New Artical

ပင်ပွားစေ့နှင့် ကျန်းမာရေး အကျိုးကျေးဇူး

 
ပင်ပွားစေ့နှင့် ကျန်းမာရေး အကျိုးကျေးဇူး

ပင်ပွားစေ့ကဝိတ်ကျစေတာယုံပါသလား

ပင်ပွားစေ့လေးတွေက လူတွေကို

ဘယ်လိုကောင်းကျိုးပေးလဲဆိုရင်

ပင်ပွား (လုံးစေ့) ဆိုတာဘာလဲ

ဘယ်ကရလဲ ဘယ်မှာသုံးလဲ ဆိုတာ

သိချင်ကြမယ် ထင်ပါတယ်နော်


        ပင်ပွားစေ့ ဆိုတာ ကမ္ဘာပေါ်မှာ လူသိများတဲ့ ဆေးဖက်ဝင်အပင်ဖြစ်တဲ့ ပင်စိမ်းပင်က အစေ့ဖြစ်ပါတယ်။ ပင်ပွားစေ့ကို အချိုပွဲတွေနဲ့ စားသောက်ဖွယ်ရာတွေထဲမှာ ထည့်သွင်းတည်ခင်းလေ့ရှိပါတယ်။ ပင်ပွားစေ့မှာ ခန္ဓာကိုယ်အကျိုးပြု ဓာတ်ပေါင်းများစွာပါဝင်ပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင် ကေ၊ ပရိုတင်း နှင့် အခြားအင်အားပြည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ စတာတွေပါဝင်ပါတယ်။

ပင်စိမ်းပင် မျိုးကွဲများဖြစ်တဲ့ ထိုင်းပင်စိမ်း၊ သံပုရာပင်စိမ်း၊ ပင်စိမ်းချို၊ ပင်စိမ်းကြီးများစွာထဲမှ ပင်စိမ်းကြီးပင်မှ ပင်ပွားစေ့ရရှိတာဖြစ်ပါတယ်။ ပင်စိမ်းပင်စိုက်ခြင်းဖြင့် ပင်ပွားစေ့အ‌လွယ်တစ်ကူရရှိမှာ ဖြစ်ပါတယ်။ ပင်စိမ်းပင်ဟာ နှစ်ရှည်ခံအပင်အမျိုးအစားထဲတွင်ပါဝင်ပါတယ်။ 

ပင်ပွားစေ့အတွက် ရည်ရွယ်၍ ပင်စိမ်းပင်စိုက်ပျိုးပါက အညွှန့်မချိုးပေးရပါဘူး။ ထိုမှသာ အပွင့်ပွင့်ပြီး အစေ့ရရှိပါမယ်။ အပွင့်အရောင်ဟာ မျိုးပေါ်မူတည်ပြီး အဖြူရောင်၊ ခရမ်းရောင် အမျိုးမျိုးရှိပါတယ်။ အရွက်အတွက် ရည်ရွယ်ပါက အညွှန့်ချိုးပေးရမယ်။

ပင်စိမ်းပင်ဟာ ဘယ်‌မြေမျိုးတွင်မဆို စိုက်ပျိုးနိုင်ပြီး ရေ ရရှိရန်လိုအပ်ပါတယ်။ ပင်ပွားစေ့ဟာ အပင်ပြန်လည် စိုက်ပျိုးရန်အတွက်လည်း အသုံးပြုနိုင်ပါတယ်။ အပင်အတွက်အသုံးပြုပါက တစ်ညသိပ်ရေစိမ်ပြီး စိုက်ပျိုးနိုင်ပါတယ်။

အစားအသောက်အတွက် အသုံးပြုမည်ဆိုပါက အသုံးပြုမည့် ပမာဏအနည်းငယ် (လက်ဖက်စားဇွန်း တစ်ဇွန်းလျှင် ရေ ၂၃၇ မီလီလီတာ)ကို ၁၅မိနစ်ခန့်ရေစိမ်ပြီး အသုံးပြုမည့် အရာများနဲ့ တွဲဖက်စားသုံး နိုင်ပါတယ်။ ၁၅မိနစ်ခန့် စိမ်ပြီးပါက ပင်ပွားစေ့ဟာ မူလအနက်ရောင်မှ မီးခိုးရောင်အဖြစ်ပြောင်းသွားမှာ ဖြစ်ပါတယ်။ အလယ်မှာ အနက်ဆံလေးရှိပြီး ဂျယ်လီသားလိုပုံစံလေးက ဝန်းရံထားသလိုပါ။ ရေစိမ်မှသာ စားသုံးနိုင်မှာ ဖြစ်ပါတယ်။ အရသာကတော့ ထူးထူးခြားခြားမရှိပေမဲ့ အစေ့လေးတွေကို စားမိရင် ဝါးလို့ကောင်းပါတယ်။

သတိပြုရမည်မှာ ရေထိ‌တွေ့ မှု့ မညီညာပါက အချို့သောအစေ့များ မပွလာနိုင်ပါ။ ရေစိမ်ပြီးသားကို ပမာဏများစွာ တစ်ပြိုက်နက် စားသုံးပါက သီးတတ်တဲ့အတွက် ‌ဖြေးဖြေးချင်းစားဖို့တော့ သတိပေးချင်ပါတယ်။ ဓာတ်မတည့်မှု များမရှိသလောက်နည်းတဲ့အတွက် လူတိုင်းစားသုံးနိုင်ပါတယ်။

ပင်ပွားစေ့အသုံးပြုနိုင်သောနေရာများ

• သစ်သီးဖျော်ရည်များတွင် ထည့်စားခြင်း
• ကျောက်ကျောထဲတွင် ထည့်စားခြင်း
• အချိုပွဲများတွင်ထည့်ခြင်း
• ရေခဲမုန့်များတွင် ထည့်ခြင်းများ
• ဒိန်ချဉ်
• မစ်ရှိတ်များတွင် ထည့်စားခြင်းများ  ပြုလုပ်ကြပါတယ်။


ပင်ပွားစေ့သည် ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူ ပြုပါတယ်။ 

  • အိုမီကာ သရီးဖက်တီး အက်စစ် ကြောင့် ကိုယ် အလေးချိန်ကျစေခြင်း
  • အအေးဓာတ်ရရှိခြင်း
  • သွေးတွင်းသကြားဓာတ် ထိန်းညှိပေးနိုင်ခြင်း
  • ဝမ်းချုပ်လေပွ သက်သာစေခြင်း
  • အစာအိမ်အချဉ်ပေါက်ခြင်း
  • ရင်ပူသက်သာစေခြင်း  ...    စသည့်အကျိုးကျေးဇူးများစွာရှိပါတယ်။

အရေပြားကျန်းမာစေခြင်း

          ပင်ပွားစေ့လေးတွေမှာ အရေပြားမှိုစွဲတာနဲ့ ဘက်တီးရီးယားကူးစက်မှုတွေကို ဟန့်တားပေးနိုင်စွမ်းရှိတဲ့အစွမ်းသတ္တိရှိတာကြောင့် အရေပြားကျန်းမာရေးကောင်းမွန်စေပါတယ်။ ပင်ပွားစေ့တွေကို စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်းက မလိုလားအပ်တဲ့အဆီ၊ အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို သဘာဝအတိုင်း သန့်စင်ဖယ်ရှားပေးတာကြောင့် အသားအရေကို ပိုပြီးကြည်လင်ဝင်းမွတ်လာစေပါတယ်။

ဆံပင်ကို လှပသန်စွမ်းစေခြင်း

          ပင်ပွားစေ့တွေမှာ ဗီတာမင်ကေ၊ သံဓာတ်နဲ့ ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါရှိတာကြောင့် သန်စွမ်းလှပတဲ့ ဆံကေသာကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။ ပင်ပွားစေ့က ဆံပင်ကျွတ်တာတွေကိုလည်း ထိရောက်စွာသက်သာစေတဲ့အပြင် နေ့စဉ်လိုအပ်တဲ့အာဟာရတွေကိုလည်း ဖြည့်ဆည်းပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်ကျစေခြင်း

          အဝလွန်တဲ့ကိစ္စက ဆာလောင်မှုတွေကြောင့် အဓိကဖြစ်လာရတာဖြစ်ပြီး ဆာလို့ စားလေ၊ ပိုပြီးဝလေပါပဲ။ အစာမျှင် (dietary fiber) တွေမြင့်မားစွာပါရှိတဲ့ ပင်ပွားစေ့တွေကိုစားပေးခြင်းအားဖြင့် အစာအိမ်ထဲမှာ အချိန်အကြာကြီး ဗိုက်ပြည့်နေသလို ခံစားရစေတာကြောင့် ဆာလောင်စိတ်ဖြစ်ခြင်းကို လျှော့ချပေးပါတယ်။ ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်မှာ စုဝေးနေတဲ့ အဆီပိုတွေကိုလည်း ပိုပြီးလောင်ကျွမ်းစေပါတယ်။

အအေးမိချောင်းဆိုးခြင်းကို သက်သာစေခြင်း

          နာကျင်ကိုက်ခဲနေတဲ့ ကြွက်သားတွေကို သက်သာပြေလျော့စေတဲ့ antispasmodic properties တွေလည်း ပင်ပွားစေ့မှာပါရှိပါတယ်။ ပင်ပွားစေ့တွေမှာ ဘက်တီးရီးယားဆန့်ကျင်ပစ္စည်းတွေနဲ့ ရောင်ရမ်းမှုဆန့်ကျင်ပစ္စည်းတွေလည်းပါတဲ့အတွက် လည်ချောင်းနာတာနဲ့ ချောင်းဆိုးတာတွေကို သက်သာစေပါတယ်။

ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း

          ရေစိမ်ထားတဲ့ ပွနေတဲ့ပင်ပွားစေ့တွေက အူမလှုပ်ရှားမှုကို ကူညီပေးပါတယ်။ ရေစိမ်ထားလို့ ဖြစ်လာတဲ့ဂျယ်လီလို အဖြူသားလေးက ဝမ်းပျော့စေတဲ့ Laxative လိုမျိုးလုပ်ဆောင်ပေးတဲ့အတွက် ဝမ်းချုပ်ခြင်းကို သက်သာစေပြီး ဝမ်းပုံမှန်သွားစေဖို့ ကူညီပေးပါတယ်။

စိတ်ဖိစီးမှုများနှင့် စိတ်ပင်ပန်းမှုများကို ပြေလျော့စေခြင်း

          ပင်ပွားစေ့တွေက စိတ်ပင်ပန်းမှုတွေကို ပြေလျော့စေကာ စိတ်ကျဝေဒနာခံစာရခြင်းကို လျှော့ချပေးပြီး စိတ်ခံစားချက်ကို ကောင်းမွန်အောင်မြှင့်တင်ပေးနိုင်တာကြောင့် နေ့စဉ်စားသောက်မှုထဲမှာ ပင်ပွားစေ့တွေကို ထည့်ပြီး စားသုံးပေးသင့်ပါတယ်။


Credit Original Writer

No comments