New Artical

ကိုရိုနာဗိုင်းရပ်စ် မူလအစ ဝူဟန်မြို့ကို စုံစမ်းရေးအဖွဲ့ စတင်လေ့လာ

 

ဝူဟန်ကို ရောက်ရှိနေတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့

ကိုရိုနာဗိုင်းရပ်စ် မူလရင်းမြစ်ကို ရှာဖွေဖို့အတွက် တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ဦးဆောင်တဲ့ ပညာရှင်အဖွဲ့ဟာ တရုတ် သိပ္ပံပညာရှင်တွေနဲ့ ဇန်နဝါရီ ၂၉ ရက်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ပညာရှင်အဖွဲ့ဟာ ၂ ပတ်ကြာ Quarantine ဝင်ရောက်ပြီးနောက် စုံစမ်းရေး အစီအစဉ်တွေအရ ဓာတ်ခွဲခန်းနဲ့ ပင်လယ်စာဈေး၊ ဆေးရုံးတွေကိုပါ သွားရောက် လေ့လာမှာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၃ ရက်ကနေ ဇန်နဝါရီ ၂၇ ရက်ထိ ၁၄ ရက် Quarantine ဝင်ခဲ့ကြပြီးနောက် ကိုရိုနာဗိုင်းရပ်စ် အစပြုရာ တရုတ်အလယ်ပိုင်းမြို့တော်ဆီ ပြောင်းရွှေ့လာကြပါပြီ။

“လုပ်ဖော်ကိုင်ဖက်တွေနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးခဲ့ကြပါတယ်။ သွားလေ့လာမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်တယ်” လို့ နယ်သာလန်နိုင်ငံ၊ Erasmus ဆေးတက္ကသိုလ်မှ ရောဂါဗေဒပညာရှင် Marion Koopmans က Twitter မှာ ရေးသားထားပါတယ်။

WHO ဦးဆောင်တဲ့ ပညာရှင်အဖွဲ့ဟာ တရုတ်နိုင်ငံမှာ နောက်ထပ် ၂ ပတ်ကြာ နေထိုင်သွားမှာဖြစ်ပါတယ်။ အဆိုပါ ၂ ပတ်အတွင်း ၂၀၁၉ ခုနှစ်အကုန်ပိုင်းမှာ ကူးစက်ပျံ့နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ် အစပြုရာ Huanan ပင်လယ်စာဈေးကို သွားရောက်ကြမှာပါ။ ဒါ့အပြင် တရုတ်ဘက်က ငြင်းဆိုထားတဲ့ ဝူဟန်မြို့က အစိုးရ ဓာတ်ခွဲခန်းကနေ ဗိုင်းရပ်စ် လွတ်ထွက်လာရာက ကူးစက်မှုတွေ စတင်ခဲ့တယ်ဆိုတဲ့ တရုတ်ရောဂါဗေဒ အင်စတီကျူဆီလည်း သွားရောက်ကြမှာ ဖြစ်ပါတယ်။

WHO ဘက်ကတော့ ဒီလအစောပိုင်းထဲက အဖြေပေးနိုင်ဖို့ အာမ,မခံတဲ့အကြောင်း အရေးပေါ်ဌာနအကြီးအကဲ Mike Ryan က ပြောခဲ့ဖူးပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေးတင်းမာမှုတွေကြောင့် ဗိုင်းရပ်စ် အစပြုရာ တရုတ်နိုင်ငံထဲကို ဝင်ရောက်ဖို့ ကြန့်ကြာနေခဲ့တာပါ။

“သက်ဆိုင်ရာ မူလအချက်အလက်တွေကို ရာနှုန်းပြည့် ခြေရာခံနိုင်မှပဲ အခုတာဝန်က အောင်မြင်အောင် ဆောင်ရွက်နိုင်မှာပါ” လို့ ဒိန်းမတ်နိုင်ငံသား ပညာရှင်အဖွဲ့ဝင် Thea Fischer က ဆိုပါတယ်။ “ကျမတို့တွေ ဘယ်လောက် ကျွမ်းကျင်နေပါစေ၊ ဘယ်လောက်ပဲ ကြိုးစားအားထုတ်ထုတ် တရုတ်ဘက်က ဝိုင်းဝန်း ကူညီပေးနိုင်မှကို လုပ်နိုင်မှာပါ” လို့ သူက ဆိုပါတယ်။

“တရုတ်နိုင်ငံမှာ အစပိုင်း ကူးစက်မှုတွေ ဖြစ်တုန်းက ဝူဟန်ကနေ စခဲ့လို့ ဝူဟန်ဗိုင်းရပ်စ်လို့ သုံးနှုန်းခေါ်ဆိုနေကြတာဟာ အရှက်ရစရာ ဖြစ်ခဲ့တယ်။ တကယ်လို့ မူလအစကိုသာ ရှင်းရှင်းလင်းလင်း ဖော်ထုတ်နိုင်မယ်ဆိုရင် တရုတ်နဲ့ ဝူဟန် နာမည်ဆိုးကို ချေဖျက်နိုင်လိမ့်မယ်” လို့ အသက် ၃၀ အရွယ် ဝူဟန်မြို့ခံ Yang Yu က ဆိုပါတယ်။

မနှစ်က COVID-19 ကြောင့် သေဆုံးသွားရတဲ့ ဝူဟန်မြို့ခံတွေရဲ့ မိသားစုဝင် ဆွေးမျိုးတွေက WHO ဦးဆောင်တဲ့ ပညာရှင်အဖွဲ့နဲ့ တွေ့ဆုံဖို့ ခွင့်တောင်းခဲ့ပေမယ့် အာဏာပိုင်တွေဘက်က ခွင့်မပြုခဲ့သလို၊ သတင်းအမှန် မထွက်ပေါ်အောင် မိသားစုဝင်တွေကို နှုတ်ဆိတ်နေဖို့ ဖိအားပေးနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Ref: Reuters / irrawaddy

No comments