New Artical

အမေချက်တဲ့ ပုစွန်ကျား ခုနစ်ကောင်

 


အမေချက်တဲ့ ပုစွန်ကျား ခုနစ်ကောင်

မစန္ဒာ

ဟိုတစ်ဖက်က ငါးမြစ်ချင်းဆိုင်တွင် လူအုံနေသော်လည်း ပုစွန်ကျားဆိုင်ရှေ့တွင် လူရှင်းနေသည်။ ပုစွန် လာကိုင်ကြည့်လိုက်၊ ဈေးမေးလိုက်၊ “အင်း” ဟူ၍ သက်ပြင်းချကာ ပြန်သွားလိုက်နှင့် ပုစွန်သည် မပုစိန်လည်း တော်တော်လေး စိတ်တိုနေပြီဖြစ်သည်။ ထို့ကြောင့်လည်း “အပျင်းပြေ လာကိုင်ကြည့်လို့ ရတယ်နော်၊ တစ်ဆယ်သားကို ၆ကျပ်ကြီးများတောင် ရောင်းတာ” ဟု အငေါ်တူးပြီး အော်လေသည်။

“မြတ်စွာဘုရား ခြောက်ကျပ်တဲ့”

ဆိုင်ရှေ့တွင် ရပ်ပြီး ဈေးမေးတော့မည်ပြုသော ဒေါ်လှမေ၏ ပါးစပ်သည် အလိုလို ပြန်ပိတ်သွားသည်။

“တစ်ဆယ်သား ခြောက်ကျပ်ဆိုတော့ ဆယ့်ငါးကျပ်သားဝယ်ရင် ကိုးကျပ်၊ အင်း မစားရက်စရာကြီးပါလား” ဟု စဉ်းစားမိသည်။ မျက်စိရှေ့တွင် ပုစွန်ကြီးသည် ငွေပုံကြီးအသွင်သို့ ပြောင်းလဲသွားသလို ထင်မိသည်။ ဒီငွေတွေကို ဝမ်းထဲ မျိုချရမှာကတော့ နှမြောစရာ။

“မယူဘူးလား အန်တီကြီး”

“ဈေးကောင်းလိုက်တာအေ”

“ပစ္စည်းကောင်းလို့ ဈေးကောင်းတာ အန်တီကြီးရဲ့၊ ဟောဒီမှာကြည့် ခေါင်းတောင် မကျိုးသေးဘူး၊ စိမ်းလို့ လတ်လို့ ဒါမျိုးဆိုတာ တစ်ခါတလေမှ ရတာ စားစမ်းပါ”

“ကင်ပွန်းချဉ်ရွက်လေး ချဉ်ရည်ချက်ပြီး ပုစွန်ကျားချိုချိုလေးနဲ့ စားလိုက်ရရင်တော့၊ အင်း အဖေကြီးကလည်း ကြိုက်ရှာတယ်”

ဒေါ်လှမေသည် ကြက်သွန်နီ အကွင်းလိုက် အုပ်ချက်ထားသော ပုစွန်ကျား အကောင် နီနီရဲရဲကြီးများကို တွေး၍မြင်ယောင်ရင်း တံတွေးကို မသိမသာ မျိုချသည်။

“ကဲ ဘယ်လောက်သားလဲ၊ ငါးဆယ်သား ချိန်လိုက်ရမလား”

“အမလေး မရက်စက်ပါနဲ့အေ”

ဒေါ်လှမေက ယောင်ယမ်းပြီး ခြေတစ်လှမ်း နောက်ဆုတ်မိသည်။ ထို့နောက် “ညည်းတို့ ပုစွန်ကျားကလဲ ကုဋေရှစ်ဆယ် သူဌေးသားတောင် နေ့တိုင်းစားရင် မွဲရချည်ရဲ့” ဟု ခပ်ငေါ့ငေါ့လေး ပြောမိသည်။

“ကောင်းလွန်းလို့ပါ အန်တီကြီးရယ်၊ ဈေးပေါရင်တော့ ပစ္စည်းညံ့ပဲ ရမှာပေါ့၊ ဟုတ်ဘူးလား”

မပုစိန်က တစ်ဖက်ဆိုင်ကို မေးငေါ့ကာ အသံကိုမြှင့်၍ပြောသည်။ ပစ္စည်းချင်းတူသော်လည်း တစ်ဖက်ဆိုင်မှ ပုစွန်ကျားက အကောင်သေးကာ ခေါင်းကပြုတ်နေပြီး အရောင်ကလည်း နီနီနှင့် မလတ်တလတ်မို့ သူက ပြောအားရှိနေသည်။

တစ်ဖက်ဆိုင်မှ မိန်းမက သူတို့ဘက်သို့ မျက်စောင်းဝဲလိုက်ပြီး

“ပေါတယ်နော် ပေါတယ်၊ ဟောဒါမျိုးကိုစား ကျားမှကျား၊ တစ်ဆယ်သား သုံးကျပ်ခွဲ၊” ဟု အသံကုန်ဟစ်သည်။

“အင်း အဲဒါဝယ်ရင်တော့ တစ်ဝက်လောက် သက်သာတယ်”

ကွန်ပျူတာထက်ပင် မြန်သောဒေါ်လှမေ၏ ဦးနှောက်က ဖျတ်ခနဲ တွက်လိုက်မိပြန်သည်။

“အင်း ဒါပေမဲ့ သုံးဆယ့်ငါးကျပ်ဈေး ပေးပြီး အပုပ်မစားဘူး၊ ခြောက်ဆယ်ဈေးပေးပြီး အကောင်းပဲ စားတော့မယ်။ ဘာဖြစ်သေးလဲ တစ်ခါတလေ စားတာ၊ အဖေကြီးက ပင်စင်စားမို့ ငါ့ကိုဟင်းကောင်းတောင် မကျွေးတော့ပါဘူးလို့ စကားနာထိုးတာ နှစ်ခါတောင် ရှိနေပြီ” ဟု ဆက်၍တွေးမိတော့ ခြေနှစ်လှမ်း ပြန်တိုးလိုက်မိသည်။

စိမ်းပြီးလတ်နေသော အကောင်ကြီးများကို ခပ်ရဲရဲကောက်ကိုင်ကာ “ဆယ့်ငါးကျပ်သားလောက် ချိန်စမ်းအေ” ဟု လေသံတင်းတင်းနှင့် ပြောလိုက်သည်။ “အင်း တကယ်မစားရသေးဘူး၊ ဝယ်ရတာတောင် အရသာ ရှိလိုက်တာဟဲ့” ဟု ဆက်၍တွေးနေရင်း တစ်ဦးတည်း ပြုံးမိလေသည်။

“ဟောဒီမှာကြည့်၊ အသာကြီး”

“အလေးတော့ မှန်ပါတယ်နော်”

“ကြိုက်တဲ့နေရာမှာ သွားချိန်၊ ချိန်ပြီးမှ ပိုက်ဆံပေး၊ ပုစိန်တို့က ကြိုက်ဈေးပြောရောင်းတာ အလေးမခိုးဘူး”

ချိန်ခွင်ခွက်ထဲမှ ပုစွန်ကျားများကို ခြင်းတောင်း ထိုးမခံသေးဘဲ တစ်ကောင် နှစ်ကောင် ရေတွက်မိသည်။ စုစုပေါင်း ခုနစ်ကောင်။ တစ်ဆယ့်ငါးကျပ်သားကို ဒီလိုအရွယ် ပုစွန်ကျား ခုနစ်ကောင်ရသည် ဆိုကတည်းက အလေးမခိုးမှန်းတော့ အသိသာကြီးပင်။

“မချိန်ပါဘူးအေ၊ ပါးစပ်က အကျင့်ပါနေလို့သာ ပြောတာ၊ ယုံပါတယ်”

ဒေါ်လှမေသည် လေချိုသွေးလိုက်ပြီး လက်ထဲမှ တစ်ဆယ်တန်ကို လှမ်းပေးသည်။ ဒီနေ့တော့ လျှာရင်းမြက်မြက်လေး စားလိုက်ဦးမည်။ ခုနတုန်းက ဈေးအဝမှ ကင်ပွန်းချဉ်ရွက်တွေ တွေ့ခဲ့သည်။ တစ်စည်းကို ပြားခြောက်ဆယ်တဲ့။ ကင်ပွန်းချဉ်ရွက် တစ်စည်းကို ကန်စွန်းရွက်တစ်စည်း ရောပြီး ချဉ်ရည်ချက်၊ ငါးပိရည်ကျိုထဲတွင် ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်း ထောင်းထည့်၊ အိမ်နောက်ဖေး ကပြင်နားတွင် မြေကလေးတစ်တောင်လောက်တွင် ကပ်ပြီးပေါက်နေသော ခရမ်းကဖော့ပင်က အသီးလေးတွေ ခူးပြီး ရေနွေးဖျော၍ တို့၊ ဒေါ်လှမေ တွေးရင်းပင် လျှာစိုလာသည်။

“မမမေ ဘာရခဲ့လဲ”

ဈေးကအပြန် လမ်းတွင်တော့ မျက်စောင်းထိုးအိမ်မှ ဒေါ်စိန်အေးနှင့် တွေ့သည်။ ကင်ပွန်းချဉ်ရွက်နှင့် ချဉ်ပေါင်ရွက်စည်းတို့ကို အောက်ဘက်ပို့ပြီး ပုစွန်ကျားကို မြင်သာထင်သာ အပေါ်ပြောင်းထည့်ခဲ့မိသည့်အတွက် ဒေါ်လှမေ ကျေနပ်သွားသည်။ ဒေါ်စိန်အေး၏ မျက်လုံးက ခြင်းတောင်းထဲ လှမ်းကြည့်လိုက်သည်ကို မြင်တော့ ပိုပြီးကျေနပ်သွားသည်။ တစ်ဆယ်သား ခြောက်ကျပ်ဆိုတာ လူတိုင်းစားနိုင်တာ မှတ်လို့။

“မမမေတို့က စနေနေ့ သားတွေ ချွေးမတွေ လာတတ်လို့ ဟင်းကောင်း ချက်ကျွေးတော့မယ် ထင်တယ်”

ဒေါ်စိန်အေး၏ စကားကိုကြားတော့ ကျေနပ်စိတ်နှင့် ဝင်းမှေးနေသော ဒေါ်လှမေ၏မျက်လုံးအစုံသည် ရုတ်ခနဲ ပြူးထွက်လာသည်။

“ဟုတ်သားပဲ၊ ဒီနေ့ စနေနေ့၊ အဖေကြီးက ရုံးသမားမဟုတ်တော့ လို့ ငါမေ့နေတာ၊ ဒီလိုဆို ပုစွန်အစိတ်သားလောက် ဝယ်မိရင်ကောင်းသား”

ဒေါ်လှမေက တွေးပြီး စိတ်မကောင်းဖြစ်သွားသည်။

သူတို့မှာက အဘိုးကြီး အဘွားကြီး နှစ်ဦးတည်း၊ ပင်စင်လစာလေးနှင့် ခြစ်ခြစ်ခြုတ်ခြုတ် နေရသော်လည်း သားတွေလာလျှင် မရှိ ရှိတာလေးတွေ ထုတ်ပြီး ကောင်းနိုးရာရာလေးတွေတော့ ကျွေးချင်သည်။ အမေ့လက်ရာကို အားပါးတရ ထိုင်စားနေသော သား၏ မျက်နှာကိုကြည့်ပြီး ကြည်နူးချင်သား။ သားသုံးဦးစလုံးကို သူတို့ပညာအပြည့် သင်ပေးခဲ့သည်ဖြစ်၍ သင့်တင့်သော အလုပ်အကိုင်၊ သင့်တင့်သော ဝင်ငွေနှင့် အသင့်အတင့် ချောင်လည်ကြလေသည်။

“သူတို့ဟာ သူတို့စားနိုင် သောက်နိုင်နေရင် ဝမ်းသာနေရတာပါပဲ၊ တို့ကို ပြန်ထောက်ဖို့ မလိုပါဘူး”

အဖေကြီး ဦးအောင်မြတ်က ပြောတတ်သည်။ ဒေါ်လှမေကတော့ အမေမို့လားမသိ၊ သားတွေ မြေးတွေကို ဘာကျွေးရပါ့မလဲ။ ဘာပေးရပါ့မလဲနှင့် စဉ်းစားတတ်သည်။ သားတွေဆီကလည်း ပြန်ပြီးမျှော်လင့်မိသည်ကတော့ အမှန်ပင်။

“အင်း သားသုံးယောက် တစ်ယောက်ကို ငါးဆယ်ထောက်ရင်တောင် သုံးယောက်ဆိုတော့ တစ်ရာ့ငါးဆယ်၊ ဒါဆိုရင် ကုသိုလ်ကောင်းမှုလေး ဘာလေး ပြုနိုင် လှူနိုင် တန်းနိုင်မှာပေါ့” ဟုတွေးမိသည်။

သို့သော် သားတွေ ချွေးမတွေကလည်း အဘိုးကြီး အဘွားကြီး နှစ်ယောက်တည်း ပင်စင်လစာနှင့် အေးအေးဆေးဆေး စားနေနိုင်သည်ဟု ယူဆ၍လား၊ ဒါမှမဟုတ် မသိချင်ယောင်ဆောင်သည်လားတော့ အသေအချာ မသိ။ ငါးဆယ်မပြောနှင့် အစိတ်ပင် မထောက်ပံ့ကြချေ။ အိမ်လာလျှင်တော့ သရက်သီးလေးအစ၊ ကိတ်မုန့်လေးအစ ဝယ်ခြမ်းလာတတ်ကြသည်။ ဒါ့အပြင် တစ်ပြားမှထွက်မလာ။

သူကလည်း စိတ်ထဲကသာ မြှော်မြင်မိသော်လည်း နှုတ်ကတော့ ထုတ်မပြောတော့ပေ။ ဟိုတစ်ခါတုန်းက နှုတ်ကထုတ်ပြောမိတုန်းကတော့ အိမ်က အဖေကြီးနှင့် စကားများရသည်။ အဖေကြီးက ပြတ်သည်။ သားတွေကို လုံးဝအားမကိုး။ လိုချင်မျက်စိလည်း မရှိ။ ရကောင်းစေဟူ၍လည်း သဘော မထား။ စောစောထ လမ်းလျှောက်၊ နေ့ခင်းတရားထိုင်၊ တရားစာအုပ် ဖတ်၊ တစ်ခါတစ်ရံလည်း အပေါင်းအသင်းများနှင့် တရားဆွေးနွေး ညရောက်လျှင် ဘုရားစင်ရှေ့၌ တရားထိုင်၊ ထို့နောက် ဘုရားရှိခိုး၊ အမျှဝေပြီး ချမ်းသာစွာ အိပ်စက်လေသည်။ ဟိုတွေးဒီတွေး တလူးလူး တလွန့်လွန့်နှင့် အိပ်မပျော်သောညဟူ၍ သူ့မှာ မရှိသေး။

“အမေ”

“ဟောတော့ အဖေ”

ကိုယ့်စိတ်ကူးနှင့်ကိုယ် တစိုက်စိုက် လျှောက်လာသော ဒေါ်လှမေသည် သူ့လက်ကို တစ်စုံတစ်ဦးက လှမ်းဆွဲလိုက်သောအခါမှ တုံခနဲရပ်သွားသည်။ သူ့ကိုပြုံးရယ်ပြီး ကြည့်နေသော ခင်ပွန်းသည် ဦးအောင်မြတ်အား ယောင်ကန်းကန်းနှင့် ပြန်ကြည့်မိသည်။

“လမ်းလျှောက်ပြန်လာတာ၊ အမေ့ကိုတွေ့ရလို့ ရပ်စောင့်နေတာ ဘာတွေ စဉ်းစားလာတာတုံး”

“ဒီလိုပါပဲ”

ဦးအောင်မြတ်က ဒေါ်လှမေ၏ လက်ထဲမှ ဈေးခြင်းတောင်းကို လှမ်းယူသည်။

“ဟာ ပုစွန်ကျားတွေ ဘာတွေနဲ့ပါလား”

“ဟုတ်တယ်၊ အဖေကြိုက်တယ် မဟုတ်လား” 
“ကြိုက်တော့ ကြိုက်တာပေါ့၊ ဒါပေမဲ့ ဈေးကြီးမှာပေါ့ အမေရယ်”

“အို တစ်ခါတစ်လေပဲဟာ”

ဒေါ်လှမေက မျက်စောင်းလေး မသိမသာ ဝဲကာ ပြောမိသည်။ ဦးအောင်မြတ်က ဆွဲခြင်းကိုဆွဲကာ လျှောက်တော့ သူက ဘေးမှယှဉ်လျှောက်ရင်း “အဖေကြိုက်သလို ကြက်သွန်နီ အကွင်းကြီးတွေအုပ်ပြီး ကြော်ပေးမယ်လေ၊ နောက်ပြီ ကင်ပွန်းရွက် ချဉ်ရည်လေး ချက်ပေးမယ်၊ ကြိုက်တယ် မဟုတ်လား” ဟု တယုတယ ပြောမိစဉ် လမ်းမှလူပျိုပေါက်ကလေး နှစ်ဦးက သီချင်းတစ်ပုဒ်ကို အော်ဆိုလိုက်သောကြောင့် အတန်ငယ်ရှက်သွားသည်။

“အဘွားကြီး မင်းက အဘိုးကြီး င့ါကို မောင်တွေ ဘာတွေခေါ်ပါဦး” တဲ့။

* * *

“နောက်ဆုံးတော့ အဘိုးကြီး၊ အဘွားကြီး နှစ်ယောက်တည်း တစ်ယောက်နဲ့ တစ်ယောက် အဖော်လုပ်ရတော့တာပဲ၊ သားတွေကတော့ သူတို့ အဖော်နဲ့သူတို့၊ ဒီလိုပဲပေါ့လေ၊ ငါတို့ ငယ်ငယ်တုန်းကလည်းကိုယ့်အဖော် ကိုယ်ရှာပြီး မိဘကို ထားခဲ့ကြတာပဲ မဟုတ်လား”

ဒေါ်လှမေက ကြက်သွန်နီဥကြီးများ အကွင်းလိုက်လှီးရင်း စဉ်းစားသည်။ အသက်ကြီးလာတော့ တစ်ဦးနှင့်တစ်ဦး သံယောဇဉ်က ပိုကြီးလာသည်။ အရင်တုန်းကလို တဏှာချစ်၊ ဘယာချစ်နှင့် မဟုတ်တော့ဘဲ အေးမြသောမေတ္တာက အလေးကဲလာသည်။ ထိန်းစရာ ကျောင်းစရာ မြေးမြစ်လည်း မရှိတော့ ဘဝက ပျင်းခြောက်သယောင် ရှိသော်လည်း အေးချမ်းသည်ကတော့ အမှန်ပင်။ ဦးစွာအိမ်ထောင်ကျသော သားအလတ်က ယောက်ျားရော၊ မိန်းမပါ အလုပ်လုပ်သည်။ သားသမီးရလာတော့ နေ့ခင်းတိုင် အဘိုးအဘွားအိမ် လာပို့ထားသောကြောင့် မြေးထိန်းလိုက်ရသေးသည်။ အလုပ်ကတစ်ဖက်၊ လှည်းရကျင်းရ လျှော်ရဖွပ်ရ၊ နို့ဘူးဖျော်ရ၊ အာဟာရမှုန့်ကျိုပြီး ခွံ့ရနှင့် အဘိုးရော အဘွားရော တစ်ချက်ကလေးမျှ မအားကြ ရပေ။

အိမ်ရှေ့အိမ်မှ ဒေါ်ခင်ဝေက ....

“မလှမေတို့က ညံ့တာကိုး၊ တကယ်ဆို မခင်ဝေ နေ့ခင်းအပျင်းပြေအောင် မြေးလေးတွေ ခေါ်ထားပါလား ပြောနေတာ၊ ငါက ငါ့အိမ်မှာ ကြီးတောင့်ကြီးမားနဲ့ ငါ့ထမင်းတောင် ငါအနိုင်နိုင် ချက်စားနေရတာ၊ ထဘီမကပ်အောင် လုပ်မလို့လားအေလို့ ပြန်ပြောလိုက် ရတယ်” ဆိုပြီး အစောကြီးကတည်းက ကြိုကြိုပိုပို ပိတ်ပြောထားပါလားလို့ ပြောသေးသည်။

“ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲ၊ ကိုယ်နိုင်သမျှတော့ ကူရမှာပေါ့ရှင်” ဟု သူက ပြန်ပြောခဲ့ရသည်။

ပင်ပန်းသည် မှန်သော်လည်း “သမီးရေ၊ ပူတူးရေ”နှင့် မြှူချော့နေရတော့လည်း အမောပြေသားပင်၊ သို့သော်လည်း ကလေးက အပြင်းဖျားပြီး သွေးလွန်တုပ်ကွေးဖြစ်တော့ အဘိုး အဘွား တရားခံဖြစ်ရလေသည်။ ချွေးမဖြစ်သူက “သွေးလွန်တုပ်ကွေး ခြင်က နေ့ခင်းကိုက်တဲ့ ခြင်” ဟု မျက်စိမျက်နှာ ပျက်ပျက်နှင့် ပြောသည်။ နေ့ခင်းတိုင် ကလေးကို ဂရုမစိုက်၍ ခြင်ကိုက်ရသည်ဟု ဆိုလိုဟန်ရှိသည်။ ကလေးဆေးရုံကဆင်းတော့ ဒေါ်လှမေတို့ဆီ လာမပို့တော့ပေ။ ချွေးမ၏ မိဘများဆီ တစ်လှည့်ရောက်သွားသည်။

မပြောကောင်း ပြောကောင်း သွေးလွန်တုပ်ကွေး ကယ်လိုက်မှ အဖေကြီးလည်း တရားစာအုပ် ပြန်ဖတ်နိုင်တော့သည်ကတော့ အမှန်ပင်။ ဒေါ်လှမေခမျာလည်း ကလေးသေးများနှင့် စိုကာ အကွက်အကွက် ဖြစ်နေသော ဧည့်ခန်းက ကြမ်းကလေးကိုပြန်ပြီး ပြောင်စေရန် တကုန်းကုန်းနှင့် ခါးချည့်အောင် ပွတ်တိုက်ရင်း မြေးကလေးကို လွမ်းခဲ့ရသည်။ သည့်နောက်ပိုင်းတော့ ဘယ်သားကမှလာပြီး ကလေး မထိန်းခိုင်းတော့ပေ။ သွေးလွန်တုပ်ကွေးဖြစ်မှာ ကြောက်သောကြောင့်လား မသိ။ ကလေးထိန်းစာမေးပွဲတွင် အဘိုးအဘွားက ပထမတန်းပင် မအောင်ဘဲ ကျရှုံးသွားခဲ့လေပြီ။

“အမယ် မွှေးလှချည်လားဟ”

ဦးအောင်မြတ်က မီးဖိုထဲဝင်လာကာ ဒေါ်လှမေ၏ ဘေးတွင် ဖင်ထိုင်ခုံဆွဲ၍ ဝင်ထိုင်သည်။ ဒေါ်လှမေက အကွင်းလိုက် လှီးထားသော ကြက်သွန်နီများကို ဒယ်အိုးထဲမှ ပုစွန်နီနီရဲရဲများ အပေါ်သို့ အုပ်ချလိုက်သည်။

“င့ါသားကြီး ကျွေးချင်လိုက်တာ၊ ဒီကောင်က ပုစွန်ကျားများဆို အသေကြိုက်တာ”

ဦးအောင်မြတ်က အမှတ်ရပြောသည်။

“သားသုံးယောက်လုံး ကြိုက်တာပဲ အဖေရယ်၊ အရင်တုန်းကတော့ အဆင်ပြေရင် ပြေသလို ချက်ကျွေးနေကျ၊ ခုတော့ သူတို့မိန်းမတွေက ချက်မှကျွေးပါ့မလား မသိပါဘူး”

“ပူမနေနဲ့၊ ခင်ဗျားသားတွေက ဘဲဥပြုတ်ကလေး စားလို့ကောင်းလိုက်တာ လုပ်နေမှာ”

“ဒီနေ့များ လာမလား မသိဘူး”

ဒေါ်လှမေက တမ်းတမ်းတတ ပြောမိသည်။ ဘာသားလာလာ လာသောသူကို ပုစွန်ကလေး ကျွေးလိုက်ချင်သည်။ အားရပါးရစားသော သား၏မျက်နှာ တစိမ့်စိမ့်ကြည့်ကာ ကျေနပ်ချင်သည်။

“အမေရေ ဘာဟင်းချက်တုံးဗျ”

စိတ်ထဲတွင် တွေးနေမိနေတုန်း သားကြီး၏ အသံကို ကြားရတော့ ဒေါ်လှမေ မြူးပျော်သွားသည်။

“တယ်မွှေးပါလားဗျ”

ဒါကတော့ သားလတ်၏အသံ။

“ပုစွန်ဟင်းဗျ ကျွန်တော်သိတယ်”

သားငယ်၏ အသံကို ဆက်တိုက်ကြားရတော့ ဒေါ်လှမေ ရင်များပင် ခုန်လာသည်။ သူတို့တစ်တွေ သူတို့အိမ်ထောင်တွေနှင့် အသီးသီးခွဲခွာ သွားကြပြီးသည့် နောက်ပိုင်းတွင် သားသုံးဦးလုံး မိဘအိမ်တွင် မဆုံမိကြတော့။ တစ်ဦးက အဝင် တစ်ဦးက အထွက်နှင့် လွဲနေတတ်သည်။ ခုတော့ ဒင်းတို့တစ်တွေ ချိန်းထားသလား မသိ။

“လူစံလှချေကလားကွ”

“မင်္ဂလာဆောင်မှာ တွေ့လာတာ အဖေရေ့”

သားသုံးဦးလုံး မီးဖိုထဲသို့ ရှေ့ဆင့်နောက်ဆင့် ရောက်လာကြသည်။ ဧည့်ခန်းဘက်မှ ရယ်မောစကားပြောသံများကိုပါ ထပ်၍ကြားရသည်။ ဇနီး မယားများပါ ပါလာဟန်ရှိလေသည်။

“အဲဒါ ဆာနေလို့ အမေတို့ အဖေတို့အိမ် လှည့်ဝင်လာကြတာ”

“မင်္ဂလာဆောင်က အပြန် ဆာတယ်လို့ကွာ”

“ဒီလိုအဖေရ၊ မင်္ဂလာဆောင်တာက ကျွန်တော်တို့ သုံးယောက်လုံးနဲ့ ခင်တဲ့ ကိုဘသောင်းရဲ့သမီးလေ၊ သူတို့က သိပ်လည်း မတတ်နိုင်တော့ အိမ်မှာပဲ လုပ်တယ်၊ ကျွန်တော်တို့က မနက်ရှစ်နာရီက ဆယ်နာရီ အိမ်မှာဆိုတော့ မုန့်ဟင်းခါးလောက်တော့ ကျွေးမယ်ထင်တာ၊ အိမ်ကလည်းဘာမှ စားမသွားမိကြဘူး၊ ဟိုကျတော့ ရေခဲမုန့်ကလည်း ခွက်ထဲ ဇွန်းဖျားလေးနဲ့ ကော်ထည့်ထားတာ တကယ့်ကို နည်းနည်းလေး၊ လှီးထားတဲ့ ပလိန်းကိတ် တစ်ယောက်တစ်ချပ် ဝေပုံကျ”

“အဟီး အဲ့ဒီဟာလေးတွေ စားပြီးတော့မှ အရမ်းကို ဆာလာတာပဲ၊ အဲဒါမျိုးပေ့ါ ဆင့်ပါးစပ် နှမ်းပက်ဆိုတာ”

“ဟား ဟား ဒီမှာတော့ ပွဲတော်အုပ်နဲ့ တိုးနေပြီ မောင်၊ ပုစွန်ကျားဗျ”

“နီလို့ ရဲလို့၊ ကြွပ်လို့ ရွလို့၊ စားရမှာလား အဖေ”

“အို မောင်ကလည်း အိမ်ကျမှ ထမင်းစားပါတော့”

“အောင်မာ အဲဒီတော့ မင်းက ငါ့ကို ဘဲဥပြုတ်ဆီဆမ်းကျွေးမှာ မဟုတ်လား”

“အမေ့လက်ရာလေး လွမ်းလွန်းလို့ဗျာ”

“အလွမ်းပြေလေး အလွမ်းပြေလေး”

သားတွေက တစ်ယောက်တစ်ပေါက် ရယ်မောပြောနေစဉ် ဒေါ်လှမေက ငါးယောက်ဆံ့သော စားပွဲဝိုင်းကလေးကို ခင်းပြီး ထမင်းအမြန်ခူးသည်။ ဦးအောင်မြတ်က ပိုက်ဆံလေးငါးကျပ်ကို လက်ထဲမသိမသာ ဝှက်ယူသွားကာ လမ်းထိပ်ထမင်းဆိုင်သို့ ပြေးသည်။ လက်ထဲတွင် ထမင်းထုပ်နှင့် သခွားသီးနှစ်လုံး ပါလာသည်။

အမေ့ထမင်းဝိုင်းလေးက ပုစွန်ကျားဟင်း၊ ကင်ပွန်းရွက်ချဉ်ရည်၊ ငါးပိဖျော်ရည်၊ အတို့အမြှပ် စုံစုံလင်လင်နှင့် မြိုင်မြိုင်ဆိုင်ဆိုင်ရှိသည်။ ငါးယောက်စားပွဲကို ခြောက်ယောက်ထိုင်တော့ အတန်ငယ်ကျပ်တည်းသော်လည်း သားတွေက ပိုပြီးပျော်နေဟန်ပင် ရှိလေသည်။

“စားကြ စားကြ၊ ငါ့သားတွေ ကျွေးချင်လို့မျှော်နေတာ” ဟု အဖေကြီးက ပြုံးပြုံးပြောသည်။

“ငါကတော့ ငါ့မိန်းမကို ဦးချပြီ မောင်”

သားကြီးက ချွေးမကြီး၏ ပန်းကန်ထဲသို့ ပုစွန်တစ်ကောင် ခပ်ထည့် ပေးသည်။

“စုကတော့ စုယောက်ျားကို ဦးချတယ်”

“ဒါမျိုးလေးတွေကြောင့် ချစ်ရတာ၊ ရော့ဗျာ၊ မောင်ကတစ်လှည့် ပြန်ထည့်ပေးမယ်နော်”

“မျက်စိရှက်တယ်ဗျို့၊ ကိုယ့်ပန်းကန်ထဲ ကိုယ့်လက်နဲ့ပဲ၊ ထည့်မယ်ဟေ့မိန်းမ ထည့်စား”

သူတို့ထမင်းပွဲကား တဝါးဝါးတဟားဟားနှင့် ရယ်မောသံ ညံနေသည်။

“ဟေ့ တစ်ယောက်တည်း ချန်မထားကောင်းဘူး၊ ဒီကောင်တစ်ကောင်တည်း ပျင်းနေမှာပေါ့”

“အို မောင်ကလည်း အမေတို့ဖို့ ကျန်သေးရဲ့လား”

“အဖေတို့ ခုပဲ စားပြီးပါပြီကွာ”

တစ်ကောင်တည်း ကျန်တော့သော ပုစွန်ကြီးကို သားကြီးက လှမ်းနှိုက်မှ ချွေးမက ယောက္ခမနှစ်ဦးအား သတိရသည်။ ဦးအောင်မြတ်က ခွင့်လွှတ်စွာပြုံးရင်း မုသားမဆိုစဖူး ဆိုလိုက်လေသည်။

ဒေါ်လှမေကတော့ ပီပီပြင်ပြင် မပြုံးနိုင်၊ ကိုယ့်သားတွေ စားနေတာကို ကျေနပ်ကြည်ဖြူသော်လည်း ချွေးမတွေ၏ ပန်းကန်ထဲက ပုစွန်အကောင်ကြီးများကိုတော့နှမြောမိသည်မှာအမှန်။ ကိုယ်မစားရတာက ကိစ္စမရှိ။ အဖေကြီးပါ စားရတော့မည် မဟုတ်ဟု တွေးမိတော့ အောင့်သက်သက်ကလေးတော့ ဖြစ်မိသည်။ သားကတော့ သား၊ ချွေးမကတော့ ချွေးမပင်။ ချွေးမကို သမီးအရင်းလို သဘောမထားရကောင်းလားဟု အပြစ်တင်ကလည်း ခံရုံသာရှိသည်။ သမီးလို သဘောမထားနိုင်သည်ကတော့ အမှန်ပင်။ သူတို့ကလည်း ကိုယ့်ကို အမေလို သဘောထားသည် မဟုတ်ဟု တွေးမိသည်။ အမေ့အိမ်သာ ဆိုလျှင်တော့ “ဟာ အမေတို့ဖို့ ရှိသေးရဲ့လား” ဟုမစားခင်ကတည်းက မေးမည်ထင်သည်။ ကိုယ့်ယောက်ျား ပန်းကန်ထဲသို့ ဦးချမထည့်မီ မိဘအတွက် အရင်ပန်းကန်လေးနဲ့ သတ်သတ်ခွဲပြီး ဖယ်ထားလိမ့်မည် ထင်သည်။

“စားလို့ကောင်း ဝါးလို့ကောင်း ဗိုက်လည်းဖောင်းပြီ အမေရေ့”

သားတွေက ပြန်ပြောတော့ တွေးလက်စ အတွေးပြတ်ပြီး ဝမ်းသာအားရ ပြုံးမိသည်။ သူတို့မယားတွေက ချက်ကျွေးတာမဟုတ်ဘူး၊ အမေ့အိမ်ရောက်မှ စားကြရတာ၊ စားကြပါစေ။ သူတို့ကလည်း မိန်းမ ရှေ့ထားပြီး ဘယ်မျိုကျပါ့မလဲ။ သူတို့မိန်းမတွေပါ စားမှ မျိုကျတော့မပေ့ါ။ ဟုတ်တာပေ့ါလေဟု ချက်ချင်းပင် ခွင့်လွှတ်စိတ် ပြန်ဝင်လာသည်။ ချွေးမအငယ်က ပန်းကန်တွေ ထိုင်ဆေးမည်ပြုတော့ “အဲ သွားသွား၊ ဝတ်ကောင်းစားလှတွေ ဝတ်ပြီး ဆေးမနေနဲ့၊ ထားခဲ့ ထားခဲ့၊ အမေဆေးလိုက်ပါ့မယ်” ဟု စေတနာအရင်းခံနှင့် ပြောဖြစ်သည်။ ချွေးမလေးက “ဟာ အမေကလည်း မဟုတ်တာ၊ ဆေးပေးခဲ့ပါ့မယ်” ဟုဇွတ်ပြောပြီး ဇွတ်ပင် ဆေးကြောသွားသည်။ ချွေးမကြီးတွေက စားပွဲကြီးသုတ်ပြီး တံမြက်စည်းလှမ်းသွားကြတော့ မီးဖိုချောင်လေးက ပြန်ပြီး သန့်ရှင်း သပ်ရပ်သွားသည်။

“ကဲ မိန်းမ၊ မှတ်ထားစမ်း ငါက အမေ့အိမ်မှာ ဒီလိုပဲ နေ့တိုင်းစားလာတယ်ဆိုတာ မှတ်ထား”

“အမေချက်တဲ့ ချဉ်ရည်ဟင်းကို ဘယ်သူမှမီအောင် မချက်နိုင်ဘူး၊ လျှာထဲကို စွဲနေတာပဲ”

“အောင်မာ ငါးပိရည်ကအစ အမေများ ဖျော်ထားရင် မွှေးပြီး ချိုနေတာ”

သားတွေက တစ်ယောက်တစ်ပေါက် ချီးကျူးကြတော့ အဖေကြီးဦးအောင်မြတ်က “အဲဒါ ငါ့မိန်းမကွ၊ မှတ်ထား” ဟုပြုံးပြုံးကြီးဆိုသည်။ သားတွေရော ချွေးမတွေရော ဝါးခနဲရယ်ကြစဉ် ဒေါ်လှမေ ကျေနပ်ပြုံးနှင့် ရှက်ပြုံးကို တစ်ပြိုင်နက် ပြုံးမိလေသည်။

သားတွေ ချွေးမတွေ ပြန်သွားတော့ ဆယ့်တစ်နာရီပင် ထိုးပြီးလေပြီ။ စကားပြောသံ၊ ရယ်မောသံများနှင့် ဆူညံစိုပြည်နေသော အိမ်ကလေးသည် ချက်ချင်းပင် တိတ်သွားသည်။ ခြောက်ကပ်သွားသည်။ အမေချက်ထားသော ပုစွန်ကျားကလေးများလည်း ဟိုအိမ် သည်အိမ် မျှပြီးပါသွားကြပြီ။

“ကဲ အမေရေ ထမင်းစားကြစို့”

“ဆာလှပြီလား”

“ဆာပြီပေါ့ကွာ၊ သားတွေ မျိုမကျမှာစိုးလို့ စားပြီးသားပြောထားတော့ ကိုယ့်စကားနဲ့ကိုယ် ထမင်းလည်း မစားရဲ၊ တော်ပါသေးရဲ့ မောင်မင်းကြီးသားတွေ စောစောပြန်ပေလို့”

ဦးအောင်မြတ်က စားပွဲဝိုင်းလေးချကာ ထမင်းဇလုံကို ထဆွဲသည်။ စောစောတုန်းက သားတွေမျက်နှာ ကြည့်ပြီး ပြောဆိုနေရသဖြင့် အဆာပြေသလိုလို ရှိနေသော်လည်း ယခုကျတော့ ရင်ထဲတွင်ပူနေအောင် ဆာလာလေသည်။

“ခဏစောင့်ပါဦး၊ ဟင်းလေး နွှေးလိုက်ဦးမယ်”

ဒေါ်လှမေက အိုးထဲတွင် တစ်ပန်းကန်စာလောက် ကျန်နေသော ချဉ်ရည်ဟင်းလေးကို မီးဖိုပေါ်တင်ပြီး နွေးသည်။ ငါးပိရည် ထပ်ဖျော်သည်။ သခွားသီးစိတ်ကလေးများ စိတ်ပြီးတော့ ပုစွန်ချက်ထားသော ဒယ်အိုးထဲတွင် ထမင်းထည့်ပြီးနယ်ရင်း ညနေကျရင်တော့ မြေပဲလေး ငါးမူးဖိုးလောက်ဝယ်ပြီး ထမင်းနှင့် နယ်စားရမှာပဲဟု တွေးမိသည်။

“ကဲ ရော့ အဖေစားနှင့်၊ ချဉ်ရည်ခပ်လိုက်ဦးမယ်”

အိုးလူးထမင်းကို ဦးအောင်မြတ်၏ ပန်းကန်ထဲ အကုန်ထည့်ပေးလိုက်ပြီး ချဉ်ရည်ဟင်းခပ်သည်။

“အမေ တစ်ဝက်ယူလေ”

“နေပါစေ အဖေစားပါ”

“တစ်ဝက်စီပေါ့ကွာ၊ ပေးပန်းကန်”

ဦးအောင်မြတ်က သူ့ပန်းကန်ထဲမှ အိုးလူးထမင်းကို တစ်ဝက်ပြန်ခွဲ ထည့်ပေးသည်။

“ရသာတဏှာဆိုတာ တယ်ပြီး ဖြတ်နိုင်ခဲတာပဲနော်၊ သက်ရှိသတ္တဝါတွေ အကုန်လုံးဟာ လျှာလေးတစ်ချောင်းရဲ့အလိုနောက်ကို ကောက်ကောက်ပါအောင် လိုက်နေကြတာ အမေရဲ့၊ တို့တစ်တွေလည်း အပါအဝင်ပေါ့ကွာ၊ ကိုယ့်အသက် ကိုယ်ခန္ဓာကျတော့ နာမှာကျင်မှာ သေမှာ ကြောက်လိုက်တာ သူများအသက် သူများခန္ဓာကျတော့ တယ်ပြီး စားလို့ကောင်း ဝါးလို့ကောင်း၊ တရားရဲ့လား မစဉ်းစားကြဘူး” 
“ဟုတ်တာပေ့ါ”

ဒေါ်လှမေက ခေါင်းညိတ်ထောက်ခံမိသည်။ သူများအသက် သူများခန္ဓာဟူသော စကားက ရင်ထဲကို လျှပ်စီးကြောင်းလို စီးဝင်သွားသည်။ မျက်စိထဲတွင် မြင်နေဆဲဖြစ်သော ပုစွန်ကျား နီနီရဲရဲကြီးများက ချက်ချင်းပျောက်မသွားသော်လည်း အတန်ငယ်တော့ မှေးမှိန်သွားသည်။

“သားတွေ သမီးတွေကတော့ စားလိုက်ကြတာ မြိန်မြိန်ရှက်ရှက်၊ အားရစရာနော်၊ သူတို့တွေကတော့ လူငယ်တွေ မဟုတ်လား။ ဒီသဘောကို ဘယ်ဆင်ခြင်နိုင်ဦးမှာလဲ၊ တို့တစ်တွေကတော့ သင်္ချိုင်းကုန်းနားကို ခြေတစ်ဖက် ရောက်နေပြီပဲဟာ၊ တရားမရှိတောင် တရားကိုသိရုံတော့ သိသင့်တာပေါ့နော် ဟုတ်ဘူးလား အမေ”

“ဟုတ်တာပေါ့ရှင်”

ဒီတစ်ခါတော့ အာရုံတန်းနေဆဲဖြစ်သော ပုစွန်ကျားကြီးများ မျက်စိထဲမှ ပျောက်သွားသည်။ သူ့အား ကြင်နာစွာ ကြည့်နေသော အဖေကြီးအား ကြည်ကြည်လင်လင် ပြုံးပြမိသည်။

“ဘာတဲ့ကွာ ခုနတုန်းက ဆိုတာ၊ ကောင်းလိုက်တဲ့ သီချင်းကလေး၊ 
အဘွားကြီးက အဘိုးကြီးကို မောင်တွေဘာတွေ ခေါ်ပါဦး ဆိုလား ဟား ဟား”

“ခေါ်နိုင်ပါဘူးတော်”

ဒေါ်လှမေက မျက်စောင်းလေး မသိမသာဝဲရင်း သခွားသီးလေး တစ်စိတ်ကောက်ဝါးသည်။

သခွားသီးက ချိုပြီး အေးနေလေသည်။

 

မစန္ဒာ
မဟေသီ၊ ဩဂုတ်၊ ၁၉၈၄။
Credit: HeinMinZar
ဗဟုသုတကျေးရွာ

No comments