ဘုရင့်ညီဂူ နှင့် ရေပူစမ်း
ဘုရင့်ညီဂူ နှင့် ရေပူစမ်း
ဘုရင့်ညီဂူသည် ကရင်ပြည်နယ် ဘားအံမြို့နယ် တွင်တည်ရှိပြီး မွန်ပြည်နယ် သထုံမြို့နှင့် လည်း နီးကပ် စွာတည်ရှိသည်။
ဤဘုရင့်ညီနောင် ကျောက်ဂူကြီး၏ အမည်မှာ နောက်ဆုံးဖော်ထုတ်ကြသော အမည်ဖြစ်ပါသည်။ ရှေးဦးပထမ မဟာပါသာဏဂူ ရတနာကျောက်ဂူဟူ၍ ခေါ်ဆိုကြပါသည်။ ဒုတိယ ဘုရင်ကြီးဂူ ရတနာကျောက်ဂူဟူ၍ အဆင့်ဆင့်ပြောင်းလဲ ခေါ်ဆိုခဲ့ကြသည်။
ရှေးလွန်လေသော နှစ်ပေါင်း (၉၀၀) ကျော်ခန့်လောက်က ကရင်ပြည်နယ် ဘားအံ့မြို့ မြောက်ဘက် (၃)မိုင်ကျော် သံလွင်မြစ်နှင့် အနောက်ဘက်ကမ်း ကော့ဖြိုင်တောင်နှင့် တဆက်တည်း တည်ရှိလျှက် ကြာအင်းရွာအနီးတွင် နတ်နဂါးများ ပျော်ရွှင်မြူးတူးရာ တောင်ကြီးတစ်လုံးရှိလေသည်။ ထိုတောင်ကို နဂါးမြူး တောင်ဟု ခေါ်သည်။ ထိုတောင်ကြီး၏ မြောက်ဘက် နှစ်မိုင်ကွာလောက်တွင် ရှည်လျားသောတောင်တန်းကြီး တစ်ခုရှိလေသည်။
ထိုတောင်ကို ဂဠုန်ပျော် တောင်ဟု ခေါ်သည်။ ဂဋ္ဋုံပျော်တောင်နှင့် မနီးမဝေးသော အနောက်ဘက် ကျောက်တစ်လုံးရွာ၏ အရှေ့တောင်ထောင့် တစ်မိုင်ခရီးတွင် စပါးလှမ်းတောင်ရှိလေသည်။ ဘုရင်ကြီးဂူတောင်၏ မြောက်ဘက်နှစ်မိုင်ခရီးတွင် မွန်ကရင်လူမျိုးများ ထီးနန်းများစိုက်ထူစိုးစံသောမြို့ မဟိသရာဇာခေါ် မွန်ဘုရင်တစ်ပါးရှိလေသည်။ မွန်ဘုရင်ကြီးတွင် သမီးတော်တစ်ပါး နှင့် သားတော် ကလေးတစ်ပါး ထွန်းကားလျက် ရှိလေသည်။ ဘုရင်ကြီးသည် ကျွဲ နွားများမွေးမြူသော ဝါသနာတစ်ခု ရှိလေသည်။
သုံးရာခန့်ရှိ၍ ကျွဲ များကိုထိန်းသိမ်း စောက့်ရှောက်ရန် ကျွဲကျောင်းသမားများကို ခန့်အပ်ပြီး ဘုရင်ကြီးဂူမြောက်ဘက် ခြောက်ဖာလုံခန့် မိချောင်ကွင်းအရပ်တွင် ထိန်းသိမ်း စောက့်ရှောက်စေသည်။ မွန်ဘုရင်ကြီး၏ ကျွဲအုပ်ကြီးသည် ဆင်းရဲသားတို့ စိုက်ပျိုးထားသော စိုက်ခင်းများကို မိမိတို့ နယ်နိမိတ် သတ်မှတ်ထားသော ကျွဲစားကျက်မှ ကျော်လွန်ပြီး ဖျက်ဆီး စားသောက်လေသည်။
ထိုအခါ ဆင်းရဲသားများပေါင်း၍ ဘုရင်ကြီးထံတွင် အကြောင်းစုံလင်စွာ ရှိခိုးအလွှာတင်သွင်း ဆက်သလေကြသည်။ ဘုရင်ကြီးသည် မိမိ၏ကျွဲများကို နိုင်နင်းစွာ ထိန်းသိမ်းစောင့်ရှောက်နိုင်သော လူများကို ရှာဖွေကြရမည်ဟု အမိန့်တော်ဖြင့် မှူးကြီး မတ်ကြီးများသည် ကျွဲထိန်းသမားကို ရှာဖွေလေသည်။ စပါးလှမ်းတောင်တွင် တောင်ယာလုပ်ကိုင်စားသောက်သော ဆင်းရဲသားအား ကာယဗလသတ္တိစွမ်းအင်များကို ကြည်ရှုကြလျက် ဘုရင်ကြီးထံ ခေါ်ဆောင်သွားကြသည်။
ဆင်းရဲသားလေး၏ ရုပ်သွင်ပြင်ကို ကြည့်ရှုစစ်ဆေးပြီး ဘုရင်ကြီးရဲ့ ကျွဲများကို ထိန်းသိမ်းစောက်ရှောက်ရန် လွှဲအပ်တော်မှုလေသည်။ ဆင်းရဲသားလုလင်သည် ကျွဲအုပ်ကြီးကို မိကျောင်းကွင်းသို့ မောင်းနှင်ကာ တောင်ဖိုတောင်မ နှစ်လုံးအနီးတွင်နေ၍ ထိန်းသိမ်းစောက်ရှောက်လေသည်။
နဂါးမြူးတောင် အုပ်ချုပ်လျက်ရှိသော နဂါးမင်းတစ်ကောင်သည် ပြဒါးမျက်ရှင်လုံကို ငုံကာ ကစားပျော်မြူးလျက်ရှိလေသည်ကို ဂဠုန်မင်းတစ်ကောင်မြင်လေပြီး လိုက်လေရာ နဂါးမင်း ကြောက်ထိတ်လန့်သောကြောင့် လျင်မြန်စွာ ရှောင်ရှားထွက်ပြေးလေသည်။ နဂါးကို ဂဠုန်လိုက်သော အသံကို ကြားသိမြင်တွေ့ရသော် ဂဠုန်မင်းကို မိမိကိုင်ဆောင်သော မြားလက်နက်ဖြင့် တအားပစ်လိုက်ရာ ဂဠုန်မင်း၏ အတောင်နှစ်ဖက်ကို ထိမှန်သွားလေသည်။ မြားချက်ကြောင့် ဦးတည်ရာသို့ ပျံလေသော် ဘု၀ဏ္ဏဘူမိ သထုံမြို့ မြသပိတ်စေတီတော် အရှေ့အရပ် လ၀လူမျိုးများနေသော ဝါးပါးတောင်ကြားတွင်ကျ၍ အသက်ကုန်လေသည်။
ထိုအခါ ရန်သူ ဂဠုန်မင်းလက်မှ လွတ်ကင်းလာသော နဂါးမင်းသည်၀မ်းမြောက်ပြီး လူအသွင်ဆောင်၍ မြားလက်နက်ရှင် ကျွဲကျောင်းသားအား ကျေးဇူဆပ်သည့်အနေဖြင့် တန်ဖိုးမဖြတ်နိုင်သော ပြဒါးရှင်တစ်လုံး ပေးအပ်ပါသည်။ပြဒါးရှင်၏ အစွမ်းမှာ ခံတွင်းတွင် ငုံထားပါက တရိစ္ဆာန်တို့ရဲ့ အသံများကို ကြားရုံနှင့် သူတို့ရဲ့ အလိုဆန္ဒကို သိ၏။ သဗ္ဗသိဒ္ဓိ လိုရာခပ်သိမ်း ပြီးစီအောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ပြောဆိုကာသွားလေသည်။ကျွဲကျောင်းသားသည် ပြဒါးရှင်လုံးကို နှုတ်တွင်ငုံ၍ ကျွဲအုပ်ရှိရာ စခန်းသို့သွားလေသည်။
ထိုအခါ ကျွဲအုပ်ကြီးထဲမှ ကျွဲမကြီးသည် မိမိတို့ရဲ့ ဘာသာဖြင့် ဤသို့ပြောဆိုသတဲ့ ကျွဲများအပေါင်းတို့ သူတပါးတို့စိုက်ပျိုးလုပ်ကိုင်ထားတဲ့ ယာခင်း ပဲခင်း ကောက်စပါးခင်းများကို စားသောက်ဖျက်ဆီးခြင်းသည် ကောင်းသည်မဟုတ် မိမိတို့ဆိုင်ရာချမှတ်ထားသော စားကျက်အတွင်းရှိ အစာများကိုသာ စားရန် တိုက်တွန်းလေသည်။ ကျွဲမကြီးစကားကို အချို့ကျွဲများလိုက်နာကြသော်လည်း အချို့ကလိုက်နာခြင်းမရှိပေ။ ထိုအခါ ကျွဲကျောင်းသားသည် ကျွဲအုပ်ကြီးအနီးအပါးသို့ သွား၍ အမောင်ကျွဲအသင်းတို့ ငါသည် သင်တို့ရဲ့အရှင်သခင် ဘုရင်ကြီးထံမှ အမိန့်အာဏာရရှိ၍ အသင်တို့အား အုပ်ချုပ် ထိန်းးသိမ်း လျှက်ရှိသည်။
မိမိတို့ချမှတ်ထားသော ကျွဲစားကျက်မှတစ်ပါး တောင်သူလယ်သမားတို့ရဲ့ လုပ်ခင်းသီးနှံတို့ကို ဖျက်ဆီးပါက ကျွဲများကို အသက်အဆုံးစီရင်လိမ့်မည်ဟု အာဏာသံပေးလိုက်သောအခါ ကျွဲအပေါင်းတို့ တစ်ခါတရံမှ မကြားဘူးသော သူသားရဲ့စကားကိုကြား၍ တုန်လှုပ်ကြပြီး မိမိတို့ စားကျက်မှအမ အခြား တောင်ယာပဲခင်းတို့ကို မဖျက်ဆီးကြတော့ချေ။ရိုင်းဆိုင်းသောကျွဲအုပ်ကြီးသည် ကျွဲလိမ္မာအဖြစ်သို့ ထိန်းကျောင်းနိုင်သော ကျွဲကျောင်းသားအား ဘုရင်ကြီးက ဆုလာဘ်များ ပေးအပ်တော်မှုပေသည်။
ထို့နောက် ဘုရင်ကြီးသည် မိမိ၏ သားတော်တစ်ပါး နှင့် ကျွဲကျောင်းသားအတွက် မြင်းချောမြင်းလှ တစ်ကောင်စီ ၀ယ်ယူရန် ရပ်ဝေးသို့စေလွှတ်တော်မှုလေသည်။ ဖာပွန်မြို့နယ် ၀ရိတ်ခုံရွာအနီးသို့ ရောက်သောအခါ မင်းသားကလေးသည် နန်းတွင်းမှာ မွေးဖွားသော နန်းတွင်းသားဖြစ်ခြင်းကြောက့် ခရီးဆက်ရန်မတက်နိုင် မိမိနှစ်သက်သော မြင်းကို၀ယ်ပြီး နေပြည်တော်သို့ ပြန်လေသည်။ ကျွဲကျောင်းမသားမူကာ မိမိနှစ်သက်သောမြင်းကို မတွေ့သောကြောင့် တစ်ရွာမှ တစ်ရွာသို့လှည့်လည်ရှာဖွေရာ ရွာငယ်ကလေးတစ်ခု၌ အဖွားအိုမွေးဖြူထားသော သိန္ဓော မြင်းတစ်ကောင်ကို တွေ့မြင်လေသည်။
ထို သိန္ဓောမြင်းသည် ဤသို့ဆို၏ အမောင်လုလင်ပျို သင်သည် မြင်းကောင်း မြင်းသန့်ကို အလိုရှိလျှင် ငါ့ကို၀ယ်ယူပါလော ငါ၏ အရှင်ဖြစ်သော အဖွားအိုသည် ငါ့ကို ကြမ်းတမ်းလှသည်ဟုဆိုကာ ကြိုးလွန်းများဖြင့် မရုန်းနိုင်းအောင် ချည်နှောင်ကာ အစာရေစာမကျွေးဘဲ ထားသည် ငါ့အား အစာဝအောင်သုံးကြိမ် သုံးခါ ကျွေးမွေးလျှင် အတောင်နှစ်ဖက် ထွက်ပေါ်ပြီး သင်လိုရာစခန်းသို့ ပို့ဆောင်ပေးနိုင်မည် ဟုဆိုလေသည်။ ကျွဲကျောင်းသားသည် အဖွားထံချည်ကပ်ပြီး အဘွားမြင်းဟာ ပိန်ချုံးချိနဲ့ လှပါတကား အစာများကို မကျွေးဘူးလားဟုမေးလေရာ အဘွားအိုက မြင်းသည်အလွန်ဆိုး၏ အဖော်မြင်းများကို အလွန်ညှင်းပန်း နှိပ်စက်လှသည်။
ထို့ကြောင်အစာမကျွေး ဒဏ်ခတ်ထားသည်ဟုဆိုလေသည်။ ကျွဲကျောင်းသားက ဒုက္ခပေးသောဤမြင်းအား ကျွန်တော်အား ရောင်းလိုက်ပါလားဟုပြောရာ အဘွားအိုသည် အလိုလိုမုန်းတီးသော မြင်းကို အဖိုးငွေ သင့်သလိုနှင့် ရောင်းလေသည်။ သိန္ဓောမြင်းကို လမ်းခရီးအကြား ရွာတစ်ရွာတွင် သုံးကြိမ်တိုင်တိုင် အစာ အာဟာရကို အားရနှစ်သက်လောက်အောင် ကျွေးမွေးလေသည်။ ထိုအခါ သိန္ဓောမြင်းသည် အတောင်နှစ်ဖက်ထွက်ပေါ်လာ၍ ၎င်းကို တက်စီးပြီး ကောင်းကင်ခရီးဖြင့် ပျံလေရာ ဘုရင်ကြီးသားတော်နှင့် မရှေးမနှောင်း နေပြည်တော်သို့ ဆိုက်ရောက်လေသည်။
တရံရောအခါ ဘုရင်ကြီးသည် နိုင်ငံတော်တွင်ရှိ မြင်းရှင်များကို ခေါ်ပြီး ပြိုင်ပွဲသဘင် ကျင်းပလေသည်။ ကျွဲကျောင်းသားမြင်းသည် သိန္ဓောမြင်းဆိုသောအတိုင်း အခြားသော မြင်းတို့ထက် သာလွန်၍ ဒုန်းစိုင်းပြေးလွား နိုင်ခြင်း မီးတုတ်ဆွဲ၍ ပြေးစေခြင်းမှာ မြင်းကိုမမြင် မီးထုတ်ကိုသာ လူများမြင်ကြ၍ တအံ့တသြ ပြောပြ၍ မကုန်နိုင်အောင်ဖြစ်သော ထူးခြားချက်ကြောင့် ဘုရင်ကြီးက ဆုလာဘ်များစွာ ပေးကမ်းချီးမြှောက်ပြီး ပြဒါးရှင်တန်ခိုးကြောင့် ကျွဲကျောင်းသားအမည် ပျောက်ပြီး ရာထူးမြင့်၍ ဘုရင်ကြီးသမီးတော်နှင့် စုလျားရစ်ပတ် လက်ထပ်ရလေပြီး အိမ်ရှေ့မင်းအရာ အပ်နှင်းခံရလေသည်။
ထို့နောက် ကျွဲကျောင်းသားအိမ်ရှေ့မင်းသည် မိမိ၏ ပြဒါးရှင်လုံးကို ကျေးဇူရှင်ဖခမည်းတော်ဘုရင်ကြီးအား တင်ဆက်လိုက်လေသည်။ ထို့နောက် ဘုရင်ကြီးသည် သားတော်သီးတော်များကိုခေါ်၍ မှူးကြီး မတ်ရာ စုံညီရှေ့မှောက်တွင် အိမ်ရှေ့မင်းအားထီးနန်းအပ်ကာ ၀တ်ဖြူစင်ကြယ်ဖြင် မြို့တော်၏တောင်ဘက်မုဒ်မှ ထွက်တော်မှု၍ မဟာပါသာဏ ရတနာလိုဏ်ဂူသို့ ထွက်တော်မှုသည်။
ဘုရင်ကြီးသည် မိမိလက်၀ယ်ရှိ တေဇမဟိဒ္ဓိ သိဒ္ဓိပြီးစီး ပြဒါးရှင်လုံးကြီးကို နောင်လာ နောက်သားမျိုး လေးပါးသောကံအား ဥာဏ်အား ပါရမီအားအလျှောက် ထွန်းဖောက်နိုင်ကြပါမူကား မဟာပါသာဝဏ လိုဏ်ဂူတော်စောင့် နတ်မင်းကြီးအား အပြီးအပိုင် ထုတ်ပေးစေသတည်းဟု သစ္စာဓိဋ္ဌာန်ချက်ဖြင့် ရန်သူမျိုးငါးပါး မဖျက်နိုင်အောင် တစ်ခုသောနေရုာတွင် ဌာပနာသွင်း မြှုပ်နှံလေသည်။
ရှေးအခါက ဤမဟာပါသာဏာ ရတနာလိုဏ်ဂူတော်ကြီးသည် ဘုရင်ကြီး တရားအားထုတ်နေသည်မှ စ၍ နှုတ်ဖျားတွင် ဘုရင်ကြီးဂူဟူ၍ လည်းကောင်း ဘုရင်ဂျီးဂူဟူ၍ လည်းကောင်း ခေါ်ဝေါ်သမှုတ် ကြလေသည်။ ထိုဘုရင်ကြီးသည် အသက်ထက်ဆုံး ကျင့်သုံးနေထိုင်ပြီးလျှင် ၎င်းရတနာဂူတော်၌ လူ့ပြည်ငြီး၍ နတ်ထီး စံတော်မူလေသတည်း။
ကိုးကား - ဘားအံသတင်း
No comments