New Artical

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နှုတ်ပိတ်နေတဲ့အပေါ် အနုပညာရှင်များ ရှုတ်ချ

 


လက်ရှိ နိုင်ငံရေးဖြစ်စဉ်အပေါ် နယ်ပယ်အသီးသီးမှ သဘောထား ထုတ်ပြန်ချက်များ၊ အာဏာဖီဆန်မှုများစွာ ထွက်ပေါ်လာသော်လည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ရေငုံ နှုတ်ပိတ်နေနေခြင်းအပေါ် ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင် အနုပညာရှင်များက ကန့်ကွက် ရှုတ်ချလျက် ရှိပါတယ်။

“သရုပ်ဆောင် တယောက်အနေနဲ့ ရှက်မိပါကြောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဟုခေါ်သော အစိုးရ မဟုတ်သည့် လွတ်လပ်သော အဖွဲ့အစည်းဟု အမည်ခံထားသော အဖွဲ့အစည်းသည် ယခုလက်ရှိ ဖြစ်ပေါ်နေသော စစ်တပ်မှ ပြည်သူလူထုနှင့် နိုင်ငံတော်အား ပုန်ကန်ဆန့်ကျင် သစ္စာဖောက်ကာ အာဏာသိမ်းသော လုပ်ရပ်အပေါ်တွင် ရေငုံ နှုတ်ပိတ်နေခြင်းအား ရှက်ရွံ့ဖွယ် ကန့်ကွက်ပါတယ်”လို့ သရုပ်ဆောင် ထူးခြားက ပြောပါတယ်။

သရုပ်ဆောင် ထူးခြား (ဓာတ်ပုံ – Htoo Charr’s Facebook)

ဒါ့အပြင် သရုပ်ဆောင် တိုင်ရွန်ကလည်း သူ့ရဲ့ ရုပ်ရှင်အစည်းအရုံးကတ်ကို Facebook ပေါ်တင်ကာ သူ့ရဲ့ ဆန္ဒနဲ့ အဆိုပါ အစည်းအရုံးမှ နုတ်ထွက်ကြောင်း တင်ထားပါတယ်။

သရုပ်ဆောင် တိုင်ရွန် (ဓာတ်ပုံ – Tyron Bejay’s Facebook)

“လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်၍ ယနေ့အချိန်ထိ မည်သည့်သဘောထား ထုတ်ပြန်ချက်မှ မထုတ်ပြန်သော၊ ကျနော် ငယ်စဉ်ကတည်းက လေးစားတန်ဖိုးထားအားကျရသော “မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး” အဖွဲ့အစည်း၏ အစည်းအရုံးဝင်အဖြစ်မှ မိမိဆန္ဒအလျောက် နုတ်ထွက်ပါတယ်” လို့ တိုင်ရွန်က ပြောပါတယ်။

အကယ်ဒမီ မင်းသားကြီး ကျော်သူလည်း တိုင်ရွန်ရဲ့ ပို့စ်အောက်မှာ သူဟာ ၂၀၀၇ ခုနှစ်ကတည်းပင် ရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင်ကတ် မရှိခဲ့ကြောင်း ဝင်ရောက် မှတ်ချက်ပေးထားပါတယ်။

ဇာတ်ပို့ သရုပ်ဆောင် ကိုဘင်း (ဓာတ်ပုံ – Ko Bean’s Facebook)

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ကန့်ကွက် ရှုတ်ချခဲ့တဲ့အကြောင်းကိုတော့ အစည်းအရုံး အဖွဲ့ဝင် အနုပညာရှင်များဖြစ်ကြတဲ့ သရုပ်ဆောင် ထူးခြား၊ ဇာတ်ပို့သရုပ်ဆောင် ကိုဘင်း၊ ထိုက်စံမော့စ်၊ နွေဦး၊ မင်းညို၊ လူရွှင်တော် အောင်သော်၊ ဒါရိုက်တာ သည်ခေတ်နေတို့က ရေးသားတင်ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအား ကန့်ကွက်ကြောင်း တင်ထားတဲ့ ပို့စ်တွေမှာတော့ #မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး #Civil_Disobedience , #Leader , #Democracy , #Stay_at_home_movement , #Save_Myanmar , #MyanmarMotionPictureOrganization စတဲ့ Hashtag များနဲ့ ကန့်ကွက်မှု ပြုလုပ်နေတာ ဖြစ်ပါတယ်။

အဆိုပါ ကိစ္စရပ်နဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးကို ဆက်သွယ် မေးမြန်းခဲ့ရာ “အစည်းအဝေး မလုပ်ရသေးတာကြောင့် ဘာမှ မလုပ်ရသေးကြောင်း” ပြန်လည် ဖြေကြားခဲ့ပါတယ်။

 

Ref : irrawaddy

No comments