New Artical

အပါယ်ကျတတ်သော အလှူ ၁၀-ပါး

 

အပါယ်ကျတတ်သော အလှူ ၁၀-ပါး

၁။ သမဇ္ဇဒါန-ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )။
၂။ မဇ္ဇဒါန -သေရည်သေရက်အလှူ။
၃။ ဣတ္ထိဒါန - မိန်းမအလှူ။
၄။ ဥသဘဒါန -နွားလား၊ မြင်းလား အလှူ။
၅။ စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော အလှူ။
၆။ သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက် အလှူ။
၇။ ၀ိသဒါန - အဆိပ်အလှူ။
၈။ သင်္ခလိကဒါန - လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ။
၉။ ကုက္ကုရ သူကရ ဒါန-ကြက် ဝက် သားကောင်အလှူ။
၁၀။ တုလာကူဋ မာနကူဋ - ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူ။တို့ဖြစ်ပါတယ်။

(၁) - သမဇ္ဇဒါန လို့ခေါ်တဲ့ ကချေအလှူ(အငြိမ့်ဇာတ်ပွဲ)ကတော့ ယခုခေတ် ရှင်ပြု ရဟန်းခံ ပွဲတွေမှာ များစွာမှတွေ့ရပါတယ်။ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေထည့်သွင်းပြီး ကျင်းပကြပါတယ်။ရင်နှီးသူအချင်းချင်းလည်း "သူငယ်ချင်း' မင်းရဲ့ ရှင်ပြု ရဟန်းခံ ပွဲမှာ ငါလည်း ကုသိုလ်ဖြစ်စေဖို့ ဇာတ်ပွဲလေး ဆိုင်းလေးတော့ထည့်ဝင်လှူဒါန်းပါရစေဆိုပြီး" အပြစ်ကင်းတဲ့အလှူဟု ထင်မှတ်ပြီး အပြစ်မကင်းသော အပ္ပါယ်လေးပါးရောက်စေတတ်သော မကောင်းသော အလှူကိုပေးလှူတတ်ကြပါတယ်။အဲဒီအလှူဒါနသည် ကုသိုလ်မရသည့်အပြင်အပ္ပါယ်လေးပါးကိုရောက်စေတတ်ပါသောကြောင့် အားလုံးသော ဒကာ ဒကာမ များ ထိုထိုသော အလှူကိုမပေးလှူမိဖို့တိုက်တွန်းအပ်ပါတယ်။

(၂) - သရည် သေရက်(ဘီယာ ထန်းရည် ဆေးခြောက်စသည်)လို့ခေါ်တဲ့ မဇ္ဇဒါန ပါ။ အဲဒီအလှူကိုလည်းယခုခေတ်မှာ အများကြီးတွေ့ရတတ်ပါတယ်။ မိမိရဲ့မွေးနေ့မှာသော်လည်းကောင်း အလုပ်အကိုင်အဆင်ပြေလို့ သော်လည်း သူငယ်ချင်း မိတ်ဆွေ များကို ဖိတ်ပြီး သေရည် သေရက် ဘီယာစသည့်ဖြင့် ပေါ့လေ ပြုလုပ်ကောင်း လှူဒါန်းကောင်း အပြစ်ကင်းသည်ဟုထင်မှတ်ပြီး ဒါနပြု ကျွေးမွေးတဲ့အလှူဒါနကိုပြောလိုတာပါ။တကယ်တော့အဲဒီဒါနဟာလည်း အပြစ်မကင်းတဲ့ဒါန ကုသိုလ်မရတဲ့ ဒါန အကုသိုလ်ဖြစ်တဲ့ဒါန အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနပါ။ဒါကြောင့်ထိုထိုသောဒါနကိုလည်း အားလုံးသော ဒကာ ဒကာမများမပေးလှူမိဖို့တိုက်တွန်းအပ်ပါတယ်။

(၃) - ဣတ္ထိဒါန ဆိုတာ မရိုသေစကား ယခုခေတ်အတိုင်းတာနဲ့ပြောရမယ်ဆိုရင် မိမိ၏ မိတ်ဆွေ သူငယ်ချင်း ညီအစ်ကိုများ ကာမဂုဏ်ပျော်ပါးစေဖို့အတွက် မိမိက အခကြေးငွေအကုန်ကျခံပြီး ငှားရမ်းပေးတဲ့(prostitute) အလှူဒါန ကိုပြောလိုခြင်းဖြစ်ပါတယ်။အဲဒီလို အခကြေးငွေအကုန်ကျခံပြီးလုပ်လိုက်တဲ့ အလှူဟာလည်း အပြစ်မကင်း ကုသိုလ်မရ အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနဖြစ်လို့ ထိုထိုသော အလှူဒါနမျိုးကို မပေးလှူမိဖို့ တိုက်တွန်းပါတယ်။

(၄) - ဥသဘဒါန ကတော့ နွားတို့မှာ ဦးဆောင်နွားလား ..မြင်းတို့မှာလည်းဦးဆောင်မြင်းလား တို့ကိုပေးလှူတဲ့အလှူဒါနပါ။ ယခုခေတ်မှာအနည်းငယ်ရှားပါးပါတယ်။

၅။ စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော အလှူ။ ဆိုတာက မိမိမိတ်ဆွေ အပေါင်းသင်းနဲ့ ဘုန်းတော်ကြီးကျောင်းများသို့ ကာမဂုဏ်စိတ် ကာမရာဂ စိတ်တွေဖြစ်ပေါ်စေတတ်သော အမျိုးသမီးဓာတ်ပုံများ ။ပြက္ခဒိန်များ။ နောက်အပြုအမူများ စသည်တို့ကိုပေးလှူတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။ ထိုထိုအလှူသည်လည်း အပြစ်မကင်းသော ကုသိုလ်မရသော အပ္ပါယ်လေးပါးရောက်စေတတ်သော အလှူဒါနဖြစ်သည့်အတွက် ထိုအလှူဒါနကိုလည်း မပေးလှူမိဖို့တိုက်တွန်းပါတယ်။

၆။ သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက် အလှူ ဆိုတာက လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စု ဒါမှမဟုတ်အဖွဲ့တစ်ဖွဲ့စသည်ဖြင့်ပေါ့လေ သတ်ဖြတ်ဖို့အတွက် သေစေနိုင်သော လက်နက်များကို အခမဲ့ လုပ်ပေးခြင်း ပေးလှူခြင်း အလှူဒါနကိုပြောခြင်းဖြစ်ပါတယ်။

၇။ ၀ိသဒါန - အဆိပ်အလှူ ဆိုတာက တစ်ဦးတစ်ယောက် ကိုသေစေလိုသောစေတနာဖြင့် သေစေနိုင်သော အဆိပ် ဆေးများကိုပေးလှူတဲ့ဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

၈။ သင်္ခလိကဒါန - လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ ဆိုတာက တစ်ဦးတစ်ယောက်ကိုချုပ်နှောင်ဖို့ ဒုက္ခဖြစ်စေဖို့ ဆင်းရဲစေဖို့အတွက် လှူဒါန်းတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။

၉။ ကုက္ကုရ သူကရ ဒါန -ကြက် ဝက် သားကောင်အလှူဆိုတာက သူတစ်ပါးအား အသက်ရှင်လျက်ရှိသော ကြက် ဝက် များကို ကိုယ်တိုင်သတ်ပြီးတော့၄င်း သူတစ်ပါးအားသတ်စေပြီး ချက်ပြုတ်စားသောက်ရန်အလို့ငှာ လှူဒါန်းတဲ့အလှူဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

၁၀။ တုလာကူဋ မာနကူဋ - ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူဆိုတာက ရောင်းတဲ့(အလေး)တစ်မျိုး။ ဝယ်တဲ့(အလေး)ကတစ်မျိုး။ (ချိန်ခွင်နဲ့စျေးရောင်းသူ)ထို့ပြင် ရောင်းတဲ့(ပြည်တောင်း)ကတစ်မျိုး။ ဝယ်တဲ့ (ပြည်တောင်း)ကတစ်မျိုး(ဆန်ရောင်းသူများ)ဖြစ်စေဖို့အတွက် အလေးချိန်ခွင် ပြည်တောင်းများကိုထုတ်လုပ်ရောင်းချခြင်း။ ဒါမှမဟုတ် ပေးလှူခြင်း စတဲ့အလှူဒါနမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။

ယခုဖော်ပြပြီးတဲ့ မပေးလှူကောင်းသော အပြစ်မကင်းသော အပ္ပါယ်လေးပါးကိုရောက်စေတတ်သော အလှူဒါနများကို အပြစ်ကင်းသော ကုသိုလ်ရသောအလှူဒါနဟုထင်မှတ်ပြီး ပြုလုပ်ခဲ့မိရင်လည်းနောင်တတွေ စိတ်မချမ်းသာမှုတွေမဖြစ်ကြပဲ ။နောင်တစ်ကြိမ်မပေးလှူမိအောင် မပြုလုပ်မိအောင် ဆင်ခြင်ကြစေဖို့ အထူးတိုက်တွန်းလိုပါတယ်။ ထိုထိုသို့သော အလှူများကသည်ဆိုခဲ့ပြီးသည့်အတိုင်း ကုသိုလ်မရသည့် အပြင် အပ္ပါယ်လေးပါးကိုရောက်စေတတ်တာကြောင့် အားလုံးသော ဒကာ ဒကာမ များ အထူးရှောင်ကြဉ်ပြီး အပြစ်ကင်းသော ကုသိုလ်ဖြစ်သော ဒါနကောင်းမှု များစွာကိုအားထုတ်ကြပြီး သီလ ဘာဝနာ ဝိပဿနာများကိုပါ အချိန်ရသလောက်စောင့်ထိန်း ပွားများနိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အသက်ထက်ဆုံး သာသနာပြုနိုင်သော ပုဂ္ဂိုလ်များဖြစ်ပါစေဟုဆန္ဒပြု ဆုတောင်းလိုက်ရပါသည် ။

Source; အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ် အိန္ဒိယ နိုင်ငံ)

No comments