New Artical

ပန်းပဲရွာမှာ '' အပ် '' ရောင်းတတ်ဖို့


စီးပွားရေးလုပ်ငန်းလုပ်တယ်ဆိုတာ ဘယ်သူမှ မကြားဖူးတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို ဘွားကနဲ ဈေးကွက်တင်ပြီး ရောင်းလို့ရတာ မဟုတ်ပါဘူး။ လူတွေနေ့စဉ်နဲ့အမျှ သုံးစွဲနေကြတဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို အခြားလုပ်ငန်းရှင်တွေနဲ့ ယှဉ်ပြိုင်ပြီး ရောင်းချနေရတာမျိုးဖြစ်ပါတယ်။

ထူးချွန်တဲ့လုပ်ငန်းရှင်ဆိုတာ ဈေးကွက်ထဲမှာ စားသုံးသူတယောက်အတွက် ရွေးချယ်ဝယ်ယူစရာ အမျိုးအစားတူ ကုန်ပစ္စည်းအမျိုးမျိုးရှိတဲ့ကြားထဲက ကိုယ့်ပစ္စည်းကိုမှ ရွေးပြီးဝယ်ချင်စိတ်ပေါက်လာအောင် လုပ်တတ်သူ ဖြစ်ပါတယ်။

ပီဇာရောင်းတဲ့သူတွေကိုပဲ လေ့လာကြည့်ရအောင်။ မြို့ကြီးတွေမှာ ပီဇာ အပြိုင်အဆိုင်ရောင်းတဲ့ အတော်များများရှိကြပါတယ်။ အခြားပီဇာဆိုင်တွေက ရိုးရိုးတန်းတန်း ရောင်းနေတဲ့အချိန်မှာ ပီဇာဆိုင်တဆိုင်က သူရောင်းတဲ့ပီဇာကို ဒီလိုကြော်ငြာပါတယ်။

“သန့်ရှင်းလတ်ဆတ်တယ်။ ပူပူနွေးနွေး စားရမယ်။ မှာလိုက်ရင် နာရီဝက်အတွင်း အရောက်ပို့ပေးမယ်။”

ဒီလိုကြော်ငြာတဲ့အတွက် အဲဒီပီဇာဆိုင်ဟာ အခြားဆိုင်တွေထက် ပိုပြီးရောင်းရပါသတဲ့။

ဒါဟာ ဘာကြောင့်လို့ ထင်ပါသလဲ။

စားသုံးသူဆိုတာ ရွေးချယ်စရာအမျိုးမျိုးကြားမှာ ဘယ်ဟာဝယ်ရ ကောင်းနိုးနိုးနဲ့ အမြဲလိုက်ကြည့်နေရသူ ဖြစ်ပါတယ်။ အဲဒီလို ရွေးစရာတွေကြားထဲကမှ တမူထူးခြားတဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုကို ရွေးပြီးဝယ်တတ်တာလည်း စားသုံးသူရဲ့ သဘာဝဖြစ်ပါတယ်။ ဒါကြောင့် ကုန်ပစ္စည်းချင်းအတူတူ တမူထူးခြားအောင် ထုတ်လုပ်ပြီး ထုတ်လုပ်တဲ့အတိုင်း ပြောပြီး ရောင်းတတ်တဲ့ လုပ်ငန်းရှင်ဆီမှာ စားသုံးသူတွေ ကြိတ်ကြိတ်တိုးနေတာ မဆန်းပါဘူး။

အဲဒီလို ကိုယ့်ရဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို အများနဲ့မတူ တမူထူးခြားအောင် ဈေးကွက်တင်တဲ့အခါ သုံးစွဲတဲ့စာသားကို “Unique Selling Proposition” လို့ ခေါ်ပါတယ်။ အတိုကောက်အားဖြင့် USP လို့ခေါ်ကြပါစို့။ ကိုယ့်လုပ်ငန်းရဲ့ အားသာချက်ကို ထင်သာမြင်သာရှိအောင်၊ ပေါ်လွင်နေအောင် ခပ်တိုတိုခပ်ရှင်းရှင်း အသားပေးဖော်ပြခြင်းလို့ နားလည်နိုင်ပါတယ်။

အများနဲ့ ကောင်းကောင်းကြီး ယှဉ်နိုင်စွမ်းရှိတဲ့ USP တခုမှာ အောက်ပါဂုဏ်အရည်အချင်းတွေ ရှိပါတယ်။

(၁) ကောင်းကွက်ကို တွင်တွင်အသားပေးပြီး ဖော်ပြတယ်။ တကယ်လည်း ကောင်းတယ်။

အဝတ်အစားရောင်းတယ် ဆိုပါစို့။ ‘အကောင်းဆုံးကွာလတီတွေကို ရောင်းနေပြီ’ လို့ သူလိုငါလို ကြော်ငြာတတ်ရုံလောက်နဲ့ ဘာမှ မထူးခြားသွားပါဘူး။ ဈေးဝယ်သူတွေ ပိုပြီး ရောက်မလာနိုင်ပါဘူး။ ကိုယ့်အဝတ်အထည်က အခြားဆိုင်တွေထက် ဘယ်လိုဘယ်ပုံ ပိုထူးခြားကောင်းမွန်တယ်ဆိုတာကို ဖော်ပြတတ်မှ အလုပ်ဖြစ်မှာပါ။ ကိုယ့်အဝတ်အထည်မှာ တကယ်လည်း ပိုကောင်းတဲ့ အရည်အသွေးတွေ၊ အားသာချက်တွေရှိနေဖို့တော့ လိုမှာပေါ့။

Saddleback သားရေကုမ္ပဏီက သားရေပစ္စည်းကြော်ငြာစာတမ်းလေးကိုပဲ ကြည့်ပါ။ “They’ll fight over it when you’re dead.” (ခင်ဗျားသေရင် ဒါကိုလိုချင်လွန်းလို့ သတ်ကြပုတ်ကြလိမ့်မယ်။) တဲ့။ Saddleback ကုမ္ပဏီဟာ သူတို့ရဲ့ သားရေပစ္စည်းတွေကို နှစ်ပေါင်း(၁၀၀)တောင် အာမခံပေးထားပါတယ်။ ဒါဟာ ပစ္စည်းအရည်အသွေးကို ဘယ်လောက်ထူးခြားကောင်းမွန်အောင် ထုတ်လုပ်ထားသလဲဆိုတဲ့ သက်သေပဲဖြစ်ပါတယ်။ သုံးစွဲသူရဲ့တစ်သက်တာလုံး ကြာရှည်ခံမယ့်အပြင် နောက်ထပ်လည်း နှစ်ပေါင်းများစွာထပ်ပြီး သုံးလို့ရမယ်ဆိုတဲ့ အဓိပ္ပာယ်ကို ချက်ချင်းသဘောပေါက်အောင် လုပ်နိုင်တဲ့ စာသားနဲ့ ကြော်ငြာလိုက်တာပဲ ဖြစ်ပါတယ်။ သူတို့ပစ္စည်းဘယ်လောက်ပဲ ကောင်းကောင်း၊ မကြော်ငြာတတ်ရင် လူသိမှာ မဟုတ်ဘူးဆိုတာကို ကုမ္ပဏီက ကောင်းကောင်းသဘောပေါက်ပါတယ်။

အမျိုးသမီးဝတ်အတွင်းခံတွေရောင်းတဲ့ Third Love ကုမ္ပဏီမှာ ဈေးဝယ်သူတွေအတွက် ကိုယ်နဲ့ကိုက်ညီမယ့် အရွယ်အစားကို သိအောင်လုပ်လို့ရတဲ့ Fit Finder quiz ခေါ် မေးခွန်းလေးတွေရှိပါတယ်။ ဈေးဝယ်သူက အဲဒီမေးခွန်းတွေကို ဖြည့်ပေးတဲ့အခါ ကိုယ်နဲ့ကိုက်ညီမယ့် အရွယ်အစားကို ကုမ္ပဏီက ထုတ်ပြပေးပါတယ်။ ဒီလိုအများနဲ့ယှဉ်နိုင်တဲ့ အားသာချက်ရှိတဲ့အတွက် Third Love ကုမ္ပဏီရဲ့ USP ဟာ ရိုးရိုးလေးပေမဲ့ အတော်လေး တာသွားပါတယ်။ “We know your body. We know your fit.” (သင့်ခန္ဓာအရွယ်အစားကို သိတယ်။ ဘာနဲ့ကိုက်မလဲဆိုတာ သိတယ်။) ဆိုတာပါပဲ။

(၂) စားသုံးသူ အလေးထားတဲ့ အရာအပေါ်မှာ အသားပေးတယ်။

တမူထူးခြားတဲ့ ကုန်ပစ္စည်းဆိုတာ စားသုံးသူ အလေးထားတဲ့အရာ (value) တွေကို အာရုံမစိုက်ရင် အလကားပါပဲ။ Pipcorn ကုမ္ပဏီရဲ့ ပြောင်းဖူးပေါက်ပေါက် စတဲ့ သွားရည်စာတွေကိုပဲ ကြည့်ရအောင်။ သူတို့ရဲ့ USP ကို “all natural,” “whole grain,” and “small batches” (သဘာဝစစ်စစ်၊ အဆံအပြည့်၊ နည်းနည်းစီထုတ်လုပ်) လို့ ဖော်ပြကြော်ငြာပါတယ်။ သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာလည်း Pipcorn ရဲ့ ထုတ်ကုန်တွေဟာ gluten, GMO စတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပစ္စည်းတွေ မပါဝင်ကြောင်းနဲ့ antioxidants စတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပစ္စည်းတွေကိုသာ ထည့်သွင်းထားကြောင်း ဖော်ပြထားပါတယ်။ ဒါဟာ ယနေ့ခေတ်စားသုံးသူတွေရဲ့ ကျန်းမာရေးအသိနဲ့ ဘေးထွက်ဆိုးကျိုးများပြားတဲ့ ပါဝင်ပစ္စည်းတွေကို ရှောင်ရှားလိုတဲ့ သဘာဝကို အလေးထားခြင်းပဲ ဖြစ်ပါတယ်။

(၃) ဆောင်ပုဒ်သက်သက်ထက် ပိုလေးနက်တယ်။

USP တွေကို ဆောင်ပုဒ်အသွင်နဲ့ ဖော်ပြရတယ်ဆိုပေမဲ့ ဒီဆောင်ပုဒ်ဟာ သင့်လုပ်ငန်းရဲ့ အခြားလုပ်ငန်းဆောင်တာတွေနဲ့လည်း ချိတ်ဆက်မှုရှိဖို့လိုပါတယ်။ ဒီလိုဆောင်ပုဒ်မျိုးတွေဟာ အပြောနဲ့အလုပ်ညီဖို့ အရေးကြီးတဲ့အတွက် ဖောက်သည်ဆက်ဆံရေးလုပ်တဲ့အခါ၊ ပစ္စည်းဖြန့်ဖြူးတဲ့အခါ ဖော်ပြထားတဲ့ အရည်အသွေးနဲ့ကိုက်ညီတဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်ဖို့ ကြပ်မတ်ရမှာဖြစ်ပါတယ်။

သင့်ပြိုင်ဘက်တွေထက်သာလွန်တဲ့ USP တခုကို တည်ဆောက်နိုင်ဖို့ အောက်က လုပ်ငန်းစဉ်အဆင့်ဆင့်အတိုင်း အလုပ်လုပ်ဖို့ အကြံပြုပါရစေ။

  • သင့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေထဲမှာ ပြိုင်ဘက်တွေထက် ထူးခြားအောင် ပြုပြင်မွမ်းမံလို့ရတဲ့ အရည်အသွေးတွေကို စာရင်းပြုစုကြည့်ပါ။
  • ဈေးကွက်ပြိုင်ဘက်တွေ သုံးစွဲတဲ့ USP တွေကို လေ့လာပါ။ သူတို့မပေးနိုင်တဲ့ အရည်အသွေးတွေက ဘာဖြစ်မလဲ၊ အဲဒီကွက်လပ်တွေကို သင်က ဘယ်လိုဖြည့်ဆည်းပေးနိုင်မလဲ စဉ်းစားပါ။ ဖိနပ်ဆိုပါစို့။ သင်ရောင်းတဲ့ဖိနပ်တွေက သင့်ပြိုင်ဘက်တွေနဲ့ယှဉ်ရင် သက်တောင့်သက်သာရှိမှု၊ ဒီဇိုင်းကောင်းမွန်မှု၊ ရေရှည်ခံမှု စတဲ့ နေရာတွေမှာ ဘယ်လို ပိုထူးခြားအောင်လုပ်လို့ရမလဲ အိုင်ဒီယာထုတ်ပါ။
  • စားသုံးသူတွေရဲ့ လိုအပ်ချက်တွေနဲ့ သင့်ကုန်ပစ္စည်းရဲ့ အရည်အသွေးတွေက ကိုက်ညီမှု ရှိ-မရှိ စစ်ဆေးပါ။
  • သင်လေ့လာထားသမျှအချက်အလက်တွေကို စုစည်းပြီး အပြောင်မြောက်ဆုံး USP စာသားတခု ထွက်လာဖို့ အမျိုးမျိုးစဉ်းစားကြည့်ပါ။
  • ထုပ်ပိုးပစ္စည်း၊ ဆိုရှယ်မီဒီယာစတဲ့ သင့်ရဲ့ USP စာသားကို ဖော်ပြနိုင်တဲ့ နည်းလမ်းတွေနဲ့ နေရာတွေကို စာရင်းပြုစုပါ။

BusyBook

No comments