New Artical

အာနန္ဒာစေတီတော်ကြီးအတွက် ကန်တော့ပန်း



(အာနန္ဒာစေတီတော်ကြီးအတွက် ကန်တော့ပန်း)

ဒီပုံကြည့်စမ်းပါ့
အာနန္ဒာ ဘုရားအရှေ့ဖက်ကနေ Drone နဲ့ မန္တလေးက သားလေး ရိုက်ထားတာ။  အာနန္ဒာ ဘုရားဝင်း ထဲက အနီရောင်တွေက သံဃာတော်တွေ တန်းစီနေကြတာပါ၊ ဒါ အာနန္ဒာဘုရားပွဲ ဆွမ်းလောင်းမယ့်နေ့၊
လူပရိတ်သတ် ရောက်မလာကြသေးခင်လေးပဲ။ ပုံထဲကသံဃာတော်တန်းကို အဆုံးထိချဲ့ပြီးလက်ညှိုးနဲ့ ထောက် ကြည့်ရင် လက်ညှိုးအောက်မှာ သံဃာတော် ဆယ်ပါးလောက် ရှိမယ်၊ ဒီတော့ သံဃာတော် ဘယ်လောက်များမလဲ စဉ်းစား ကြည့်ပေါ့၊ ခနနေရင် အာနန္ဒာ ရင်ပြင်တော်ပေါ်ကို ဒီသံဃာတော်
တွေကို ဆွမ်းလောင်းလှူကြမယ့် ဒကာတွေတစ်ဖွဲဖွဲရောက်လာ ကြတော့မယ်။ 
 
အဲဒီအခါ မြေပြင်ပေါ်က အခြေအနေဟာ အာနန္ဒာစေတီတော် ရင်ပြင်တစ်ခုလုံးမှာ တိုးလို့မပေါက် တော့တဲ့ အခြေအနေပဲ။ သာယာအေးချမ်းလှတဲ့ မြေပြင်အခြေအနေလေး တစ်ခုပေါ်ကို   မြောက်ပြန် ဆောင်းလေအေးလေး တစ်ချက်အဝှေ့မှာ အသံချဲ့ စက်ကနေ ဆရာတော် သံဃာတော်တွေကို လောင်းလှူ ဖွယ်ရာ တွေကို လက်ခံဖို့ ကြွရောက်တော်မူပါရန်ဘုရားလို့ ပင့်ဖိတ်လိုက် တဲ့အသံနဲ့ အတူ ဧရာဝတီညောင်ဦးကမ်းပါးက ယဥ်ကျေးမှူ ဖြစ်စဥ်ထဲကို နောက်လူတွေက လက်ဆင့်ကမ်း ဖြည့်စွက် လိုက် တဲ့ ဖြစ်စဥ်တစ်ခုအလိုလို ဖြစ်ပေါ်သွားပါတော့တယ်။
 
အဲဒီ ယဥ်ကျေးမှု ဖြစ်စဥ်က ပုဂံကို ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ် စာရင်းအဖြစ် ကမ္ဘာက သတ်မှတ် ရေးထိုးလိုက်ခြင်းမှာ အဓိက အရေးပါတဲ့ အချက်ဖြစ်ခဲ့ပါတယ်။ အာနန္ဒာဘုရားကြီးဘေးမှာ လူတွေ မနေထိုင်ဘူး။ 
 
ဒါပေမယ့် အာနန္န္န္ဒာစေတီကြီးနဲ့ ဘယ်သူနဲ့မှအချိန်းအချက်မရှိဘူး စာချုပ်စာတမ်း မရှိဘူး၊ ကတိ ကဝတ် မရှိဘူး။ ဒါပေမယ့် ပြာသိုလပြည့်နေ့ရောက်တာနဲ့ အာနန္ဒာစေတီရင်ပြင် တော်ပေါ်မှာ လောင်း လှူဖွယိရာတွေက ပြည့်နှက်သွားတော့တာပဲ။ ဆရာတော် သံဃာတော်တွေကို မေးကြည့်တော့ ဘိတ်က၊
ထားဝယ်က၊ ပင်းတယက၊ ရွှေဘိုက နိုင်ငံ တစ်နံတစ်လျားက ကြွရောက်လာကြတာပဲ၊ ဘယ်လို အချိန်း အချက်လဲ ဆိုတော့ ဆရာသခင် အဆက်ဆက်တည်းက ပြာသိုလ် လပြည့်နေ့ဆို အာနန္ဒာကို ကြွခဲ့ကြလို့ပဲတဲ့။
 
ခင်ဗျားနဲ့ ကျွန်တော်နဲ့သာဆို အာနန္ဒာဘုရားပွဲကြီး လောင်းလှူ  မယ့်သူမရှိလို့ ပျက်ရော့မယ်။
ဒါပေမယ့် သန့်စင်ကြယ်ရွာက ဒေါ်ပိုတို့ မြေပဲတောင့်ခြင်းလေး ထဲမှာ ငါးထောင်တန်လေးညှပ်ထားတဲ့ ဝါးခြမ်းပြားလေးတွေ ထောင်ပြီး အာနန္ဒာရင်ပြင်တော်ပေါ်ကို ရောက်လာခဲ့ကြတာပဲ။ အဲဒါ နှလုံးသား ထဲကလာတဲ့ အတိုင်းပဲ။ အဲဒါ မြန်မာတွေရဲ့ ယဉ်ကျေးမှု ဖြစ်စဉ် တစ်ခုဖြစ်တယ်။ အဲဒါ ကမ္ဘာ့အမွေ အနှစ်စာရင်း ဝင်လို့ရပါတယ်တဲ့။ ကမ္ဘာလုံးဆိုင်ရာစံနှုန်းသတ်မှတ်ချက်က လူမျိုးတစ်မျိုး၊ နိုင်ငံ
တစ်နိုင်ငံက အယူဝါဒတစ်ခု၊ ဓလေ့ထုံးတမ်းစဉ်လာတစ်ခုကို ခေတ်အဆက်ဆက် စွဲကိုင်ကျင့် သုံးခဲ့တယ်၊ ယနေ့မျက်မှောက် အထိလည်း စွဲကိုင်ကျင့်သုံးနေဆဲပဲဖြစ်ပြီး ကမ္ဘာမှာ မြန်မာ၊ မြန်မာမှာမှ ဧရာတီ ညောင်ဦးကမ်းပါးပေါ်က ၁၁ရာစု အာနန္ဒာ စေတီတော်ကြီးဘေး ရင်ပြင်တော်ပေါ်မှာ ထွန်းကား နေတဲ့    သာသနာကို စောင့်ရှောက်မယ့် ဆရာသခင်ရဟန်းသံဃာတွေကို ဒကာတွေက ချီးပင့်လောင်း လှူကြတဲ့ ဓလေ့ဖြစ်တယ်။ အဲဒါ ကမ္ဘာ့အမွေအနှစ်ထိုက်ပါတယ်တဲ့။
 
ကြည့်.....
 
ဆုတ်ကိုင်လို့ရတဲ့ Tangible ဆိုတဲ့ အာနန္ဒာစေတီကြီးလည်း ရှိတယ်၊ အာနန္ဒာစေတီကြီး တည်ထား ကိုးကွယ် ပြီးကတည်းက ရင်ပြင်တော်ပေါ်မှာ ဆရာသခင်သံဃာတွေကို လောင်းလှူကြတဲ့ ဆုတ်ကိုင် လို့မရတဲ့ Intenqgible ဆိုတဲ့ ယဉ်ကျေးမှု ဓလေ့တစ်ခု ပေါ်ထွန်းခဲ့တယ်၊ ဒီနေ့ထိအာနန္ဒာစေတီကြီး တည်ရှိနေသလို ရင်ပြင်တော်ပေါ်က လောင်းလှူပွဲဓလေ့ကလည်း ဆက်လက် ထွန်းကား နေပါတယ်။ ကတိကဝတ်၊ စာချုပ်စာတမ်း၊ အချိန်းအချက် တစ်စုံတစ်ရာ မပါပဲ ပြာသိုလပြည့်နေ့တိုင်း ဖြစ်ပေါ် နေတယ်။
 
အဲဒါ ဗုဒ္ဓဘာသာ မြန်မာတွေရဲ့ သဒ္ဒါစိတ်တဲ့၊ ဗုဒ္ဒဘုရားပွင့်တဲ့ နီပေါနိုင်ငံမှာတောင် ဒီသဒ္ဒါစိတ် မထွန်း ကားခဲ့ ဘူးတဲ့၊ အဲဒီသဒ္ဒါစိတ်ဟာ ဒီညောင်ဦးကမ်းပါးကနေ တစ်နိုင်ငံ လုံးကို ပျံ့နှံ့ခဲ့တော့တာပဲတဲ့။
မြန်မာတစ်နိုင်ငံလုံးမှာ အဲဒီသဒ္ဒါစိတ် ဒီနေ့ထိ ပေါ်ထွန်းတည်မြဲ နေတာ အစစ်အမှန်ပဲ။ မြင်ရပြီ။
ဒီအာနန္ဒာဘုရားပွဲဟာ ထိန်းသိမ်းစောင့်ရှောက်သင့်တဲ့အရာလို့ နားလည်ကြရတော့မှာပါ။   ဒီယဉ်ကျေးမှု ဖြစ်စဉ်ကို ချိန်းခြောက်မှုက ဒီနှစ်မှာ တည့်တည့် တိုးပါပြီ။
 
ကူးစက်မြန်လို့ ဦးစွာအဓိပ္ပါယ်ဖွင့်ဆိုထားတဲ့ ရောဂါကပ်ဆိုးပါ။ ဒါကို ဉာဏ်ပညာနဲ့ ယှဉ်တွဲ ကာကွယ်ပြီး ၂၀၂၁ ပြာသိုလ် လပြည့်မှာ အာနန္ဒာ ရင်ပြင်တော်ပေါ်က ယဉ်ကျေးမှုဖြစ်စဉ်ကို ဆက်လက်စီးဆင်း စေလိုပါတယ်။ အနယ်နယ်အရပ်ရပ်က အာနန္ဒာပွဲကို ကြွရောက်နေကြဖြစ်တဲ့ သံဃာတော်တွေကို စီစစ်ပြီး ဆိုင်ရာနယ်တွေရဲ့အကူအညီနဲ့ ပင့်ဆောင်၊ လောင်းလှူနေကြ ဒေါ်ပိုများသာ လာရောက်စေပြီး
အာနန္ဒာဂေါပက က ရောဂါစည်းမျဉ်းသတ်မှတ်ချက်များကို လိုက်နာ ကြပ်မတ်ပြီး ဈေးဆိုင်ခန်းများ ပျော်ပွဲ ရွှင်ပွဲများကို ခွင့်မပြုပဲ ယဉ်ကျေးမှုဖြစ်စဉ်ရဲ့အနှစ်အသားအတိုင်းဆောင်ရွက် နိုင်မယ်ဆိုရင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနဲ့ အာနန္ဒာဂေါပကရဲ့ လုပ်ရပ်ဟာ အာနန္ဒာစေတီတော်ကြီးရဲ့
ပြာသိုလ်လပြည့်ပွဲနဲ့ မြန်မာတွေလျောက်လှမ်းခဲ့တဲ့ ယဉ်ကျေးမှု သမိုင်းမှာ အပြောင်မြောက်ဆုံး လုပ်ရပ် အဖြစ်အားလုံးက သာဓု ခေါ်ဆိုကြမှာပါလို့ တိုက်တွန်းရင်း .....

အာနန္ဒာစေတီတော်ကြီးအတွက် ကန်တော့ပန်း ဆင်မြန်းအပ်ပါတယ်။ ။
 
Credit

 

No comments