New Artical

ကျွန်တော်၏ဖမ်းဆုပ်ခြင်း


ကျွန်တော် တကယ်အခြေအနေ ဆိုးနေပြီ။ အရာတစ်ခုဟာ ဝင်လာလိုက် ပြန်ထွက်သွားလိုက်ပဲ။ ကျွန်တော့်မှာ ရှိတယ်လို့ ယူဆလိုက် ပျောက်ပျောက်သွားလိုက်။ သေချာ ဖမ်းဆုပ်မယ်ရယ်လို့ ကောက်ကိုင်လိုက်ပြန် ရင်လည်း အရာကလေးဟာ အပေါ်ယံရှပ်ပြေးသွားတာမျိုး ဖြစ်နေပြန်တယ်။ မှင်စာကလေးလိုပဲ။ ယိမ်းကာနွဲ့ကာနဲ့ ကျွန်တော့်ကို စနောက်နေလေသလား။

ကျွန်တော် သူ့အနောက်လိုက်မိတယ်။ မိစ္ဆာကလေးတွေ ဖမ်းသလိုလိုက်ဖမ်းမိတယ်။ ဘယ်မှာလဲ၊ ဘယ်အရာလဲ။ ကျွန်တော် ရှာဖွေနေတာ ဘယ်ဟာလဲ။ ကျွန်တော် ရီဝေယစ်လည်နေတယ်။ တစ်ခုခုထဲမှာပဲ။ ကမ္ဘာတစ်ခုထဲမှာပဲ။ ကျွန်တော် လှည့်ပတ်နေတယ်။ ကော်ဖီကို ဇွန်းနဲ့မွှေထားသလိုမျိုး ဝေ့လည်နေတယ်။ ပြီးရင် အဲဒီမှာလည်နေတဲ့အမှုန့်တွေက အလယ်မှာပတ်ပြီး စုနေမယ်။ ဟုတ်ပြီ။ စုမိနေကြပြီ။ ကျွန်တော် လိုချင်နေတာ အဲဒီအခိုက်အတန့်မျိုး။ ရိတ်သိမ်းတော့မယ့် ကောက်ပင်တွေကို လုံးပြီးဆွဲဆုပ်လိုက်သလိုမျိုး ကျွန်တော် ဖမ်းဆုပ်လိုက််တယ်။

ကျွန်တော်က အတွင်းအားတွေ စုနေသလိုမျိုးပေါ့။ ခန္ဓာကိုယ်နေရာအနှံ့က အတွင်းအားတွေက တစ်နေရာတည်းမှာ ၀ိုင်းပတ်လည်လာပြီး တဖြည်းဖြည်း တဖြည်းဖြည်းစုမိပြီး အင်အားကြီးလာကြသလိုမျိုးပဲ။ စွမ်းအင်အလုံးလေးဟာ ကျွန်တော့်လက်ထဲမှာ ပိုပိုအားကောင်းလာပြီး နောက်ဆုံးမှာ ကျွန်တော်ဟာ လက်နှစ်ဖက်နဲ့အစွမ်းကုန် ပေါက်ခွဲပစ်လိုက်မယ်ပေါ့။

ဒီလိုနဲ့ ကျွန်တော် အဲဒီကမ္ဘာထဲ ဝင်သွားတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် တစ်စတစ်စ ဆွဲသွင်းရင်း  လည်ပတ်အားကောင်းလာတဲ့ စက်တစ်လုံးဖြစ်တဲ့အထိ အရှိန်ယူနေမိတယ်။ လာပါ။ ကျွန်တော်က ပူလီကြိုးတွေလို၊ ဂျပန်လုပ်ဘတ်စ်ကားတွေလို အရှိန်ရလာလေလည်လေ၊ ပူလာလေ မောင်းနှင်အား ကောင်းလာလေ။

ကျွန်တော်ဟာ ကျွန်တော့်ကို ဆွဲခေါ်သွားတယ်။ အခန်းထဲမှာ ငြိမ်ငြိမ်ကလေးထိုင်နေတဲ့ ကျွန်တော့်ကို၊ ပလတ်စတစ်ခုံလေးပေါ်က ကျွန်တော့်ကို၊ စာအုပ်တွေကိုကြည့်နေခဲ့သူ ကျွန်တော့်ကို။ ဘယ်တော့မှ ပြန်မပို့ တော့မယ့်အတိုင်း။ သူ့လုပ်ငန်းမှ မပြီးရင် ဘယ်တော့မှ ပြန်မလာရတော့မယ့်အတိုင်း။ ကျွန်တော်က ဘာလုပ်ရမှာလဲ။ ကျွန်တော်က ရွှေဥတွေသွားတူးရမှာလား။ ဒါမှမဟုတ် ဂူထဲက စုန်းမကြီးမျက်လုံးကို အချိန်တစ်ခုအတွင်း မရရအောင် သွားနှိုက်ထုတ်လာခဲ့ရမှာလား။

မသိဘူး။ ကျွန်တော့်ရင်တွေလေးနေ တယ်။ ဒီအရာမပြီးမချင်း တခြားဘာတစ်ခုကိုမှ ရှေ့ဆက်လို့ မရနိုင်သလိုမျိုးကြီးပဲ။ ကျွန်တော့်ရင်ဘက်တွေ လေးလံနေတယ်။ ကျွန်တော့်မှာ လုပ်ရမယ့်တာဝန်ကြီးတစ်ခု မပြီးပြတ်သေးသလိုမျိုး။ ကျွန်တော် လုပ်ကိုလုပ်ရမယ်။ လုပ်ပြီးမှဖြစ်မယ်တဲ့။

ဘာပဲဖြစ်ဖြစ်လေ။ ကျွန်တော်စွန့်စားရမှာပဲ။ အဲဒီရွှေဥမှာ အစောင့်အရှောက်တွေရှိလား။ စုန်းမကြီးရဲ့မျက်လုံးကရော၊ သူအိပ်ပျော်နေတုန်း နှိုက်ထုတ်လာရမှာလား။ သူမိသွားခဲ့ရင်ရော၊ လုပ်ငန်း မပြီးပြတ်ခဲ့ရင်ရော၊ ကျွန်တော် ဘယ်လိုလုပ်ရပါ့။ ဘာပဲဖြစ်ဖြစ် သွားရမှာပါပဲ။ သွားပြီးလုပ်လိုက်မှသာ ပြီးမယ့်ကိစ္စ။ ဒီအတိုင်းငုတ်တုတ်ထိုင်နေတာထက် လုပ်ဆောင်ကြည့်လိုက်တာက မျှော်လင့်ချက်ရှိဦးမယ်လေ။ နောက်ဆုံး ကံအကြောင်းမလှလို့ ချွတ်ချော်ကာမှ ချွတ်ချော် ရာ လုပ်ကြည့်တာက အရှုံးမရှိဘူးမဟုတ်လား။

ကျွန်တော့်ခြေလှမ်းတွေ ဂူကြီးဘက် လှည့်လိုက်တယ်။ ကျွန်တော်သွားမယ်။ ကျွန်တော် ရောက်အောင်သွားပြီး ယူခဲ့မယ်။ ကျွန်တော် နည်းနည်းလည်း ထိတ်လန့်နေတယ်။ လမ်းပျောက်သွားမှာ၊ လမ်းတဝက်မှာတင် အရေးနိမ့်သွားမှာ၊ လက်ဗလာနဲ့ ပြန်လာရမှာမျိုး အဖြစ်မခံနိုင်ဘူး။ အဖြစ်မခံချင်ဘူး။ ဒါကို မပြီးပြီးအောင်လုပ်ရမယ်။ ဒါပြီးမှ ကျွန်တော့်ကိုယ်ထဲက ယုံကြည်မှုတွေ တောက်ပလာမှာ။ ကျွန်တော်ဟာ ကျွန်တော့်ကိုပြောတယ်။ “မင်းသွားယူလာခဲ့၊ မင်းရအောင်ယူလာခဲ့၊ နောက်ဆုံးမှာ မင်းဟာမင်း ဖြစ်ကြောင်း သက်သေပြနိုင်ရမယ်”တဲ့။

ကျွန်တော့်မှာ ရင်တွေတထိတ်ထိတ်နဲ့။ ကျွန်တော်သွားတော့ သွားနေတာပဲ။ ဒါမပြီးမချင်းတော့ ကျွန်တော် ရင်မောနေမိသေးတယ်။ လမ်းမှာ အနှောင့်အယှက်၊ အဖျက်အဆီးတွေ တွေ့မှာလား။ ဘယ်လို အနှောင့်အယှက်တွေ ဝင်လာကြဦးမလဲ။ ကျွန်တော် ကျော်လွှားသွားနိုင်မှာလား။ ကျွန်တော် မသိသေးဘူး။ လတ်တလောတော့ ကျွန်တော် ဘာမှမပြောနိုင်သေးဘူး။ ဟင့်အင်း ကျွန်တော်မပြောဝံ့သေးတာဆို ပိုမှန်မယ်။

ဘာလို့ဆို ကျွန်တော်က ကြိုပြောရင်မအောင်မြင်တတ်တဲ့သူမျိုး။ ဒါ ငယ်ငယ်ကတည်းကပဲ။ ကျွန်တော့်မှာ လက်ဆုပ်လက်ကိုင်မပြနိုင်သေးသမျှ ဘာတစ်ခုကိုမှ ကျွန်တော် ကြိုကြွားလေ့မရှိဘူး။ အဲဒီလို ကြိုကြွေးကြော်လိုက်မိရင်လည်း အဲဒီအရာတွေဟာ မျက်စိရှေ့တင် ဟုတ်ခနဲပျောက်သွားတတ်တာပဲ။ ကျွန်တော် မပြောနိုင်သေးဘူး။ ဟန်ကြီးပန်ကြီးနဲ့ ကြွေးကြော်ခဲ့ပြီးမှ မဖြစ်လာတာမျိုးကိုလည်း ကျွန်တော်ရှက်တယ်။ ကတိတွေပေးပြီးမှ မတည်နိုင်မှာမျိုးကိုလည်း ကျွန်တော်မလိုလားဘူး။ ကျွန်တော့်ယုံကြည်ချက်တွေ တိုးမလာခဲ့ရရင်နေ  သေးသိမ်သွားရမှာမျိုးတော့ ကျွန်တော်မလိုချင်ဘူး။ ကျွန်တော့်ဘာသာ လွတ်လွတ်လပ်လပ်ပဲ သွားမယ်။ ယူခဲ့မယ်။ မရခဲ့ရင်လည်း ဒုံရင်းပေါ့။ ကျွန်တော့်ကိုယ်ကျွန်တော်တော့ စကားလုံးတွေနဲ့ မနှောင်ဖွဲ့ပါရစေနဲ့။

အခု ကျွန်တော် ဘယ်ရောက်ပလဲ။ ဘယ်လောက်ခရီးပေါက်ပလဲ။ အနောက်ကို ပြန်လှည့်ရေတွက်မိတယ်။ ဟင့်အင်း၊ ပြန်မကြည့်ရဘူး။ ပြန်ကြည့်လို့မဖြစ်ဘူး။ ဒါက သွားမယ့်လမ်းကို နှောင့်နှေးစေတယ်။ အရှေ့ကိုပဲကြည့်။ အဲဒီအရှေ့မှာ အရာတစ်ခုရှိတယ်။ ကျွန်တော် ဖမ်းဆုပ်လာနိုင်ရမယ်။ ဂူကြီးက ရှည်လျားလိုက်တာ။ မရောက်နိုင်သေးဘူး။ ကျွန်တော်က မောပန်းနေပြီ။ အနှောင့်အယှက်တွေ ဘယ်နေရာကများ ဝင်လာလေမလဲ တွေးပူမိတာကလည်း တစ်ဒုက္ခ။

ကျဉ်းမြောင်းတယ်။ ရှည်လျားတယ်။ ဆူးချွန်တွေ ထွက်လာခဲ့ရင် ဘယ့်နှယ့်လုပ်ရ။ တွေးနေရင်း ငုတ်တစ်ခု ကျွန်တော့်ရှေ့မှာ ပိတ်ထွက်လာ။ ရုတ်တရက် ကျွန်တော်လန့်ဖြန့်သွားတယ်။ အနှောင့်အယှက်တွေစပြီလားလို့။ ဒါပေမဲ့ အသာအယာပဲ ကျွန်တော်ကွေ့လျှောက်လိုက်တယ်။ ပြီးတော့ ကျွန်တော့်လမ်း ကျွန်တော် ဆက်သွားတယ်။ ဟုတ်ပြီ၊ ဆက်သွားထားလို့ ကျွန်တော် အားတင်းလိုက်တယ်။ ကျွန်တော် နည်းနည်းတော့ ခရီးပေါက်လာခဲ့တယ်။ ယုံကြည်မှုတွေ တိုးလာခဲ့တယ်။ ဒါပေမဲ့ ပြောမရသေးပါဘူး။ ဘယ်နေရာ ဘယ်အကွေ့မှာ ဘယ်လိုလောကဓံတွေနဲ့ တွေ့ဦးမလဲဆိုတာ မသိနိုင်သေးပါဘူး။ ခရီးက ပြီးမှမပြီးသေးပဲ။

အခက်အခဲဆိုတာ ဘယ်နေရာကထွက်လာမယ်မှန်းမသိနိုင်တဲ့ ဂြိုဟ်ကောင်တွေပဲ။ အစမှာတွေ့ချင်တွေ့မယ်၊ အလယ်မှာ၊ ဒါမှမဟုတ် နောက်ဆုံး ပန်းဝင်ခါနီးမှ ဖြတ်ရိုက်ချင်လည်း ရိုက်မယ်။ အခုဆိုရင် ကျွန်တော့် စိတ်တွေဝေ၀ါးကုန်ပြီ။ ဒီနားလေးရောက်လာကာမှပဲ။ ကျွန်တော့်ကို အမျိုးမျိုးတွေဝေလာအောင် မသိနိုင်တဲ့အရာတွေက ပြုစားနေပြီ။ “မင်းသွားမနေပါနဲ့လား၊ သွားနေလည်း အချိန်ကုန်တာပဲ၊ ဟိုရောက်ရင် မပြီးမပြတ်နဲ့ ပြန်ပြေးလာရမှာပဲ”တဲ့။ “မင်းချစ်တဲ့သူကို သတိမရဘူးလား၊ အခုလောက်ဆို သူမျှော်နေရောပေါ့”တဲ့။ “မင်းအမေမင်းကို ပြောစရာတွေရှိနေမှာပေါ့၊ အပြင်ဘက်မှာ ပါးစပ်တပြင်ပြင်နဲ့စောင့်နေပြီ”တဲ့။ “ထားလိုက်တော့၊ ထားခဲ့လိုက်တော့၊ မင်းသူတို့ဆီ ပြန်ပြေးသွားလိုက်ပါတော့လား”တဲ့။

ဟုတ်လား။ ကျွန်တော်လည်း ကြောက်တာပဲ။ ကျွန်တော်မသိတဲ့တစ်စုံတစ်ရာက ကျွန်တော့်ကို ကိုက်သတ်လိုက်မှာ၊ ကျွန်တော် သေဆုံးသွားရမှာ၊ ကျွန်တော်ကြောက်တယ်။ ဘယ်လိုအဖျက်အဆီးတွေလာဦးမလဲလည်း တွေးပူမိတယ်။ ဟုတ်တယ်၊ ချစ်သူကတော့ မျှော်နေမှာ။ ဒါသူလာနေကျ အချိန်လေ။ အမေလား၊ အမေက အဲဒီလိုပဲ စကားတွေ အမြဲပြောနေချင်တာ။ အခုက နှစ်ယောက်တည်းရှိတာဆိုတော့ပိုဆိုး။ အမေ့ပါးစပ်တွေက တစ်စုံတည်းသော ကျွန်တော့်နားတွေကိုပဲ မျှော်ငေးနေတာလေ။

ကျွန်တော်က အိမ်ရှေ့ဆိုသူလည်းအိမ်ရှေ့၊ ကျွန်တော်က နောက်ဖေးဆို သူလည်း နောက်ဖေး လိုက်နေတော့တာပဲ။ တစ်ခါတစ်ခါ ကျွန်တော့်မှာ တစ်စုံတစ်ခုထဲ စျာန်ဝင်စားနေရင်တောင်မှ အမေက အတင်းလှမ်းခေါ်ပြီး ကျွန်တော့်အရာတွေကို ရှင်းလင်းသွားတတ်တယ်။ ကျွန်တော့်မှာ တမင်တကာတည်ထားတဲ့ တိမ်လိပ်တွေ တံမြတ်စည်းနဲ့ဆွဲလှဲခံလိုက်ရသလိုမျိုး လွင့်စင်ပြီး ချက်ချင်းကြီး ကြည်လင်သွားရတယ်။ နောက်တော့ ပက္စခဘဝထဲ ကျွန်တော်ပြန်ရောက်လာရတာပဲ။ ဒါမို့လည်း ကျွန်တော်အလုပ်ရှိရင် အမေ့ကွယ်ရာမှာပဲ နေတာများတယ်။ အခုလိုမျိုးပေါ့။

ကျွန်တော်က ခရီးတစ်ခုကို သွားရမယ်။ အမေက တကြော်ကြော်ခေါ်နေမယ်ဆို ဘယ်အဆင်ပြေပါ့မလဲ။ အခုလည်း အမေမသိအောင် တိတ်တိတ်ကလေးထွက်ခဲ့တာပဲ။ အမေကတော့ ထုံးစံအတိုင်း စကားပြောချင် နေမှာပါပဲ။ ကျွန်တော် သိပါတယ်။ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်က သွားမှဖြစ်မှာလေ။ သွားပြီး အပြီးသတ်နိုင်မှဖြစ်မှာ။ ကျွန်တော် သွားရမယ်။ အခုက ဘယ်အချိန်လဲ။ ည ၁၁ နာရီ ကျော်နေပြီ။ “အရမ်းနောက်ကျနေပြီ၊ မင်း အင်တာနက်ပေါ်တက်ပါဦးလား”တဲ့။ ဒါ အသံတစ်သံပဲ။ ဟင့်အင်း၊ ကျွန်တော် မတက်တော့ဘူး။ “သေချာရဲ့လား။ အခုလောက်ဆို မင်းမက်ဆေ့ချ်ဘောက်မှာ သူငယ်ချင်းတွေ စာပို့ထားဦးတော့မယ်”တဲ့။ ရတယ်။ ကိစ္စမရှိဘူး။ နောက်နေ့မှပြောကြ တာပေါ့။

ကျွန်တော် ရှေ့ဆက်သွားတယ်။ ဘာပဲပြောပြော ဒီအနားက အာရုံထွေပြားခြင်းအဆင့်ကို ကျွန်တော် ကျော်ဖြတ်နိုင်ခဲ့တာပဲ။ ဟိုးရှေ့မှာ ကျွန်တော်ယူရမယ့်အရာ။ ကျွန်တော် ရဲဝံ့လာခဲ့ပြီ။ ကျွန်တော့်မှာ ကြောက်ရွံ့စိတ်တွေတော့ ပါးလျလာခဲ့ပြီ။ ဒါပေမဲ့ ကျွန်တော် မပြောသေးဘူး။ ကိစ္စအပြီးသတ်အထိ မအောင်မြင်သေးမချင်း။ ကျွန်တော် မပြောဘူး။ အနည်းငယ် ကျေနပ်မိနေရင်တောင်မှ ကျွန်တော့်အပျော်ကို ထုတ်မပြဘူး။ မျိုသိပ်ထားဦးမယ်။ ဒါ အဆုံးမဟုတ်သေးဘူး။ ကျွန်တော် ပြန်ထွက်ရဦးမှာ။ လက်သီးလက်မောင်း တန်းရဦးမှာ။ 

အခုတော့ ကျွန်တော်ဂူရဲ့ထိပ်ဆုံးကို ရောက်လာခဲ့ပြီ။ ကျွန်တော်ဟာ ကျွန်တော့်ကို လင်းလက်နေတဲ့အရာတစ်ခုဆီ လက်ညှိုးညွှန်ပြခဲ့တယ်။ ကျွန်တော်လည်း ကောက်ယူလိုက်တယ်။ အလင်းရောင်နဲ့အတူ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်တွေ့လိုက်ရတယ်။ ကျွန်တော် နားလည်လိုက်တယ်။ ကျွန်တော် ဖြတ်ကျော်နိုင်ခဲ့ပြီ။ ကျွန်တော် မသေနိုင်သေးဘူး။ ကျွန်တော် ရှင်သန်ရဦးမယ်။ ကျွန်တော့်ယုံကြည်မှုတွေ ပြန်လည်ရောက်ရှိလာပြီ။ ကျွန်တော့်အချိန်တွေ အချည်းနှီးမဖြစ်တော့ဘူး။ ကျွန်တော်ဟာ ပွင့်အာတော့မယ့် ပန်းလေးတစ်ပွင့်လို လန်းဆန်းလို့လာတယ်။ နောက်ဆုံးမှာ ကျွန်တော်ဟာ ကျွန်တော်ဖြစ်နေသေးကြောင်း ပြနိုင်ခဲ့သလားပဲ။ ကျွန်တော် ပြီးပြည့်စုံသွားပါပြီလေ။ ဒါဟာ အခိုက်အတန့်ကလေးလောက်ပဲ ဖြစ်ဖြစ်ပေါ့။

သူသူမေ

1 comment:

  1. ဒီလို အံ့ဖွယ်အမှုတွေ တစ်သက်လုံး တစ်ခါမှ မတွေ့ဖူးဘူး။
    ကျွန်မခင်ပွန်းက ကျွန်မနဲ့ အသက် ၅ နှစ်သားလေးကို ထားခဲ့ပြီး ၉ လကျော်၊
    ကျွန်မ အရမ်းစိတ်ထိခိုက်ပြီး စိတ်ပျက်မိတယ်၊ ကျွန်မခင်ပွန်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် သူ့ကို ကျွန်မဆီပြန်ပို့ဖို့ နေရာအမျိုးမျိုးက အကူအညီတောင်းခဲ့ပေမယ့် ကွာခြားမှုမရှိပါဘူး။ ကျွန်မအမေက ကျွန်မကို (DR DAWN) နဲ့ မိတ်ဆက်ပေးမချင်း ဒီဆရာဝန်က ကျွန်မကို ပြောပြပြီး ၄၈ နာရီအတွင်း ကျွန်မခင်ပွန်းက ကျွန်မဆီပြန်လာမယ်လို့ ကတိပေးခဲ့ပြီး ၄၈ နာရီအကြာမှာ ကျွန်မခင်ပွန်းက ကျွန်မကို ဖုန်းဆက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ သူက ကျွန်မကို ဘယ်တော့မှ ထားသွားတော့မှာ မဟုတ်ပါဘူး၊ ဒေါက်တာ DAWN ကို ကျေးဇူးအများကြီးတင်ပါတယ် ဘာလို့လဲဆိုတော့ အခုဆို ကျွန်မခင်ပွန်းနဲ့ ပျော်နေတာ 3 နှစ်ကျော်ပြီ၊ သူက ကျွန်မကို ဘုရင်မလို ဆက်ဆံတယ်၊
    ပြဿနာတစ်စုံတစ်ရာရှိပါက DR DAWN သို့ ဆက်သွယ်ပါ။

    *မင်းရဲ့ချစ်သူကို ပြန်ရဖို့။
    * ပြန်လည်ညှိနှိုင်းရန်
    *ကိုယ်ဝန်ဆောင်ရန်
    *ကင်ဆာကို ကုသရန်
    *လက်စားချေရန်
    *စီးပွားရေးကိုမြှင့်တင်ရန်
    * သင့်ငွေ/ပိုင်ဆိုင်မှုကို ပြန်လည်ရယူရန်
    *HIV/AIDS သို့မဟုတ် အခြားရောဂါများကို ကုသရန်။
    သူ့ကို ဆက်သွယ်ပါ: dawnacuna314@gmail.com
    Whatsapp- +2349046229159

    ReplyDelete