New Artical

ACID အဖွဲ့ရဲ့ “Beyond Y2K” ဖျော်ဖြေပွဲ မကြာခင် ပြုလုပ်မည်

 

ACID အဖွဲ့ရဲ့ “Beyond Y2K” ဖျော်ဖြေပွဲ

မြန်မာနိုင်ငံရဲ့ Hip Hop Old Skool တွေလို့ ပြောလို့ရတဲ့ ACID အဖွဲ့ရဲ့ “Beyond Y2K” အွန်လိုင်း ဖျော်ဖြေပွဲကို လာမယ့် ဖေဖော်ဝါရီလအတွင်း ကျင်းပသွားမယ်လို့ သိရပါတယ်။

ACID အဖွဲ့ရဲ့ နှစ် ၂၀ ကျော်အကြာ ပထမဆုံး အတူတကွ ဖျော်ဖြေ တင်ဆက်မယ့် ဒီဖျော်ဖြေပွဲမှာ တေးသီချင်း ၁၈ ပုဒ်နဲ့အတူ ၂ နာရီခန့် ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

“ကိုယ်တိုင်ကိုယ်ကျ အပြင်မှာ ပရိသတ်တွေကို မဖျော်ဖြေနိုင်ပေမယ့် အခုလို အွန်လိုင်းကနေတဆင့် ပြန်လည် ဖျော်ဖြေ တင်ဆက်ရတော့မှာဆိုတော့ ကျနော်တို့ တဖွဲ့လုံး ရင်ခုန် စိတ်လှုပ်ရှားနေကြပါတယ်”လို့ ACID အဖွဲ့မှ အဆိုတော် ရန်ရန်ချမ်းက ပြောပါတယ်။

ACID အဖွဲ့ (ဓာတ်ပုံ – ACID’s Facebook Page)

“အနှစ် ၂၀ အတွင်းမှာ ACID အဖွဲ့သားအားလုံး အတူတကွ တခါပြန်ပြီး ပရိသတ်တွေနဲ့ ရင်ဘတ်ချင်း နီးသထက် ပိုနီးအောင် ပံ့ပိုးပေးတဲ့ တယ်လီနောနဲ့ Channel K ကို ကျေးဇူးတင်ပါတယ်။ ချစ်တဲ့ပရိသတ်ကြီး အားလုံး အခုလာမယ့် ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ညနေမှာ ကျနော်တို့နဲ့အတူ ခေတ်ဦး ဟစ်ဟော့ ကာလကို အတူတူ ပြန်သွားကြည့်ကြရအောင်”လို့ ရန်ရန်ချမ်းက ပြောပါတယ်။

ဒီပွဲမှာတော့ ACID အဖွဲ့ဝင်များဖြစ်ကြတဲ့ အဆိုတော် အနဂ္ဂ၊ ဟိန်းဇော်နဲ့ ရန်ရန်ချမ်းတို့ ၃ ဦးစလုံး ပါဝင် ဖျော်ဖြေကြမှာဖြစ်ပြီး ပွဲအတွက်လည်း ရင်ခုန် စိတ်လှုပ်ရှားလျက် ရှိပါတယ်။

“ကျနော်တို့ ACID အဖွဲ့ရဲ့ ACID “Beyond Y2K” Digital Live ဖျော်ဖြေပွဲကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ကျင်းပသွားမှာပါ။ မတွေ့တာကြာပြီမို့ ပရိသတ်တွေနဲ့ ဆုံချင်ပါတယ်”လို့ ဟိန်းဇော်က ပြောထားပါတယ်။

ACID အဖွဲ့ရဲ့ “Beyond Y2K” ဖျော်ဖြေပွဲကို ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ည ၇ နာရီအချိန် တယ်လီနောမြန်မာ Facebook Page နဲ့ Channel K ရုပ်သံလိုင်းတို့မှာ အခမဲ့ တင်ဆက်သွားမှာ ဖြစ်ပါတယ်။

 

Ref : irrawaddy

 

No comments