New Artical

ကိုဗစ်ကာကွယ်ဆေး-ကိုဗီရှီး ကာကွယ်ဆေးအကြောင်း သိကောင်းစရာ

 

ကိုဗစ်ကာကွယ်ဆေး-ကိုဗီရှီး ကာကွယ်ဆေးအကြောင်း သိကောင်းစရာ

အိန္ဒိယနိုင်ငံက လက်ဆောင်ပေးတဲ့ ကိုဗီရှီး (COVISHIELD) ကာကွယ်ဆေးကို ဇန်နဝါရီလ ၂၇ ရက်မှာ ကျန်းမာရေး ဝန်ထမ်းတွေကို စထိုးပေးတော့မှာပါ။ လူတစ်ယောက်ကို နှစ်ကြိမ် ထိုးရမှာ ဖြစ်ပြီး ဆေးက တစ်သန်းခွဲ လက်ဆောင် ရထားလို့ လူ ခုနှစ်သိန်းခွဲလောက် ကာကွယ်ဆေး ထိုးနိုင်မှာပါ။ ဒါ‌ကြောင့် ဦးစားပေး အုပ်စုတွေ ဖြစ်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ အစိုးရအဖွဲ့ဝင်တွေ ထိုးပြီးတဲ့အခါ ဖေဖော်ဝါရီလထဲမှာ ပြည်သူတွေ စထိုးရဖို့ ရှိနေပါတယ်။

ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်ပါသလဲ။

ကာကွယ်ဆေး ထုတ်လုပ်တဲ့ အထဲမှာ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Serum Institute of India က အောက်စဖို့ဒ် အက်စထရာ ဇန်နကာ ကာကွယ်ဆေးကို ထုတ်လုပ်တာ ဖြစ်ပြီး ကိုဗီရှီးလို့ အမည် ပေးထားတာပါ။

ချင်ပန်ဇီ မျောက်ဝံတွေကနေ အားပျော့နေတဲ့ တုပ်ကွေး ဗိုင်းရပ်စ်ကို ယူပြီး အဲဒီဗိုင်းရပ်စ်ကို ကိုရိုနာဗိုင်းရပ်စ်နဲ့ ပိုတူအောင် မွမ်းမံ ပြုပြင်ထားတာပါ။ ဒါပေမဲ့ အဲဒီပိုးတွေက လူကို အန္တရာယ်မပေးပါဘူး။

ဒီကာကွယ်ဆေးကို ထိုးပေးလိုက်ရင် ကိုယ်ခံအားစနစ်ကနေ ပဋိပစ္စည်းတွေ ထွက်လာပြီး ကိုရိုနာဗိုင်းရပ်စ် မှန်သမျှကို တိုက်ခိုက်ပါလိမ့်မယ်။

ဒီကာကွယ်ဆေးဟာ အပူချိန် ၂ ဒီဂရီကနေ ၈ ဒီဂရီ စင်တီဂရိတ်အတွင်း အေးတဲ့နေရာမှာ ထားရတာမို့ အိမ်တွေမှာ သုံးကြတဲ့ ရေခဲသေတ္တာလောက် အေးအောင် ထားရင်ကို အဆင်ပြေပါတယ်။ ဒါ့အပြင် ပြည်နယ်နဲ့ တိုင်းတွေက ကျန်းမာရေး ဌာနတွေဆီ ပို့ဆောင်ရတာ လွယ်ကူပါတယ်။

ဒီကာကွယ်ဆေးဟာ ကိုဗစ်၁၉ ရောဂါကို ပျှမ်းမျှအားဖြင့် ၇၀ ရာခိုင်နှုန်းကာကွယ်ပေးမှာပါ။ လူတစ်ယောက်ကို ၂ ကြိမ် ထိုးရမှာ ဖြစ်ပြီး ပထမတစ်ကြိမ် ထိုးပြီး ၄ ပတ်အကြာမှာ ဒုတိယအကြိမ် ထိုးရမှာ ဖြစ်ပါတယ်။

ကိုဗီရှီးက ဘယ်လောက်အစွမ်းထက်လဲ

အောက်စဖို့ - အက်စထရာဇန်နကာ ကာကွယ်ဆေးကို ပထမအကြိမ်မှာ ဆေးတစ်ဝက်၊ ဒုတိယအကြိမ်မှာ ဆေး တစ်လုံး အပြည့် ထိုးပေးရင် ၉၀% အစွမ်းထက်မှုရှိတယ်လို့ နိုင်ငံတကာမှာ လူတွေနဲ့ စမ်းသပ်ချက်တွေအရ ပြသနေပါတယ်။


  

ကာကွယ်ဆေး ထိုးလို့ရမယ့် အုပ်စုထဲမှာ ကိုယ်ပါသလား

ဒီကာကွယ်ဆေးက ဘယ်သူမဆို ထိုးလို့ရတဲ့ ကာကွယ်ဆေး မဟုတ်ပါဘူး။ မထိုးသင့်ဘူးလို့ ကျန်းမာရေး ဝန်ကြီးဌာနက အကြံပြုထားတဲ့ အုပ်စုတွေလည်း ရှိနေပါတယ်။ ကိုယ်က ဘယ်အုပ်စုထဲ ပါနေပါသလဲ။

ကာကွယ်ဆေး မထိုးသင့်တဲ့ အုပ်စုတွေကတော့ ကိုဗစ် အတည်ပြုလူနာတွေ၊ သံသယလူနာတွေ၊ ကိုဗစ်ကနေ သက်သာ ပျောက်ကင်းတာ ၂ ပတ် မပြည့်သေးသူတွေ၊ နို့တိုက်မိခင်၊ ကိုယ်ဝန်ဆောင်တွေနဲ့ အသက် ၁၈ နှစ် အောက်တွေ ဖြစ်ပါတယ်။ ကိုယ်အင်္ဂါ အစားထိုး ခွဲစိတ်ကုသမှု ခံယူထားသူတွေနဲ့ ခုခံအားကျ ရောဂါရှိသူတွေကတော့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးမှ ထိုးသင့်ပါတယ်။

နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ ကင်ဆာလို ရောဂါအခံရှိသူတွေရော ကာကွယ်ဆေး ထိုးလို့ရပါသလား

ဒီလို ရောဂါအခံ ရှိသူတွေ ကိုဗစ် အကူးခံရရင် အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် ထိုးသင့်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် ကူးစက်ခံခဲ့ရပြီးမှ သက်သာ ပျောက်ကင်းလာသူ တစ်သိန်း နှစ်သောင်းကျော် ရှိနေပါတယ်။ သူတို့ရော ကာကွယ်ဆေး ထိုးဖို့ လိုအပ်သေးရဲ့လား

ထိုးရမှာပါ။ ဒါမှ ရောဂါ ထပ်မကူးဘဲ ကိုဗစ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခုခံနိုင်မယ့် ကိုယ်ခံအားကို ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုဗစ်ကနေ သက်သာ ပျောက်ကင်းတာ ၂ ပတ် မပြည့်သေးသူတွေကတော့ မထိုးသင့်ဘူးလို့ ကျန်းမာရေး ဝန်ကြီးဌာနက အကြံပြုထားပါတယ်။

ကာကွယ်ဆေးထိုးပြီးရင် ဘယ်လိုခံစားရမလဲ

တစ်မြို့နယ်မှာ ကာကွယ်ဆေး ထိုးဖို့ စုရပ် ၅ ခု သတ်မှတ်ထားမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးလို့ရတဲ့ အခြေအနေ ရှိမရှိ စစ်ဆေးပြီးလို့ ထိုးလို့ရတဲ့ အခြေအနေ ရှိတယ် ဆိုရင် PPE ဝတ်ထားတဲ့ ကျန်းမာရေး ဝန်ထမ်းက လက်မောင်းကို ကာကွယ်ဆေး ထိုးပေးမှာပါ။

ကာကွယ်ဆေး ထိုးပြီးရင် ဘယ်လို သာမန် လက္ခဏာတွေ ပြမှာပါလဲ။

  • ဆယ်ယောက်မှာ တစ်ယောက်ထက် ပိုပြီး ခံစားနိုင်ချေ ရှိတာက ဆေးထိုးတဲ့နေရာက နာတာ၊ ရောင်တာ၊ နီတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက် ကိုက်ခဲတာ၊ ဖျားတာ၊ နုံးတာ၊ မအီမသာ ဖြစ်တာတွေပဲ ဖြစ်ပါတယ်။
  • ဆယ်ယောက်မှာ တစ်ယောက်လောက် ခံစားနိုင်ချေ ရှိတာက ဆေးထိုးတဲ့နေရာမှာ အကျိတ်ငယ် ဖြစ်တာ၊ အန်တာနဲ့ ရာသီတုပ်ကွေးလို သာမန် လက္ခဏာတွေ ပြတတ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန် ထားပါတယ်။
  • အယောက် တစ်ရာမှာ တစ်ယောက် ခံစားနိုင်ချေ ရှိတာကတော့ မူးဝေတာ၊ ယားယံတာ၊ ချွေးထွက်လွန်တာ၊ အစာစားချင်စိတ် လျော့နည်းတာနဲ့ ဗိုက်အောင့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ကာကွယ်ဆေး ထိုးပြီးရင် ဓာတ်တည့် မတည့်နဲ့ ပြင်းထန်တဲ့ ဘေးထွက် ဆိုးကျိုး ရှိမရှိ စောင့်ကြည့်ဖို့ နာရီဝက် နေပေးရမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးချိန်မှာ လုံခြုံစိတ်ချရမှု ရှိစေဖို့အတွက် ဓာတ်မတည့်တာတွေ ဖြစ်လာရင် ကာကွယ်ဆေး ထိုးတဲ့ စုရပ်တွေမှာ ဆရာဝန်၊ သူနာပြု ဆေးဝန်ထမ်းတွေနဲ့ အမြန်ဆုံး ကုသပေးနိုင်အောင် စီစဉ်ထားတယ်လို့ အမျိုးသားအဆင့် ကာကွယ်ဆေးထိုး လုပ်ငန်း ဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စောဝင်းက ဘီဘီစီကို ပြောပြပါတယ်။ ဒါပေမဲ့လည်း ဓာတ်မတည့်တာမျိုးက လူ တစ်သန်းမှာ တစ်ယောက်လောက်ပဲ ရှိတဲ့အတွက် အတော်လေး နည်းပါးတယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေး ထိုးပြီးရင် စိတ်ချရပြီလား

ကာကွယ်ဆေးကို နှစ်ကြိမ် ပြည့်အောင် ထိုးမှ ထိရောက်တဲ့ ကိုယ်ခံအားကို ရမှာ ဖြစ်ပါတယ်။ အကြိမ်ပြည့် ထိုးပြီးရင်တောင် အနည်းဆုံး နှစ်ပတ်ကြာမှ ကိုယ်ခံစွမ်းအား ထွက်မှာမို့ ဆေးထိုးပြီးရင်လည်း mask နှာခေါင်းစည်း ဝတ်တာ၊ လက်ဆေးတာနဲ့ လူချင်း ခပ်ခွာခွာ နေတာတွေကို ဆက်လုပ်နေရဦးမှာပါ။

ကာကွယ်ဆေးက ကိုဗစ်ကို ရာနှုန်းပြည့် ကာကွယ်နိုင်မှာ မဟုတ်လို့ ကိုဗစ် ကာကွယ်ရေး စည်းကမ်းတွေကို ဆက်လုပ်သွားရဦးမယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။

နောက်ထပ် ကိုဗစ်ကာကွယ်ဆေးတွေ ထပ်ရဖို့ အခြေအနေ

မြန်မာနိုင်ငံအနေနဲ့ ကိုဗစ် ကာကွယ်ဆေး ရဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေတာပါ။

COVAX Facility လို အဖွဲ့အစည်းတွေ ကနေ ပံ့ပိုးမှု ရဖို့၊ အစိုးရချင်း သဘောတူညီချက်နဲ့ ဝယ်ယူတာအပြင် ဆေးထုတ်တဲ့ ကုမ္ပဏီတွေကနေ တိုက်ရိုက် ဝယ်ယူနိုင်ဖို့ကိုပါ ကြိုးစားနေတာပါ။ ဒါကြောင့် မကြာခင်မှာ မြန်မာနိုင်ငံကို ကိုဗစ် ကာကွယ်ဆေးတွေ ထပ်ရောက်ဖို့ ရှိနေပါတယ်။

ကိုဗီရှီး ကာကွယ်ဆေး သန်း ၃၀ ကို မြန်မာအစိုးရက ထပ်ဝယ်ထားပြီး ဖေဖော်ဝါရီလထဲမှာ ထပ်ရောက်လာဖို့ ရှိတယ်လို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ ကိုဗစ် ကာကွယ်ဆေးတွေက နည်းပညာသစ်နဲ့ အချိန်တိုအတွင်း ထုတ်လုပ်ထားတာ ဖြစ်လို့ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ တွေ့ရှိချက်အသစ်တွေ၊ အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေနဲ့ လမ်းညွှန်ချက်တွေကို မျက်ခြည်မပြတ် စောင့်ကြည့် လိုက်နာရမှာလည်း ဖြစ်ပါတယ်။

 

Ref : bbc

 

No comments