New Artical

မြန်မာမှာ ကိုဗစ်ကာကွယ်ဆေး စထိုးပြီ။ ကျန်းမာရေးနဲ့ စေတနာ့ဝန်ထမ်းတွေကို စတင်ထိုးပေး

မြန်မာမှာ ကိုဗစ်ကာကွယ်ဆေး စထိုးပြီ

မြန်မာမှာ ကိုဗစ်ကာကွယ်ဆေး စထိုးပြီ။ ကျန်းမာရေးနဲ့ စေတနာ့ဝန်ထမ်းတွေကို စတင်ထိုးပေး

 မြန်မာနိုင်ငံမှာ ကိုဗစ် ကာကွယ်ဆေးကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ ဇန်နဝါရီ ၂၇ ရက်မှာ စတင်ထိုးနှံပေးခဲ့ပါတယ်။

ပထမဆုံးထိုးပေးတဲ့ဒီတစ်သုတ်မှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စတင်ထိုးနှံပေးခဲ့တာဖြစ်ပြီး ပထမဆုံး ထိုးနှံသူကတော့ နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံက အထက်တန်းသူနာပြု ဒေါ်အေးအေးမော်ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာတော့ ရန်ကုန်ဆေးရုံကြီးနဲ့ ဧရာဝတီကုသရေးစင်တာတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ စီစဉ်ထားပါတယ်။

ဒီတစ်သုတ်မှာ ရန်ကုန်တိုင်းအတွင်း လူဦးရေ (၃၀၀)ကို ထိုးပေးမှာဖြစ်ပြီး ရန်ကုန်မှာ ကိုဗစ်ကာကွယ်ဆေးစထိုးနှံခံရသူကတော့ အသက်(၅၇) နှစ်အရွယ် ရန်ကုန်ဆေးရုံကြီးက သူနာပြုအုပ်ဆရာမကြီး ဒေါ်သက်သက်သိန်းဖြစ်ပါတယ်။

ရန်ကုန်တိုင်းက ကျန်းမာရေးဝန်ထမ်း ၂၀၀၀၀ကျော်ထဲမှာ ပထမဆုံးကာကွယ်ဆေးထိုးနှံရသူ သူနာပြုအုပ်ဆရာမကြီး ဒေါ်သက်သက်သိန်း
ရန်ကုန်တိုင်းက ကျန်းမာရေးဝန်ထမ်း ၂၀၀၀၀ကျော်ထဲမှာ ပထမဆုံးကာကွယ်ဆေးထိုးနှံရသူ သူနာပြုအုပ်ဆရာမကြီး ဒေါ်သက်သက်သိန်း

သူဟာရန်ကုန်တိုင်းက ကျန်းမာရေးဝန်ထမ်း ၂၀၀၀၀ကျော်ထဲမှာ ပထမဆုံးကာကွယ်ဆေးထိုးနှံရသူအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

အခုထိုးတဲ့ အိန္ဒိယက ကိုဗီရှီးကာကွယ်ဆေးက လူတစ်ဦးကို နှစ်ကြိမ်ထိုးရမှာပါ။ ဒါ့ကြောင့် ပထမဆုံးတစ်လုံးဒီနေ့ကနေ နောက်ထပ် ၂၁ ရက်အကြာမှာ ဒုတိယ အကြိမ် ထပ်ထိုးရဖို့ရှိပါတယ်။

တိုင်းဒေသကြီးနဲ့ပြည်နယ် အသီးသီးမှာ ဒီနေ့စထိုးတဲ့ ကိုဗစ်ကာကွယ်ဆေးတွေက အိန္ဒိယနိုင်ငံက လှူဒါန်းထားတဲ့ ဆေးအလုံးရေ ၁ဒသမ ၅ သန်းထဲကဖြစ်ပါတယ်။

အဲဒီထဲကနေ ပထမဦးစားပေးအဖြစ် ကိုဗစ်ထိန်းချုပ်ရေး ရှေ့တန်းက တာဝန်ယူဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ဇန်နဝါရီ ၂၇ ကနေ စတင်ထိုးပေးတာလည်းဖြစ်ပါတယ်။

ပြီးရင် ဒုတိယတစ်သုတ်အဖြစ် ဇန်နဝါရီ ၂၉ ရက်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဇန်နဝါရီ ၃၀ ရက်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များကို ထိုးနှံပေးမှာဖြစ်ပါတယ်။

နေပြည်တော် ဇဗ္ဗူသီရိဆေးရုံမှာလည်း ကာကွယ်ဆေး ထိုးနှံနေတဲ့မြင်ကွင်းကိုတွေ့ရတာပါ။
နေပြည်တော် ဇဗ္ဗူသီရိဆေးရုံမှာလည်း ကာကွယ်ဆေး ထိုးနှံနေတဲ့မြင်ကွင်းကိုတွေ့ရတာပါ။

ဖေဖော်ဝါရီ ၅ ရက်မှာတော့ နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလုပ်ငန်းတွေကို စတင်မှာဖြစ်ပြီး ပြည်ထောင်စုအဆင့်၊ တိုင်းနဲ့ ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်တွေလည်း ပြည်သူနဲ့အတူ စတင်ထိုးနှံမှာဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီလို နိုင်ငံတစ်ဝန်းစထိုးနှံရာမှာ အိမ်မှာနေရေးအစီအစဉ် Stay at home မှာ အကျုံးဝင်တဲ့ မြို့နယ်မှာနေထိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံရှိသူတွေနဲ့ ရောဂါရရှိမှုလွယ်ကူတဲ့ လူအုပ်စုတွေကို ဦးစားပေးထိုးနှံသွားမှာဖြစ်ပါတယ်။

စစ်တွေတစ်မြို့တည်းမှာ စုစုပေါင်းကျန်းမာရေးဝန်ထမ်း ၉၀၀ ရာနီးပါး ထိုးပေးနေတာပါ။
ဓာတ်ပုံ ရင်းမြစ်, Myint Lwinစစ်တွေတစ်မြို့တည်းမှာ စုစုပေါင်းကျန်းမာရေးဝန်ထမ်း ၉၀၀ ရာနီးပါး ထိုးပေးနေတာပါ။

ကာကွယ်ဆေးရရှိမှုအပေါ်မူတည်ပြီး Stay at home အစီအစဉ်မှာ အကျုံးဝင်တဲ့ မြို့နယ်တွေအနက် ကူးစက်ဖြစ်ပွားမှုများပြားတဲ့ မြို့နယ်တွေနဲ့ နေရာဒေသတွေကို ဦးစားပေးရွေးချယ်ထိုးနှံပေးသွားမှာဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာအစိုးရထံ အိန္ဒိယအစိုးရက လှူဒါန်းထားတဲ့ ကိုဗီရှီး ကာကွယ်ဆေး အလုံးရေ ၁ ဒသမ ၅ သန်းရရှိထားပြီးဖြစ်ပါတယ်။ နိုင်ငံဘဏ္ဍာငွေနဲ့လည်း ကိုဗီရှီးကာကွယ်ဆေး အရေအတွက် သန်း ၃၀ ကို ဝယ်ယူထားပြီးဖြစ်ပြီး အဲဒီထဲက ကာကွယ်ဆေး ၂ သန်းခန့် ဖေဖော်ဝါရီ ပထမပတ်မှာ ကနဦး ရောက်လာဖို့ရှိပါတယ်။

ကိုဗက်အဖွဲ့က ရရှိမယ့် ကာကွယ်ဆေးတွေကလည်း မြန်မာနိုင်ငံကို မတ်လမှာစတင်ရရှိမှာဖြစ်ပြီး နိုငငံတော်ဘဏ္ဍာငွေနဲ့ ဝယ်ထားတဲ့ ကာကွယ်ဆေးတွေလည်း ဧပြီကစလို့ လစဉ်အသုတ်လိုက် ဆက်လက်ရရှိသွားဖို့ရှိတယ်လို့ အစိုးရက ကာကွယ်ဆေးရရှိမယ့်အချိန်ကာလကို ထုတ်ပြန်ထားပါတယ်။ 

Ref: BBC

No comments