New Artical

ပဟေဠိဆန်တဲ့ ကြတ်ဂူ


ပဟေဠိဆန်တဲ့ ကြတ်ဂူ

ကြတ်ဂူ သည်​ကယားပြည်နယ်​၊ လွိုင်ကော်မြို့​တွင် တည်ရှိသည့် သဘာဝ ထုံးကျောက်လိုဏ်ဂူတစ်ခု ဖြစ်သည်။လူသေတို့၏ အခေါင်းများဟု ယူဆရသည့် သစ်သားအကျိုးအပဲ့များကြောင့် လူအများ စိတ်ဝင်တစား သွားရောက်လေ့လာကြသည်။​


သမိုင်းကြောင်း

ကြတ်ဂူသည် တစ်ဖက်ပိတ် ဂူအမျိုးအစား ဖြစ်သည်။ ၂၁၉၄ မီတာရှည်လျားသည်။ အတွင်းပိုင်းသို့ တဖြည်းဖြည်း ကျဉ်းသွားသည်။ ဂူပေါက်ဝမှ ပေ ၃၀၀ ခန့်တွင် အခေါင်းပုံစံ သစ်သားနှင့် သစ်သားအပိုင်းများကို တွေ့ရှိရသည်။ အချို့ကို အပိုင်းအစများ၊ အကျိုးအပဲ့များ အဖြစ်သာ တွေ့ရသည်။


တည်နေရာနှင့် လမ်းပန်းဆက်သွယ်ရေး

ကြတ်ဂူသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့၏ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ဂူတည်ရှိရာ တောင်ကို ဒေသခံတို့က ကယားဘာသာစကားဖြင့် ရာစုကူ ဟု ခေါ်ကြသည်။ ဂူသည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၉၉၀ ပေတွင် တည်ရှိပြီး တောင်ခြေမှ အမြင့်ပေ ၁၂၀ တွင် တည်ရှိသည်။ ကြတ်ဂူတည်ရှိရာ တောင်ခြေသို့ ကားဖြင့် အလွယ်တကူ သွားရောက်နိုင်ပြီး တောင်ခြေမှတစ်ဆင့် ဂူသို့သွားရန် အုတ်လှေကားများ တပ်ဆင်ထားသည်။​





ကိုးကား
↑ ၁.၀ ၁.၁ ၁.၂ လွိုင်ကော်နှင့် ကြတ်ဂူပဟေဠိ | NPE
↑ ၂.၀ ၂.၁ ၂.၂ ပဟေဠိဆန်တဲ့ ကြတ်ဂူ | Myanma Radio and Television။ 22 July
ခရက်ဒစ်....ဝီကီပီးဒီးယား 





သစ်သား ခေါင်းတလားတွေနဲ့ ခြောက်ခြားစရာ ကြတ်ဂူ

လွိုင်ကော်ဝန်းကျင်မှာ နာမည်ကြီးတဲ့ လည်ပတ်စရာ နောက်တစ်ခုက ကြတ်ဂူပါ။ ခုနက ခရီးစဉ်တွေနဲ့ ဆက်စပ်လို့ မရပါဘူး။ အရှေ့နဲ့ အနောက် ခရီးစဉ်တွေ ဖြစ်နေတာမို့ ကြတ်ဂူကို သွားမယ်ဆိုရင် ဒီးမော့ဆိုကနေ လွိုင်ကော်မြို့ထဲ ပြန်ဝင်ရပါတယ်။ 


တစ်နေ့တည်းနဲ့ အစုံရောက်အောင် သွားရတာမို့ မွန်းလွဲ ၁ နာရီကျော်မှ လွိုင်ကော်မြို့ထဲ နေ့လယ်စာ စားကြရတယ်။ လွိုင်ကော်မြို့ထဲက စားကောင်းတဲ့ ရွှေလက်ရာ မြန်မာထမင်းဆိုင်မှာ စားဖြစ်ခဲ့တယ်။ 


အဲဒီကနေမှ ကြတ်ဂူရှိတဲ့ လွိုင်ကော်မြို့ အရှေ့ဘက် ၁၀ မိုင်ကို သွားကြပါတယ်။ ကြတ်ဂူက ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁၉၉၀ မှာရှိတဲ့ ထုံးကျောက်ဂူ တစ်ခုပါ။ ကယားလို ရာစုကုလို့ ခေါ်ပါတယ်။ ဒီဂူအတွင်းမှာ သစ်လုံးကိုထွင်းပြီး လုပ်ထားတဲ့ သစ်သားခေါင်းတလားတွေ အများအပြား တွေ့ရှိခဲ့ကြပါတယ်။ 


တချို့ခေါင်းတလားတွေက ၁၅ ပေအထိ ရှည်ကြပါတယ်။ အတိုဆုံး နှစ်ပေရှိတဲ့ ခေါင်းတလားတွေအထိ ရှိကြပါတယ်။ ခေါင်းတလားတချို့ကို မြေပြင်မှာ၊ တချို့ကို ပေ ၂၀၊ ၃၀ လောက်မြင့်တဲ့ ဂူမျက်နှာကြက်တွေမှာ တွေ့ကြရတာပါ။


လွန်ခဲ့တဲ့ နှစ် ၇၀ လောက်တုန်းကတော့ အခေါင်းတွေထဲမှာ အရိုးစုတွေ တွေ့ရ တယ်လို့ ပြောကြပေမယ့် ခုရှိနေတဲ့ အခေါင်းတွေမှာတော့ အရိုးစုတွေ မတွေ့ရပါဘူး။ လက်ရှိအချိန်အထိ ခေါင်းတလား ၁၅၀ လောက် တွေ့ထားပြီ ပြောပေမယ့် ကျွန်တော်တို့ကတော့ အထဲမှာ နည်းနည်း ပဲမြင်ခဲ့ရတယ်။


သဘာဝလိုဏ်ဂူတစ်ခု ဆိုပေမယ့် ဘာသာရေး ယုံကြည်မှုတွေနဲ့ နွယ်ပြီး ဂူအတွင်းကို ဖိနပ်ပေးမစီးသလို၊ ဂူ အတွင်းနဲ့ အနီးဝန်းကျင်မှာ သောက်စား မူးယစ်တာ၊ စည်းကမ်းမဲ့ အမှိုက်ပစ်တာ၊ မဟုတ်တာလုပ်တာ၊ အပြောအဆို ညစ်ညမ်းတာ၊ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးတာတွေ မလုပ်ဖို့ ပြင်းပြင်းထန်ထန် တားမြစ်ပါတယ်။ ဂူအတွင်း လည်တဲ့အခါ လက်နှိပ် ဓာတ်မီးယူသွားဖို့ သတိပေးသလို၊ ဂူအတွင်း လေ့လာချိန်ကိုလည်း မနက် ၉ နာရီကနေ ညနေ ၄ နာရီထိပဲ သတ်မှတ်ခွင့်ပြုပေးထားပါတယ်။


ကြတ်ဂူထဲကို ဝင်ဖို့ အရင်ဆုံး ထုံးကျောက်တောင်ကြီးပေါ် တက်ရပါတယ်။ အုတ်လှေကား ပြေပြေလေးတွေက လာပြီး လေ့လာသူတွေကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ဖိနပ်တွေကို ကားပေါ်မှာ ထားခဲ့တာလည်း သိပ်အဆင် မပြေပြန်ဘူး။ 


ကားကို ကြတ်ဂူရှိတဲ့ဝင်းရဲ့ အပြင်ဘက်မှာ ထားခဲ့ရပြီး လူတွေက အထဲကို လမ်းလျှောက်ဝင်ကြရတယ်။ ပြီးတော့ လှေကားကနေတစ်ဆင့် တောင်ပေါ်တစ်နေရာကို ပေ ၁၀ဝ လောက်တက် ရတယ်။ ဒီနေရာတွေမှာ ဖိနပ်မပါရင် အဆင်မပြေ ပြန်ဘူး။ ဖိနပ်ကို ဂူအဝင်ဝမှာ တည်ထားတဲ့ စေတီလေးနားက ဖိနပ် ထားတဲ့နေရာလေးမှာ ထားခဲ့လို့ရပါတယ်။


အဲဒီကနေ ဂူအတွင်းပိုင်းကို သစ်သားလှေကားနဲ့ တံတားထိုးထားတာတွေ ဖြတ်ပြီး ဝင်ရောက်ရပါတယ်။ ဂူထဲမှာ ကျောက်စွယ် ကျောက်ခတ်ပန်းဆွဲ တွေလည်း ရှိပါ တယ်။ လာရောက် လေ့လာသူတွေ အဆင်ပြေအောင်လို့ ဂူအတွင်းပိုင်း ပေ ၁၈၀ဝ ကျော် အထိ မီးကြိုးတွေသွယ်ပြီး မီးရောင်ပေးထားပေမယ့် အလွန်လုံလောက်တဲ့ ပမာဏတော့ မဟုတ်ပါဘူး။


ဓာတ်မီးလည်း မပါတော့ ကိုယ့်ဖုန်းမီးလေးတွေကို ပဲ အားကိုးပြီး လျှောက်ရပါတယ်။ ဂူအတွင်း စဝင်ဝင်ချင်းတော့ နည်းနည်း ခြောက်ခြားပါတယ်။ နောက်တော့ တဖြည်းဖြည်း သွားလာရအဆင်ပြေလာတယ်။ အသက်ရှူလို့ မဝချင်သလို ဖြစ် တတ်တယ်။


ဂူအတွင်းထဲမှာလည်း ဘုရားတည်ထားတာ တွေ့တယ်။ မီးတန်းသွယ်တဲ့နေရာ ပြီးသွားရင် ရှေ့ဆက်သွားဖို့ အဆင်မပြေတော့ပါဘူး။ တချို့ လေ့လာသူတွေလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် တော်တော်နက်နက်အထိ ဝင်ကြည့်ကြတယ် ကြားဖူးပါတယ်။ 


တချို့ကလည်း ဒီကြတ်ဂူအတွင်းမှာ ဘုရင်တစ်ပါးပါးနဲ့ သူ့အမှုထမ်းတွေရဲ့ ခေါင်းတလားတွေ ရှိနေနိုင်တဲ့ အတွက် စိတ်ဝင်စားစရာတွေ ရှိမယ်လို့ ယူဆကြတယ်။ ရှာတွေ့နိုင်ဖို့ ကြိုးစားကြတယ်လို့လည်း ပြောသံကြား ခဲ့ဖူးတယ်။ ကျွန်တော်တို့ကတော့ ကြတ်ဂူအတွင်း သတ်မှတ်ထားတဲ့နေရာ အရောက်မှာ ပြန်လှည့်ခဲ့ကြတယ်။


ကြတ်ဂူတောင်က အဆင်းလမ်းမှာ သတိပြုမိတာ တံခွန်တိုင်စိုက်ထူထားတာပဲ။ ဒီဘက်မှာ တံခွန်တိုင် စိုက်ထူပူဇော် လှူဒါန်းရင်း ဆုတောင်းတဲ့ ဓလေ့နဲ့ အစဉ်အလာရှိကြောင်းကို မှတ်သားမိတယ်။ 


ဒီတံခွန်တိုင်က သဘာဝတရားကို ရည်ညွှန်းတာဖြစ်ပြီး စကြဝဠာတစ်ခုလုံးနဲ့အတူ ကမ္ဘာ့ဓာတ်ကြီးလေးပါး ညီညာမျှတမှုရှိအောင် ရည်ရွယ်ဆုတောင်း စိုက်ထူထားတာလည်း ဖြစ်ပါတယ်။ ။


သီဟလုလင် -  ကယားတို့ဌာန ငွေတောင်ပြည် အပိုင်း(၂)မှထုတ်နုတ်ဖော်ပြပါသည်။









No comments