New Artical

မင်းလေးဆက်တိုင် သာသနာပြုစု ပျိုးထောင်ခဲ့သူ

 

မင်းလေးဆက်တိုင် သာသနာပြုစု ပျိုးထောင်ခဲ့သူ မြန်မာနိုင်ငံထေရဝါဒဗုဒ္ဓ သာသနာတော်အစ "ရှင်အရဟံ" က
ရှင်အရဟံဟုဆိုလျှင် မြန်မာနိုင်ငံ သာသနာရေးတွင် အရေးပါသည့် ပုဂ္ဂိုလ်အဖြစ် သိကြပေမည်။ ပုဂံတွင်အရည်းကြီးတို့ ကြီးစိုးနေသည့်အတွက် အတုအယောင် ဘာသာရေးကို စစ်မှန်သည့် ထေရဝါဒ ဗုဒ္ဓသာသနာဖြင့်ပုဂံပြည်သူတို့ကို လမ်းမှန်ရောက်စေခဲ့သူလည်းဖြစ်သည်။ အရည်းကြီးတို့၏ မှားယွင်းသည့် လုပ်နည်းကိုင်နည်းများကို အဆုံးသတ်စေလိုသော အနော်ရထာနှင့် အောက်မြန်မာနိုင်ငံ မွန်ဒေသတွင် ကာလကြာရှည်ကတည်းက ပွင့်လင်းနေခဲ့ ဗုဒ္ဓဘာသာကို အထက် ပုဂံသို့ ပြန့်ပွားစေရန် သာသနာပြုလာသည့် ရှင်အရဟံ တို့ဆုံစည်းပြီးနောက် မြန်မာ့ကိုးကွယ်ယုံကြည်မှု သမိုင်းတွင် ကြီးမားသည့် အပြောင်းအလဲတစ်ရပ်ကိုဖြစ်စေခဲ့သည်။ မည်သည့် ကာလနေ့ရက်က မွေးဖွားခဲ့သည်ဟုမသိရသော်လည်း မွန်လူမျိုး ရှင်အရဟံသည် သာသနာပြုရန် ရည်မှန်းချက်ဖြင့် မိမိမွေးရပ်ဒေသမှ ဝေးကွာလှသည့် ပုဂံသို့ ကြွရောက်လာပြီး နောက်ဆုံး ပုဂံပြည်၌ပင်နေထိုင် ပျံလွန်တော်မူသွားခဲ့သည်။
အရိမဒ္ဒနပူရ ပုဂံပြည်ကြီး၌ သာသနာတော် နေဝန်းကို စတင်ထွန်းလင်း တောက်ပစေတော်မူခဲ့သော "ဓမ္မဒဿီ"ဘွဲ့ခံ ရှင်အရဟံမထေရ်မြတ်၏ ရာဇဝင်လာအကြောင်းကား_သုနာပရန္ထတိုင်း၊ တမ္ပဒီပတိုင်းတို့တွင် သာသနာတော် မထွန်းလင်းသေးချေ။ ဘုရားဗျာဒိတ်ထားတော်မူခဲ့သည့်အတိုင်း ထွန်းလင်းစေအံ့ဟု ရဟန္တာအရှင်မြတ်တို့ ကြံကြပြီးလျှင် သိကြားမင်းထံသွား၍ သာသနာပြုနိုင် မည့်သူကို ညီညာတောင်းပန်ပါ ဆိုကုန်၏။ သိကြားမင်းလည်း တာဝတိံသာ၌ ရှိနေသော နတ်သားတစ်ယောက်ကို တောင်းပန်၍ ပုဏ္ဏမဝမ်း၌ သန္ဓေနေလာစေ၏။ နေ့လစေ့၍ ဖွားသည်ရှိသော် သီလဗုဒ္ဓိ အမည်ရှိသော ရဟန္တာမြတ်သည် စောင့်ကြပ်မစ၍ အရွယ်ရောက်လျှင် ရဟန်းပြု၏။ ပိဋကတ်ကျမ်းဂန် တတ်မြောက်၍ ရဟန္တာအဖြစ်သို့ရောက်လျှင် "အရဟံ" ဟူသော ဘွဲ့အမည်ဖြင့် ဇမ္ဗူဒိပ်မြေပြင်အလုံး ကျော်စော ထင်ရှားလေ၏။
ထိုရဟန်းသည် သုနာပရန္တတိုင်း၊ တမ္ပဒီပတိုင်း၌သာ သာသနာတော် မတည်ချေသေးဟူ၍ အနော်ရထာမင်းစော လက်ထက် သထုံပြည်မှ ပုဂါရာမသို့ ကြွတော်မူလာ၍ ပြည်နှင့် မနီးမဝေးသော တောအုပ်တစ်ခု၌ နေတော်မူ၏။ သိကြားမင်းသည် မုဆိုးတစ်ယောက်ကို လှည့်ပတ်၍ ရှင်အရဟံကို မြင်စေသော် နှစ်သက်ကြည်ညိုဖွယ်သော ဣန္ဒြေရှိသည်ဖြစ်၍ ဤလူကား လူထူးလူမြတ် ဖြစ်ရာသည်။ ပြည်သို့ဆောင်၍ မင်းအားဆက်မည်ဟု ဆောင်လေ၏။ ရှင်အရဟံလည်း ပရိက္ခရာရှစ်ပါးကို ယူလျက်လိုက်တော်မူ၏။ မုဆိုးလည်း တောအုပ်တစ်ခု၌ ဤသူကိုတွေ့၍ ဆောင်ခဲ့သည်ဟု လျှောက်လျှင် မြတ်သောဣန္ဒြေနှင့် ပြည်စုံသောအဖြစ်ကို အနော်ရထာမင်းစောမြင်၍ ဤသူကား သူယုတ်မဟုတ်၊ မြတ်သောသူတည်း။ ဤသူကိုယ်တွင်း၌ မြတ်သော တရားရှိသည်ဖြစ်ရာဟူ၍ ကြံစည် ဆင်ခြင်တော်မူ၏။ သဘောကို စုံစမ်းလိုသဖြင့် လျောက်ပတ်သောနေရာ၌ နေတော်မူဟုဆိုသော် အရှင်အရဟံသည် ရာဇပလ္လင်သို့တက်၍ နေတော်မူ၏။ မင်းကြီးလည်း ဤသူကား နေရာကြီးကျယ်သည်၊ မြတ်သောမူမှန်ပြီဟု ဆင်ခြင်စဉ်းစားပြီးလျှင် ဤသို့ မေးတော်မူ၏။
“ငါ့ရှင်ကား အဘယ်သူ၏ အမျိုးအနွယ် ဖြစ်တော်မူ သနည်း၊ အဘယ်အရပ်မှ ကြွလာတော်မူသနည်း၊ အဘယ်သူ၏ အဆုံးအမကို ခံတော်မူသနည်း”ဟု မေးတော်မူသော် အရှင်အရဟံလည်း “ငါ၏ အမျိုးအနွယ်သည်ကား ဂုဏ်တော်ကိုးပါး၊ ဘုန်းတော်ခြောက်ပါး၊ အစိန္တေယျလေးပါးနှင့် ပြည့်စုံတော်မူသော သမ္မာသမ္ဗုဒ္ဓ ဘုရားအမျိုးအနွယ်တည်း။ သမ္မာသမ္ဗုဒ္ဓ အမည်တော်ရှိသော ဘုရားသခင်သည် ဟောကြားတော်မူအပ်သော နူးညံ့သိမ်မွေ့ ခက်ခဲနက်နဲလှသော အာဏာ ဒေသနာတော်မှလာသော အဆုံးအမကိုခံသည်။ ငါ၏ ဆရာ ဥပဇ္ဈာယ် အပေါင်းအဖော် သံဃာရှိရာ နေရာအရပ်မှ လာခဲ့သည်”ဟူ၍ မိန့်တော်မူ၏။
မင်းကြီးလည်း အားရနှစ်သက် ဝမ်းမြောက်ဝမ်းသာရှိ၍ ငါ့ရှင်ဆရာ ဘုရားသခင် ဟောကြားတော်မူအပ်သော တရားတော်ကို တစ်စိတ်တစ်ဒေသမျှ ငါ့အား ဟောကြားတော်မူပါဟု တောင်းပန်လေလျှင် သီရိဓမ္မသောက မင်းကြီးအား  ရှေးသာမဏေ ဟောတော်မူခဲ့သော အပ္ပမာဒအစရှိသော တရားတို့ကို ဟောတော်မူသည်။ တရားဟောတော်မူသောအဆုံး၌ မင်းကြီးသည် ဤသို့ လျှောက်ပြန်၏။ ငါ့ရှင် သမ္မာသမ္ဗုဒ္ဓ ဘုရားကား ယခု အဘယ်အရပ်မှာ ရှိတော်မူသနည်း။ ဘုရားသခင် ဟောတော်မူအပ်သော တရားတော်ကား အဘယ် အရေအတွက် ရှိပါသနည်း။ ဘုရားသခင် တပည့်သားတော်ကား ငါ့ရှင်မှ တစ်ပါး အခြားရှိသေးသလော၊ မရှိလောဟုလျှောက်သော် သမ္မာသမ္ဗုဒ္ဓဘုရား နိဗ္ဗာန်လားတော်မူကြောင်းကိုလည်းကောင်း၊ ဓာတ်တော် မွေတော်သာ ယခုရှိကြောင်းကိုလည်းကောင်း၊ တရားတော်သည် ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် အရေအတွက်ရှိကြောင်းကိုလည်းကောင်း သထုံပြည်ဝယ် ပိဋကတ် သုံးပုံ အစုံသုံးဆယ်ရှိကြောင်းကို လည်းကောင်း၊ မိမိမှတစ်ပါး ပရမတ္ထသံဃာ၊ သမုတိသံဃာ များစွာရှိကိုလည်းကောင်း မိန့်တော်မူ၏။
ထိုစကားကို အနော်ရထာမင်းစော ကြားတော်မူသော် အတိုင်းအထက်အလွန် သဒ္ဓါခြင်း ပြင်းစွာဖြစ်၍ ဤသို့လျှောက်ပြန်၏။ ကျွန်ုပ်အား ယခုမျက်မှောက်၌ ရှင်မှတစ်ပါး အခြားကိုးကွယ်ရာမရှိ။ ယနေ့မှစ၍ ကျွန်ုပ်၏အသက်ကို အရှင်အား အပ်နှင်းတော့သည်။ အရှင်အဆုံးအမကိုလည်း အကျွန်ုပ်ခံတော့သည်ဟူ၍ လျှောက်ပြီးလျှင် သာယာလှစွာသော ကျောင်းဆောက်လုပ် လှူဒါန်း၏။ အရည်းကြီးတို့ အယူကိုလည်း ပယ်တော်မူ၏။ အရည်းကြီးတို့သည် လာဘ်သပ်ပကာမှ လျော့ကုန်သည်ဖြစ်၍ ရှင်အရဟံကို ရန်ငြိုးကြီးစွာ ထားကြကုန်၏။ မင်းကြီးလည်း ထိုအကြောင်းကို ဆင်ခြင်မိ၍ စိုးရိမ်တော်မူသဖြင့် အရည်းကြီးတို့ကို နိုင်လောက်အောင် အစောင့်အနေခန့်ထားစောင့်စေရ၏။ အရည်ကြီးသုံးကျိပ်နှင့်တကွ တပည့်လက်သား ခြောက်သောင်းတို့ကိုလည်း လူဝတ်လဲစေ၍ အဲမောင်းကိုင်၊ လှံကိုင်၊ ဆင်ချေးကျုံး၊ မြင်းချေးကျုံး ထည့်တော်မူလေ၏။
ရှင်အရဟံလည်း သာသနာတော်၌ ကြည်ညိုကုန်သော သူတို့ကို ရဟန်းပဥ္စင်းပြုတော်မူ၍ သာသနာတော်မြတ် သန့်ရှင်းထွန်းလင်းစေ၏။ ရှင်အရဟံ၏ မိန့်တော်မူချက်အတိုင်း အနော်ရထာမင်းစောသည် သထုံမှ ပိဋကတ်တော်များကို ယူဆောင်ပြီးလျှင် သာသနာပြုတော်မူသည်။ ထိုအချိန်မှစ၍ ပုဂံ ပြည်၏ ဗုဒ္ဓသာသနာတော်သည် အလွန် ထွန်းလင်း တောက်ပလာလေသည်။
အလောင်းစည်သူမင်းကြီး နန်းစံသက် နှစ်နှစ်မြောက်၊ ကောဇာ (၄၅၅၃)၊ သာသနာ (၁၆၃၇) ခုတွင် ပရိနိဗ္ဗာန်ပြုသည်။ အရှင်မြတ်၏ အန္တိမဈာပနကို တုရင်တောင်ခြေ တောင်ပရွာ အနောက်မြောက်ဘက်တွင် ပြုလုပ်ခဲ့သည်။ ထို့နောက် ဓာတ်တော်မွေတော်တို့အား ဌာပနာတည်ထား၍ ထီးတန်ဆောင် စေတီဟု တည်ထားတော်မူသည်။ ရှင်အရဟံသည် သက်တော် (၈၁)နှစ်အထိ အနော်ရထာမင်း၊ စောလူး၊ ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်းနန်းစံ နှစ်တိုင်အောင် ထင်ရှားသော မင်းလေးဆက်တို့ လက်ထက်ဝယ် သာသနာပြုစု ပျိုးထောင်ခဲ့လေသည်။
မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာတော် စတင်ထွန်းကားရာ အချိန်သည် အေဒီ (၁) ရာစုမှ အေဒီ (၁၀) ရာစုတိုင် ထွန်းကားခဲ့သည်။ ထိုအချိန်သည် ရာမည ခေတ် အချိန်ဖြစ်ကြောင်း သမိုင်းများအရ သိရသည်။ ရာမညတိုင်း တစ်ခုလုံးရှိ တန်ခိုးကြီး စေတီများနှင့် မြို့ဟောင်းများတွင် ဗုဒ္ဓသာသာနိက အဆောက်အအုံလက်ရာများကို ယနေ့တိုင် တွေ့နိုင်သည်။
ပုဂံခေတ် သေလည်ကြောင်မင်း လက်ထက်မှ အနော်ရထာမင်း မတိုင်မီ ကာလအထိ မင်းအဆက်ဆက်နှင့် ရဟန်း သံဃာတော် အဆင့်ဆင့်တို့ ခေတ်ကာလ အဆက်ဆက် ဖြတ်သန်း ဆင်းသက်လာရာမှ အကြောင်း အမျိုးမျိုးကြောင့် သာသနာတော်၌ ဒေသနာကျင့်ဝတ်များအတိုင်း မလိုက်နာ နိုင်ကြဘဲ ချွတ်ယွင်းအားနည်း၍ လာခဲ့သည်။
ပုဂံမင်း (၁၂) ဆက်မြောက်၊ သိုက်တိုင်မင်း (အေဒီ ၅၁၆_၅၂၃) လက်ထက်မှစ၍ ရဟန်းကောင်း၊ ရဟန်းမြတ်တို့၏ အကျင့်သီလများ ဆိတ်သုဉ်းကွယ်ပျောက်လုနီး ဖြစ်ခဲ့သည်။ သာသနာတော်၏အသက် ပိဋကတ်တော် (ပရိယတ္တိစာပေ) လည်း မရှိသေး၍ သမထီး ခေါ် အရည်းကြီးတို့၏ အယူဝါဒများ လွန်စွာ ထွန်းကားလာသည်။
ပုဂံမင်းဆက် (၂၀) မြောက်၊ ပုပ္ပါးစောရဟန်းမင်း (အေဒီ ၆၁၃_၆၄၀) လက်ထက်တွင် မင်းနှင့်ပြည်သူအားလုံး အရည်းကြီးတို့၏ အယူဝါဒကို လိုက်နာကြတော့သည်။ အရည်းကြီးတို့သည် (ထေရဝါဒ) ရဟန်းများကဲ့သို့ အဝါရောင် သင်္ကန်း (ဝိနည်းနှင့်အညီ သင်္ကန်း)များကို ဝတ်ရုံခြင်း မရှိဘဲ၊ အပြာ၊ အနက်၊ အမည်း၊ အညိုရောင် စသည့် (သင်္ကန်း မမည်သည့်) အဝတ်များကို ဝတ်ရုံကြသည်။ ဦးခေါင်းကို (ဗုဒ္ဓအလိုကျ) ဦးပြည်းရိတ်ခြင်း မပြုဘဲ ဆံပင်ကို လက်လေးသစ်၊ လက်တဝါးအထိ ထား၍ ဦးထုပ်များကိုလည်း ဆောင်းကြသည်။ ထိုအခြင်းကို အစွဲပြုရည်သန်၍ စလေဦးပုညက (ရှေးအတီတေ၊ ပုဂံပြည်တွင်၊ ဆံကေသာ လက်လေးသစ်၊ မုတ်ဆိတ်မွေး ဗရပျစ်၊ မဲညစ်သည့် စီဝရံနှင့်၊ တာတေလံ အကျင့်ဆိုးသော၊ ရှင်သိုးတကာ့ ခေါင်ကြီး၊ ရှင်မထီး) ဟူ၍ စပ်ဆိုခဲ့ပါသည်။
သူတို့သည် ဆင်စီး၊ မြင်းစီး၍ လက်ဝှေ့လည်း သတ်ကြသည်။ နွားများကို မွေးမြူ၍လည်း ရောင်းစားကြသည်။ ထိုအရည်းကြီး တို့သည် ခြောက်ကျိပ် ရှိကြောင်းနှင့် တပည့် ခြောက်သောင်း ရှိကြောင်းကိုလည်း မှတ်တမ်းများက ဆိုသည်။ သူတို့၏ အယူဝါဒမှာ ဗုဒ္ဓမြတ်စွာ၏ ဒေသနာနှင့် ဆန့်ကျင်ဘက် မိမိ သဘောအတိုင်း ကျမ်းဂန်များကို ရေး၍ လူအများကို လှည့်ဖြား သွေးဆောင်ခြင်း ဖြစ်သည်။
အရည်းကြီးတို့၏ ရွံရှာစက်ဆုပ်ဖွယ်အကောင်းဆုံး အဓမ္မဝါဒမှာမင်း၊ မှူးမတ်၊ ကလန်၊ သံပျင်၊ သူဌေးသူကြွယ်၊ ပြည်သူတို့၏ သားသမီးများကို ထိမ်းမြားမင်္ဂလာ ပြုသောအခါ၌ “ပန်းဦး” လွှတ်သော အယုတ်တရားများ ဖြစ်သည်။
Wai Linn (#ရွှေလက်SL)
မူရင်း၊ ကိုးကား_
ရှင်အရဟံ မထေရ်မြတ်၏ အတ္ထုပ္ပတ္တိနှင့် ရှင်အရဟံ အုတ်ကျောင်း ပြုပြင်တည်ဆောက်မှု မှတ်တမ်း၊ ယဉ်ကျေးမှု ဝန်ကြီးဌာန။
မွန်သမိုင်း



No comments