New Artical

နတ်ပြည်သွားမဲ့ ဥပုသ်သည်ဆိုတာ


တစ်ခါတုန်းက တာ၀တိံသာနတ်ပြည်က နတ်သမီးလေးတစ်ပါးဟာ လူ့ပြည်ကို နတ်မျက်စိနဲ့ကြည့်မိသတဲ့။ အဲဒီလိုကြည့်မိတဲ့အခါ လူ့ပြည်မှာ ဝါတွင်းကာလဖြစ်တာမို့ လူတွေအများကြီး ဥပုသ်စောင့်ကြတာကို တွေ့ရတာပေါ့။

အဲဒီအခါ နတ်သမီးလေးက သိကြားမင်းကြီးကို အရှင်သိကြားမင်း၊ လူ့ပြည်မှ လူတွေဒီလောက် ဥပုသ်စောင့်ကြရင် သူတို့ကွယ်လွန်တဲ့အခါ နတ်ပြည်ရောက်ကြမှာမို့ နတ်ပြည်မှာနေစရာမှ ရှိပါဦးမလားလို့ လျှောက်ထားလိုက်တယ်။

သိကြားမင်းက တရားတော်နဲ့အညီ ဥပုသ်စောင့်တတ်မှ ကုသိုလ်ကရတာ။ ကုသိုလ်ရမှ နတ်ပြည်ရောက်နိုင်တာ။ ဥပုသ်စောင့်တိုင်း နတ်ပြည်ရောက်နိုင်တာ မဟုတ်ဘူး။

သင်မယုံကြည်ရင် လူတွေ ဥပုသ်စောင့်တတ် မစောင့်တတ်နဲ့ ဥပုသ်စောင့်တဲ့သူတွေထဲက နတ်ပြည်ရောက်နိုင်တဲ့သူ ပါမပါကို ငါလက်တွေ့ပြမယ်လို့ နတ်သမီးလေးကိုပြောပါတယ်။

အဲဒီနောက် သိကြားမင်းဟာ မိမိကိုယ်ကို အသက်(၆၀)ကျော် အဘိုးကြီးအသွင် ဖန်ဆင်းလိုက်ပြီး နတ်သမီးလေးကိုတော့ (၁၆)နှစ်အရွယ် အပျိုမလေးလို ဖန်ဆင်းကာ လူ့ပြည်ကို ဆင်းသက်လိုက်တယ်။

လူ့ပြည်ရောက်တဲ့အခါ ဥပုသ်သည်တွေ စုဝေးနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဇရပ်တွေဘက်ကို စုံတွဲခုတ်ပြီး သွားလာလည်ပတ်ကြသတဲ့။ အဲဒီအခါ ဇရပ်တစ်ဆောင်ပေါ်မှာ အမျိုးသမီးတစ်စုဟာ ဥပုသ်စောင့်တယ်ဆိုပြီး စုဝေး၀ိုင်းဖွဲ့ကာ သူများအတင်းတွေ ပြောနေကြတယ်။ အဲဒီအနား လူယောင်ဖန်ဆင်းတဲ့ သိကြားမင်းတို့စုံတွဲ ရောက်သွားတဲ့အခါ ဇရပ်ပေါ်က အမျိုးသမီးတစ်စုက (၁၆)နှစ်ရွယ် သမီးပျိုလေးကို

" ဟဲ့သူငယ်မ ညည်းနဲ့အဘိုးကြီး ဘာတော်သလဲ။ ညည်းအဖေလား ယောက်ျားလား" လို့ စပ်စပ်စုစု မေးကြသတဲ့။ မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးက

"အဘိုးကြီးဟာ ကျွန်မရဲ့ခင်ပွန်းပါရှင့်"  လို့ ဖြေတဲ့အခါ ဥပုသ်စောင့်တဲ့ အမျိုးသမီးတွေက မေးငေါ့ပြီး

" ကြည့်စမ်းပါဦးတော် ရုပ်ကလေး သနားကမား ပျိုပျိုရွယ်ရွယ်ကလေးနဲ့ ဒီသေခါနီး အဘိုးကြီးကိုပဲ ယူရသလား။ တကယ်ဆိုရင် ရွယ်တူတန်းတူ ယူရောပေါ့အေ။ ဟိုအဘိုးကြီးကလည်း သေခါနီးမှ ရိက္ခာယူရတယ်လို့။ နွားအိုမြက်နုကြိုက်ဆိုတာ ဒါမျိုးပေါ့"  လို့ တစ်ယောက်တစ်ပေါက် အတင်းပြောကြသတဲ့။

အဲဒီကနေ နောက်တစ်နေရာကို ရောက်သွားတဲ့အခါ အမျိုးသားတွေစုပြီးနေတဲ့ ကျောင်းဆောင်တစ်ခုအနားကို ရောက်သွားတယ်။ အဲဒီနားကို သူတို့စုံတွဲ ရောက်သွားတယ်ဆိုရင်ပဲ ယောက်ျားတွေက

" ကြည့်စမ်းဟေ့ မလိုက်တဲ့စုံတွဲကွာ။ အဘိုးကြီးကလည်း မခေဘူးနော်။ ကောင်မလေးကို မုန့်ပေးပြီးကြိုက်တာနေမှာ။ ကောင်မလေးကတော့ ကံဆိုးတာပဲ။ မကြာခင်မှာ မုဆိုးမ ဖြစ်တော့မယ်။ ဟဲ့ကောင် မုဆိုးမဖြစ်သွားရင် တို့သွားပြီး တန်းစီကြရင် မကောင်းဘူလား "လို့ မကြားတကြား သရော်ကြသတဲ့။

အဲဒီကျောင်းဆောင်ဘက်က ထွက်ပြီးနောက် ရေအိုးစင် တစ်ခုနားကို ရောက်သွားတယ်။ အဲဒီရေအိုးစင်နားမှာ အဘွားအိုတစ်ဦးဟာဘယ်သူနဲ့မျှ စကားမပြောဘဲ မျက်စိမှိတ်ပြီး စိပ်ပုတီးကိုပဲ အသာစိပ်နေသတဲ့။

မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးလေးက အဖွားအိုနားကိုသွားပြီး

" အဖွား ဒီရေအိုးစင်မှာ ရေရှိသလား။ ကျွန်မခင်ပွန်း ရေဆာနေလို့ပါရှင်"

လို့ ခွင့်တောင်းတဲ့အခါ အဘွားအိုက

" ရှိပါတယ် သူငယ်မရယ်။ သဘောရှိသောက်ပါ။ ကုသိုလ်လိုချင်လို့ အဘွားကိုယ်တိုင် ခပ်ထားတာပါ "

လို့ ပြောပါတယ်။ ပြီးတော့မှ အဘိုးကြီးယောင်ဆောင်ထားတဲ့ သိကြားမင်းကို တစ်ချက်လောက်ကြည့်လိုက်ပြီး

" သြော်မောင်ကြီးရယ် သူငယ်မရဲ့ ခင်ပွန်းသည်ကိုး။ ဒီလိုပေါ့အေရယ် ရှေးကရေစက်ဆိုတာ အမျိုးမျိုးဆုံစည်းရတာပဲ။ စိတ်ကောင်းကောင်းထားပြီး ဖခင်နဲ့တူသော ခင်ပွန်းရယ်လို့ သဘောထားရမှာပဲ။ ရိုရိုသေသေပြုစုပေါ့ကွယ် "လို့ ဆုံးမစကားပြောပါတယ်။

အဲဒီနောက်တော့ သိကြားမင်းနဲ့ နတ်သမီးလေးတို့ဟာ နတ်ပြည်ကိုပြန်သွားသတဲ့။

နတ်ပြည်ရောက်တဲ့အခါ သိကြားမင်းက " ကိုင်း ဘယ့်နှယ့်ရှိစ၊ လူ့ပြည်မှာ ဥပုသ်စောင့်တဲ့ သူတွေကတော့များပါရဲ့၊ အများစုက စေတနာမသန့်ကြဘူး။ ရိုးရိုးသားသား ကုသိုလ်လိုလားပြီး ဥပုသ်စောင့်တဲ့သူက နည်းတယ်။

ဒါကြောင့် အခု ဥပုသ်စောင့်တဲ့သူတွေထဲမှာ နောက်ဆုံးတွေ့တဲ့ အဘွားအိုတစ်ယောက်ပဲ နတ်ပြည်ရောက်လိမ့်မယ်။ ကျန်လူတွေကတော့ ထုံးစံအတိုင်း အောက်ပြည်သွားကြရမှာပဲ" လို့ နတ်သမီးလေးကို ပြောပြပါတယ်။

ဥပုသ်စောင့်ခြင်းရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ မတူကွဲပြားပုံကို ခွဲခြား ဖော်ပြလိုတာပါ။ အနှစ်သာရမပါတဲ့ အသွင်သဏ္ဍာန်ဆိုတာ တကယ်တော့ အကာသက်သက်ပါပဲ။

Story

No comments