New Artical

နိုင်ငံရေးတင်းမာမှုတွေ ညှိနှိုင်းအဖြေရှာကြဖို့ သံဃမဟာနာယကအဖွဲ့ မေတ္တာရပ်ခံ

မှတ်တမ်းဓါတ်ပုံ- နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်စဉ် (၃၁-၁၀-၂၀၂၀) {ဓါတ်ပုံ-နိုင်ငံတော်သံဃမဟာနာယကအဖွဲ့}


မြန်မာနိုင်ငံအမြင့်ဆုံးသံဃာ့အဖွဲ့အစည်းကြီးက၊ ရွေးကောက်ပွဲ့အပြီးဖြစ်နေတဲ့ အခြေအနေတွေအပေါ်၊ ရဟန်းရှင်လူပြည်သူအပေါင်း စိုးရမ်ကြောင့်ကြ၊ နှလုံးစိတ်ဝမ်းမအေးဖြစ်နေရတယ်လို့၊ မနေ့က ထူးထူးခြားခြား မေတ္တာရပ်ခံချက်ထုတ်လိုက်ပါတယ်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ အပါအဝင် နိုင်ငံတဝှမ်းက ဆရာတော်ကြီးတွေက၊ အစိုးရ၊ တပ်မတော်နဲ့ ပါတီတွေအားလုံး ရွေးကောက်ပွဲအပြီး ငြင်းခုံမနေဘဲ၊ စေ့စပ်ဖြေရှင်းဖို့ မေတ္တာရပ်ခံလိုက်တာက၊ လက်ရှိနိုင်ငံရေးတင်းမာမူအပေါ် အထောက်အကူပြုနိုင်တယ်လို့၊ အာဏာရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရကဆိုပါတယ်။ ကိုဝင်းမင်းက မေးထားပါတယ်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ကြေညာချက်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ကြေညာချက်
ဒီဆရာတော်ကြီးတွေရဲ့ မေတ္တာရပ်ခံချက် ထွက်ပေါ်လာပုံကို သာသနာရေးနဲ့ယဉ်ကျေးမူဝန်ကြီးရုံး ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက -

“ဆရာတော်ကြီးတွေက နေ့ခင်း ၂ နာရီမှာ အွန်လိုင်းနဲ့ အစည်းအဝေးလုပ်ပြီးတော့ ဆရာတော်ကြီးတွေက သဘောတူပြီးတော့ မေတ္တာရပ်ခံချက်လေး ထုတ်လိုက်တာပါ။ ဆရာတော်ကြီးတွေရဲ့ မှာကြားချက်တွေကို အပြည့်အစုံဖော်ပြထားပါတယ်ခင်ဗျ။ ကျနော်တို့ သတင်းထုတ်ပြန်ထားပြီးဖြစ်ပါတယ်ခင်ဗျ။ ဒီနေ့သတင်းစာမှာလည်း ပါပါမယ်ခင်ဗျ။ ည ၈ နာရီ သတင်းမှာလည်း ပါသွားပါပြီခင်ဗျ။”

ဒီထုတ်ပြန်ချက်ကို NLD ပြောခွင့်ရ ဒေါက်တာ မျိုးညွှန့်ကလည်း -

“ဒါကောင်းတဲ့လက္ခဏာပါပဲ ကျနော်တို့ကတော့ ညှိနှိုင်းဆွေးနွေးခြင်းက အကောင်းဆုံးပဲ ။ တည်ဆဲဥပဒေ၊ နည်းဥပဒေတွေကို ဒီအတိုင်းသွားမယ်လို့ပြောတယ်။ တဖက်ကတော့ ဥပဒေကို မလိုက်လာနိုင်ရင် ဖျက်ပစ်မယ်လို့ပြောတယ်ဆိုတော့ ဆရာတော်ကြီးတွေရဲ့ အဆုံးအမဟာ အင်မတန်ကို ထိရောက်တယ်လို့ ပြောချင်ပါတယ်။”

အဲဒီတော့ လက်ရှိတပ်မတော်နဲ့ အစိုးရ ၂ ဖက် တင်းမာနေချိန်မှာ ဒီအစိုးရက ခန့်ထားတဲ့ အမြင့်ဆုံး သံဃာ့အဖွဲ့အစည်းရဲ့ မေတ္တာရပ်ခံချက်က ၂ ဖက်လုံးကို သက်ရောက်မှု ရှိနိုင်ပါသလားလို့ မေးရာမှာ ဒေါက်တာ မျိုးညွှန့်က -

“ဒါက သက်ရောက်မှုရှိပါတယ်။ အထူးသဖြင့် ကျနော်တို့ သံဃာတော်ကြီးတွေက ဖြစ်နိုင်ရင် နိုင်ငံရေးမှာ မပါပဲ ရှောင်တတ်တဲ့ သဘောရှိတယ်လေ။ လောကီရေးတွေဖြစ်တယ်ဆိုပြီးတော့ အခုက ဆရာတော်ကြီးတွေ အင်မတန်ကို စိတ်ပူလို့ အခုလို စာထုတ်တယ်လို့ ထင်ပါတယ်။ ၂ ဖက်ခေါင်းဆောင်တွေ စေ့စပ်ညှိနှိုင်းပြီး အဖြေရှာဖို့အတွက် စဉ်းစားလာကြမယ်လို့ လုပ်ဆောင်လာကြမယ်လို့ မျှော်လင့်ပါတယ်။”

ဒီနေရာမှာ ဆရာတော်ကြီးတွေရဲ့ မေတ္တာရပ်ခံချက်ထဲမှာပဲ ထိပ်ဆုံးကနေ ကိုဗစ်ဒဏ် ပြည်သူတွေ ခါးစည်းခံနေရတာကို အလေးပေး ပြောခဲ့တဲ့အပေါ် ဒေါက်တာ မျိုးညွှန့်ကဆက်ပြီး -

“ပြည်သူတွေက ကိုဗစ်-၁၉ ကို နှစ်လုံးပေါက်အောင် ခါးစည်းခံခဲ့ရတာပါ။ အဲဒီတော့ နိုင်ငံရေးအရလည်း မျှော်လင့်ချက်အသစ်တွေရမယ် ကိုဗစ်အလွန်ကာလမှာလည်း စီးပွားရေးမှာ ပြန်လည်နလံထူလာနိုင်မယ်ဆိုတာလည်း မျှော်လင့်ချက်မှာ အခုလို နိုင်ငံရေးအရ တင်းမာမှုတွေပေါ်လာတဲ့အခါမှာ ပြည်သူတွေအတွက် အင်မတန်ကို စိတ်သောက ရောက်ရတယ်ဆိုတာလည်း အင်မတန်ပဲ မှန်ပါတယ်ခင်ဗျ ။

”အဲဒီတော့ ၂ ဖက်တွေ့ဆုံ ညှိနှိုင်းလာခဲ့ရင် ဘယ်လိုမျှော်လင့်ချက်တွေ စိုးရိမ်မှုတွေရှိပါသလဲလို့ မေးရာမှာ ဒေါက်တာ မျိုးညွှန့်က -

“တဖက်မှာတော့ ရှိတာပေါ့ တောင်းဆိုချက်တွေ ဥပဒေထက် လွန်ဆန်တဲ့ တောင်းဆိုချက်မျိုးဖြစ်မှာတော့ ကျနော်စိုးရိမ်တယ် ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ထားတယ်လေ။ ဒီမဲဆန္ဒရှင်များရဲ့ သဘောဆန္ဒကို အပေးအယူ စေ့စပ်ညှိနှိုင်းလို့မရဘူး။ အပေးအယူလုပ်လို့ရတဲ့ နေရာတိုင်းမှာတော့ ညှိနှိုင်းဆွေးနွေးဖို့ အဆင်သင့်ရှိပါတယ်။”

ဒီနေရာမှာ အခု အဓိက တပ်မတော်ဘက်က တောင်းဆိုထားတဲ့ မဲစာရင်းမှားယွင်းနေမှုအပေါ် UEC ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်စာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးဖို့အတွက်ရော ဖြစ်နိုင်ပါသလားလို့မေးရာမှာ ဒေါက်တာ မျိုးညွှန့်က -

“ဒါကတော့ ပြေလည်နိုင်ပါတယ်။ ဘာလို့ဆိုတော့ တပ်မတော်ရဲ့ စွပ်စွဲချက်တွေကိုကလည်း ခိုင်လုံတဲ့ တိတိကျကျ အချက်အလက်တွေမပါဘူးလို့ ကျနော်တို့မြင်တယ်ခင်ဗျ။ ခေါင်းစဉ်ကိုက မဲမသမာမူပြနိုင်သော ဆိုတာက ဒီ Possibility (ဖြစ်နိုင်ခြေ) နဲ့ စွပ်စွဲထားတာ ။ တကယ်ဖြစ်ခဲ့လားလို့ သတင်းထောက်တွေက မေးတယ်။ မြေပြင်မှာရော ဒီအတိုင်းပဲလားဆိုရင် သူတို့ အာမမခံနိုင်ဘူးလေ။”

ဒီအပေါ် အသေးစိတ်ဖြစ်သင့်ပုံကို ဆက်မေးရာမှာ ဒေါက်တာမျိုးညွှန့်ကဆက်ပြီး -

“ဥပမာဆိုရင်တော့ UEC က နောက်ဆုံးထုတ်ပြန်ချက်မှာ တပ်မတော်က အသုံးပြုတဲ့ မဲစာရင်းတွေက နောက်ဆုံးစာရင်းမဟုတ်ဘူးဆိုတော့ ၊ တပ်မတော်က နောက်ဆုံးစာရင်း မဲဆန္ဒနယ် ၄၀ ဆိုပြီးတော့နောက်ဆုံးစာရင်းထုတ်လိုက်တယ်။ အဲဒီတော့ အနည်းဆုံး အဲဒီနောက်ဆုံးစာရင်း မဲဆန္ဒနယ် ၄၀ ကိုတော့ သူ (UEC) ပြန်ရှင်းသင့်တယ်လို့ ထင်တယ်လေ။ သို့သော် ရှင်းသင့်တယ်လို့ တိုက်ရိုက်ပြောလိုက်ရင် ကျနော်တို့က ပါတီရဲ့ Voice (အသံ) ဖြစ်သွားမယ်။ ကျနော်တို့က ဒါမျိုးက CEC meeting (အစည်းအဝေး) ပြီးမှ ထုတ်လို့တာ ။ အဲဒီတော့ Spokesperson (ပြောခွင့်ရ) တဦးတည်းအနေနဲ့ ကျတော့ ဒီလိုဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ လက်ခံနိုင်ပါတယ်လောက်ပဲ Hint (အကြံပြုသဘော) ပဲပေးထားတယ်။”

တကယ်တော့ အခုတပ်မတော်ဘက်က မဲစာရင်းမှားယွင်းမှု ဖြေရှင်းရေးပြဿနာက လာမယ့် တနင်္လာ လွှတ်တော်သစ်ခေါ်ခါနီးမှာ ပိုပြင်းထန်လာပြီး အာဏာမသိမ်းဘူးလို့ တပ်မတော်ဘက်က မပြောနိုင်ကြောင်းနဲ့ ဖွဲ့စည်းပုံပါ ဖျက်နိုင်ကြောင်း ပြောလာတဲ့အချိန်မှာ၊ ပြည်တွင်းရွေးကောက်ပွဲ လေ့လာရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအပါအဝင် နိုင်ငံတကာဘက်ကလည်း စိုးရိမ်တကြီး ကြေညာချက်တွေထုတ်ပြန်ခဲ့ပါတယ်။

Ref : VOA 


No comments