New Artical

တရုတ်နှစ်ကူး အစားအစာ ကောက်ညှင်းအသားလုံး လုပ်စားရအောင်

 

တရုတ်နှစ်ကူး အစားအစာ ကောက်ညှင်းအသားလုံး

တရုတ်ရိုးရာ နှစ်သစ်ကူးပွဲမှာ စားလေ့ရှိတဲ့ ကောက်ညှင်းအသားလုံး လုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ မူရင်း တရုတ် ဟူနန်ဒေသစာဖြစ်ပြီး အဝေးကကြည့်လိုက်ရင် ပုလဲလုံးကြီးတွေနဲ့ တူလို့ “Pearl Meatballs” လို့ တင်စားကြပါတယ်။ အသားလုံးပေါ်မှာ ကောက်ညှင်းစေးစေးလေးရယ်၊ နှမ်းဆီနဲ့ ကြက်သွန်ဖြူ အရသာကိုပါ ထိထိ မိမိခံစားမိစေမှာပါ။

ဒီအတိုင်း ကောက်ညှင်းအဖြူထည်အတိုင်း လုပ်ကြသလို တချို့ကျပြန်တော့လည်း အစိမ်းရောင်၊ အနီရောင်လေးတွေနဲ့ မျက်စိပသာဒ အလှဆင်တတ်ကြပါတယ်။ ကောက်ညှင်းအသားလုံး ပြုလုပ်ဖို့ အောက်ပါအတိုင်း လိုအပ်ပါတယ်။

ကောက်ညှင်းဆန်
အသားစဉ်းကော
တရုတ်ဟင်းချက်ဝိုင်
ပြောင်းဖူးကော်မှုန့်
ပဲငံပြာရည်
ကြက်သွန်နီ
ကြက်သွန်ဖြူ
ဆား
ငရုတ်ကောင်း
မုန့်ညင်းထုပ်တို့ လိုအပ်ပါတယ်။

အရင်ဆုံး ကောက်ညှင်းဆန်ကို အနည်းဆုံး ၂ နာရီကြာအောင် ရေစိမ်ထားပါ။ ပြီးရင် သန့်စင်အောင် ရေဆေးပြီး စစ်ထားပါ။

အသားစဉ်းကောထဲကို ရေအနည်းငယ်၊ ဟင်းချက်ဝိုင်၊ ပြောင်းဖူးကော်မှုန့်၊ ပဲငံပြာရည်၊ ကြက်သွန်နီ ပါးပါးလှီး ထားတာ၊ ကြက်သွန်ဖြူထောင်းထားတဲ့ အနှစ်၊ ဆားနဲ့ ငရုတ်ကောင်း အနည်းငယ် ထည့်ပြီး သမအောင် နယ်ပါ။

ပါဝင်ပစ္စည်းတွေနဲ့ သမအောင် နယ်ထားတဲ့ အသားစဉ်းကောတွေကို ၁ လက်မ (သို့) ၁ လက်မခွဲကနေ ၂ လက်မအရွယ် အလုံးလေးတွေ လုံးလိုက်ပါ။ ပြီးသွားရင် ရေစစ်ထားတဲ့ ကောက်ညှင်းဆန်ကို အသားလုံး အပေါ်ကနေ အကုန်အုပ်သွားတဲ့ထိ လုံးလိုက်ပါ။

နောက်ဆုံးမှာတော့ ကောက်ညှင်းဆန်တွေနဲ့ လုံးထားတဲ့ အသားလုံးတွေကို မုန့်ညင်းထုပ်အရွက်တွေပေါ် တင်ပြီး ပေါင်းရပါမယ်။ ပေါင်းအိုးထဲမှာ မုန့်ညင်းထုပ်တွေ အရင်ခံထည့်ထားပြီး အပေါ်ကနေ အသားလုံးတင်ပါ။

မီးပြင်းပြင်းနဲ့ အသားလုံးတွေ အလယ်မှာ ပန်းရောင် သမ်းတဲ့အထိ အနည်းဆုံး မိနစ် ၃၀ လောက် ပေါင်းပေးရပါမယ်။ တကယ်လို့ မုန့်ညင်းထုပ် မသုံးချင်ရင်လည်း ပေါင်းအိုးအောက်ခံကို ပဝါအဖြူသန့်သန့် ခံပြီး ပေါင်းပေးပါ။

Ref: Allrecipes

 

No comments