New Artical

ရတနာသုံးပါး

 #ရတနာသုံးပါး

***

ရတနာသုံးပါး (အင်္ဂလိပ်: Triple Gems or Three Jewels or Threefold Refuge) ဆိုသည်မှာ ဗုဒ္ဓဘာသာအရ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ ကိုရည်ညွှန်းသော စကားရပ်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ အမြင့်ဆုံး ကိုးကွယ်ဆည်းကပ်ရာ သုံးပါးဖြစ်သည်။


#အနက်အဓိပ္ပာယ်များ

ရတနာသုံးပါးကို သင်္သကရိုက်ဘာသာစကားဖြင့် တြိရတ်န (Triratna) ဟူ၍ သုံးနှုန်းပြီး ပါဠိဘာသာဖြင့် တိရတန (Ti-ratana) ဟူ၍ ခေါ်ဝေါ်သည်။


ရတနာသည် နှစ်သက်ဖွယ်ကောင်းသော၊ မြတ်နိုးဖွယ်ကောင်းသော အရာဖြစ်သည်ဟု မြန်မာစာအဖွဲ့၏ အဘိဓာန်တွင် ဖွင့်ဆိုသည်။  ပါဠိဘာသာစကားဖြင့် ရတန ဟူ၍ သုံးနှုန်းသည်။ "စိတ္တိကတံမဟဂ္ဃဉ္စ၊ အတုလံ ဒုလ္လဘဒဿနံ" ဟူသော ပါဠိဂါထာတစ်ပုဒ်တွင် ရတနာ ခေါ်ဆိုပုံနှင့်ပတ်သက်၍ အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်နိုင်သည်။ စိတ္တကတံ သည် လူတိုင်းနှစ်သက်၊ ကျေနပ်သောအရာဖြစ်သည်။ မဟဂ္ဃတ သည် တန်ဖိုးကြီး၏ ဟူ၍ အဓိပ္ပာယ်ရှိကာ အတုလ ၏ သဘောသည် နှိုင်းယှဉ်၍ မရနိုင်သော အဓိပ္ပာယ်ရပြီး ဒုလ္လဘဒဿန သည် တွေ့မြင်ရန်ခဲယဉ်းသော အနက်ရရှိ၏ ။


ရတနာကို လောကီရတနာနှင့် လောကုတ္တရာ ရတနာဟူ၍ အုပ်စုနှစ်ခုခွဲခြားနိုင်သည်။ လောကုတ္တရာရတနာနှင့် ပတ်သက်၍ ထေရဝါဒ၊ မဟာယာနနှင့် အခြားသော ဗုဒ္ဓဘာသာများတွင် ရတနာသုံးပါးရှိကြသည်။ ထိုရတနာသုံးပါးမှာ :


• ဗုဒ္ဓရတနာ (သို့) ဘုရားရတနာ

• ဓမ္မရတနာ (သို့) တရားရတနာ

• သံဃရတနာ (သို့) သံဃာရတနာ တို့ဖြစ်ကြသည်။

ဖော်ပြပါ ရတနာသုံးပါးကို သရဏဂုံသုံးပါးဟူ၍လည်း အမည်တစ်မျိုးဖြင့် ခေါ်ဝေါ်ကြ၏ ။


လောကီလောကုတ္တရာ ရတနာနှစ်မျိုးတို့ကို ရတနာခေါ်ဆိုခြင်း အကြောင်းမှာ−


1• အရိုအသေပြုအပ်ခြင်း၊

2• အဖိုးများစွာ ထိုက်တန်ခြင်း၊

3• အတုမရှိခြင်း၊

4• မြင်ရခဲခြင်း၊

5• မြင့်မြတ်သောသူတို့ အသုံးအဆောင်ဖြစ်ခြင်း တို့ဖြစ်ကြသည်။

ရတနသုတ်တွင် ရတနာဟူသော အရာများသည် လူ့ပြည်တွင်သာမက ဗြဟ္မာပြည်၊ နတ်ပြည်၊ နဂါး၊ ဂဠုန်ပြည်တို့တွင်လည်း ရတနာများစွာရှိပေသည်။ သို့သော်လည်း ဗုဒ္ဓ၊ ဓမ္မ၊ သံဃ ဟုဆိုအပ်သော ရတနာသုံးပါးနှင့် တူသော၊ နှိုင်းယှဉ်နိုင်သော ရတနာမရှိဟု ဖော်ပြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ရတနာသုံးပါးကို အခြားရတနာများကဲ့သို့မဟုတ်ဘဲ အမြင့်ဆုံးအနေအထား၌ ထားရှိ၍ ကိုးကွယ်ဆည်းကပ်ကြသည်။


#ဗုဒ္ဓဘာသာရွတ်ဆိုပုံများ

#ထေရဝါဒဗုဒ္ဓဘာသာ

ထေရဝါဒဗုဒ္ဓဘာသာတွင် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ရာ၌ ဤသို့ တစ်ညီတည်း ရွတ်ဆိုကြသည်။


#ဗုဒ်ဓံ_သရဏံ_ဂစ်ဆာမိ

Buddham saranam gacchāmi

ဗုဒ္ဓဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ ။

#ဓမ်မံ_သရဏံ_ဂစ်ဆာမိ

Dhammam saranam gacchāmi

ဓမ္မတရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ ။

#သံဃံ_သရဏံ_ဂစ်ဆာမိ

Sangham saranam gacchāmi

သံဃာတော်များကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ ။

____________________________________________


မဟာယာနဗုဒ္ဓဘာသာ

မဟာယာနဗုဒ္ဓဘာသာတွင် တရုတ်ဘာသာစကားအားဖြင့် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ရာ၌ ဤသို့ရွတ်ဆိုကြသည်။


• ဗုဒ္ဓဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ ။ များလူသတ္တဝါများ ဘုရားဟောကြားတရားများကို နားလည်ကြ၍ အကြီးမြတ်ဆုံး သံန္နိဋ္ဌာန် ရှိကြပါစေ။

自皈依佛,當願眾生,體解大道,發無上心。

• ဓမ္မတရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ ။ များလူသတ္တဝါများ ဓမ္မတရားများ (သုတ္တံများ) ကို နားလည်ကြ၍ ဉာဏ်ပညာသည် ပင်လယ်အလား ကျယ်ပြန့်ကြပါစေ။

自皈依法,當願眾生,深入經藏,智慧如海。

• သံဃာတော်များကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ ။ များလူသတ္တဝါများသည် သံဃာအား အနှောက်အယှက်မပြုမိစေဘဲ သံဃာညီညွတ်စေရန် ပြုမူနိုင်ကြပါစေ။

自皈依僧,當願眾生,統理大眾,一切無礙。


ကိုးကား - [1] ဒေါက်တာနန္ဒမာလာဘိဝံသ. ရတနသုတ်

                    အနှစ်ချုပ်။

               [2] မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)

ကိုဖြိုး (ဧရာမြေ)


၂.၁၂.၂၀၂၀

No comments