီး အိုးအဖုံးကို ခဏ အုပ်ထားပါ။

ပထမတကြိမ် ပွက်ပွက်ဆူလာရင် မီးလျှော့ပြီး အဖုံးဖွင့် နောက်ထပ် ၁၅ မိနစ်လောက် ထပ်တည်ပေးပါ။ ဟော့ပေါ့အိုးထဲက အသားနဲ့ အရွက်တွေ နူးသွားပြီဆိုရင် ကြက်သွန်မြိတ် ပါးပါးလှီထားတာ ဖြူးပြီး စားသုံးလို့ရပါပြီ။

Ref: Spice the Plate

 

No comments