New Artical

အာဏာသိမ်းအပြီး ဆန်ရှင်ဝင်မှာ ပြည်ပကုမ္ပဏီများ စိုးရိမ်ပူပန်နေ

 

ဒီမိုကရေစီနှင့် ဈေးကွက်သစ်ပွင့်လာသည့်အတွက် လွန်ခဲ့သော ဆယ်စုနှစ်တခုက မြန်မာနိုင်ငံသို့ အလုံးအရင်းဖြင့် ရောက်လာခဲ့သည့် ဂျပန်နှင့် ထိုင်းကုမ္ပဏီများသည်လည်း ၎င်းတို့ကာလကြာမြင့်စွာ ပြုစုပျိုးထောင်ထားသော စီးပွားရေး စီမံကိန်းများ တပ်မတော်က အာဏာသိမ်းအပြီး ဖရိုဖရဲဖြစ်စေမည့် အလားအလာ ရှိကြောင်း ဂျပန်သတင်းဌာန Nikkei Asia က ရေးသည်။

မြန်မာနိုင်ငံကို ၎င်းတို့၏ ကုန်ထုတ်လုပ်ရေးအခြေစိုက်စခန်းအဖြစ်သာမက ပြည်တွင်းဈေးကွက်သစ်အဖြစ်ပါ အသုံးပြုရန် စိတ်အားထက်သန်ခဲ့သော ပြည်ပကုမ္ပဏီများသည် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှု တစ္ဆေ အကြီးအကျယ် ခြောက်လှန့်ခံနေရပြီဖြစ်သည်။

“တနေ့တော့ ပုံမှန်အခြေအနေကို ပြန်ရောက်မှာမို့လို့ နယ်စပ်ကုန်သွယ်ရေးအတွက် စိတ်မပူဘူး။ ကျနော်တို့ စိတ်ပူနေတာက အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်စို့မှုကြောင့် မြန်မာနိုင်ငံက ထိုင်းရင်းနှီးမြှုပ်နှံမှုတွေကို ထိခိုက်မှာပဲ စိုးရိမ်နေရတယ်” ဟု ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဆူပန့် မောင်ခိုဆပ်သရီးက Nikkei Asia သို့ပြောသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသို့ ကုန်စည်ရောင်းဝယ်သည့် ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ထိုင်းနိုင်ငံသည် မြန်မာသို့ ကုန်စည် ဒေါ်လာ ၃.၂ ဘီလျံဖိုးတင်ပို့ပြီး မြန်မာနိုင်ငံမှ ကုန်စည် ၂.၂ ဘီလျံဖိုး တင်သွင်းကြောင်း ASEAN စာရင်းအင်းများအရ သိရသည်။ ထို့အပြင် ထိုင်းနိုင်ငံသည် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဒေါ်လာ ၁.၁ ဘီလျံဖိုး ရင်းနှီးမြှုပ်နှံပြီး စင်္ကာပူ၊ တရုတ်နှင့် ဂျပန်တို့ကဲ့သို့သော နိုင်ငံများပြီးလျှင် မြန်မာတွင် ဆဋ္ဌမမြောက် အများဆုံး ရင်းနှီးမြှုပ်နှံသော နိုင်ငံလည်း ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများ စတင်ဖြေလျှော့ပြီးနောက် ဂျပန်နိုင်ငံသည် မြန်မာတွင် ဒေါ်လာ ၁.၇ ဘီလျံဖိုးရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာရင်းနှီးမြှုပ်နှံမှု အာဏာပိုင်များအဆိုအရ သိရပြီး ဂျပန်နိုင်ငံသား ၃၅၀၀ ခန့် မြန်မာနိုင်ငံတွင် နေထိုင်နေသည်ဟု ဂျပန်အစိုးရကခန့်မှန်းထားသည်။ ဆူဇူကီးနှင့် တိုယိုတာ အပါအဝင် ကားထုတ်လုပ်သူများသည် မြန်မာနိုင်ငံသို့အစောဆုံး ဝင်ရောက်သည့် ကားထုတ်လုပ်ရေးလုပ်ငန်းများဖြစ်ပြီး လုပ်ငန်းများတိုးချဲ့ရန် စီစဉ်နေစဉ် အာဏာသိမ်းမှုဖြစ်ပွားသွားခြင်း ဖြစ်သည်။

ထိုင်းနှင့် ဂျပန်ကုမ္ပဏီများအတွက် မြန်မာသည် ဆွဲဆောင်နိုင်သော ဈေးကွက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုစရိတ်သက်သာသောကြောင့် ကုန်ထုတ်လုပ်ရေး အခြေစိုက်စခန်းအဖြစ်လည်း ဆွဲဆောင်မှု ရှိနေသည်။

စီးပွားရေလုပ်ငန်းအများစုသည် အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး ဝေဖန်ပြောဆိုခြင်းကို ရှောင်ရှားကြသော်လည်း အနောက်နိုင်ငံအစိုးရများကမူ ချက်ခြင်း ပြစ်တင်ရှုတ်ချသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့မှု ပြန်လည်ချမှတ်ရန် ခြိမ်းခြောက်ထားပြီး အမေရိကန် ပြည်ထောင်စုသည် ဒီမိုကရေစီအတွက် ရပ်တည်မည်ဖြစ်ကြောင်း ပြောသည်။ တပ်မတော်၏ လုပ်ရပ်သည် အာဏာသိမ်းမှုဖြစ်ကြောင်း ဝါရှင်တန်က သတ်မှတ်ထားပြီးဖြစ်သောကြောင့် အစိုးရထံ ပေးနေသော အကူအညီများ အလိုအလျောက် ဖြတ်တောက်လိုက်ပြီးဖြစ်သည်။

တချိန်တည်းတွင် ဥရောပခေါင်းဆောင်များကလည်း မြန်မာ့အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားအရပ်သား ခေါင်းဆောင်များကို ပြန်လွှတ်ရန် တောင်းဆိုသည်။

“အနောက်နိုင်ငံတွေရဲ့တုံ့ပြန်မှုက မြန်မာကို ကုန်သွယ်ရေးအရေးယူပိတ်ဆို့မှု လုပ်ဖို့ အရမ်းကို ဖြစ်နိုင်ခြေများနေတယ်” ဟု Asia Plus Securities မှ သုတေသီတဦးပြောသည်။

ကမ္ဘောဒီးယားတွင် ဒီမိုကရေစီ နောက်ကြောင်းပြန်သောကြောင့် မကြာသေးမီက ကုန်သွယ်ရေးအခွင့်ထူးများ ရုတ်သိမ်းခဲ့သည့် ဥရောပသမဂ္ဂသည်လည်း မြန်မာနိုင်ငံကို အလားတူ အရေးယူရန် ဖိအားပေးခံနေရသည်။

ယခင်က မြန်မာနိုင်ငံအပေါ် အမေရိကန်အရေးယူမှုများတွင် မြန်မာမှ သွင်းကုန်အားလုံးကို သိမ်းကြုံး ပိတ်ပင်ခြင်းသာမက မြန်မာနိုင်ငံသို့ ဘဏ္ဍာရေး ဝန်ဆောင်မှုများ ကန့်သတ်ခြင်းလည်း ပါဝင်သည်။

“အမေရိကန်ပြည်ထောင်စုက မြန်မာကို အရေးယူပိတ်ဆို့ရင် အမေရိကန်မဟာမိတ် ဂျပန်လည်း အခက်အခဲတွေ့မယ်” ဟု နိပွန်ဖေါင်ဒေးရှင်း ဥက္ကဋ္ဌ ယိုဟေ ဆာစာကာဝါက တနင်္လာနေ့က ကြေညာချက်တစောင်တွင် ပြောသည်။ ထို ပရဟိတအဖွဲ့သည် ၂၀၁၅ ခုနှစ်က မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား အပစ်အခတ်ရပ်စဲရေးတွင် အဓိက အခန်းမှ ပါဝင်ခဲ့သော အဖွဲ့အစည်းဖြစ်သည်။

အရေးယူပိတ်ဆို့မှုများ ဖြစ်မလာလျှင်ပင် ကမ္ဘာတဝန်း စီးပွားရေးလုပ်ကိုင်သော ကုမ္ပဏီများအနေဖြင့် ရင်ဆိုင်ရမည့် အခြားအန္တရာယ်မှာ ဂုဏ်သိက္ခာထိခိုက်မှုဖြစ်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များကို အစုလိုက်အပြုံလိုက်သတ်ပြီး ရွာများကို ဖျက်ဆီးသည်ဟု စွပ်စွဲခံရသည့် မြန်မာ့စီးပွားရေးဦးပိုင်နှင့် စီးပွားရေးဆက်ဆံသောကြောင့် Kirin သည် စုံစမ်းစစ်ဆေးမှုများ ခံနေရပြီးဖြစ်သည်။ Kirin က တာဝန်ပေးသည့် စာရင်းစစ်လုပ်ငန်းက မြန်မာ့စီးပွားရေး ဦးပ်ိုင်နှင့်ပတ်သက်သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်သော်လည်း ကျေနပ်ဖွယ်ရာကောက်ချက်မချနိုင်ခဲ့ပဲ ဇန်နဝါရီလတွင် ရပ်နားထားရသည်။

၂၀၁၄ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံတွင် အရောင်းသွက်နေသော တိုယိုတာက မူလစီစဉ်ထားသည့်အတိုင်း ယခုလအတွင်း စက်ရုံ ဖွင့် မဖွင့်ကို စဉ်းစားနေဆဲဖြစ်ကြောင်းပြောသည်။ ထိုသို့ ဖွင့်လိုက်ပါက တိုယိုတာသည် အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံတွင် အဓိက လုပ်ငန်းတခု စတင်သော နိုင်ငံစုံကုမ္မဏီအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။ ထိုသို့သတ်မှတ်ခံရပါက တိုယိုတာ၏ အရေးအကြီးဆုံး ဈေးကွက်များဖြစ်သော အမေရိကနှင့် ဥရောပမှ ဖေါက်သည်များနှင့် အဆင်ပြေတော့မည်မဟုတ်ပေ။

အရေးယူပိတ်ဆို့မှုဖြစ်နိုင်ခြေကြောင့် ထိုင်းကုမ္ပဏီများသည် မြန်မာမှ စီမံကိန်းများကို ရပ်ဆိုင်းလိုက်ရပြီးဖြစ်သည်။

ရင်းနှီးမြှုပ်နှံသူများက အခြေအနေကို စောင့်ကြည့်သည့် နည်းလမ်းကို သုံးနေသောကြောင့် ထိုင်းနိုင်ငံ၏ အကြီးမားဆုံး စက်မှုဇုန်ဖေါ်ထုတ်ရေး လုပ်ငန်းကြီးဖြစ်သော Amata Corp က ရန်ကကန်ုရှိ ၎င်းတို၏ ပထမဆုံး စက်မှုဇုန် စီမံကိန်းကို ရပ်ဆိုင်းလိုက်ရကြောင်း အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာသည်။

အနောက်နိုင်ငံများက အရေးယူပိတ်ဆို့လျှင် ထိုနိုင်ငံများသို့ ပို့ကုန်များ ရပ်ဆိုင်းသွားပြီး မြန်မာ့ စီးပွားရေးတိုးတက်မှု လျှော့နည်းကာ ထိုင်းရင်းနှီးမြှုပ်နှံမှုများကိုလည်း ထိခိုက်မည်ဖြစ်ကြောင်း ထိုင်းအမျိုးသား ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီများကောင်စီ ဒုဥက္ကဌ ဗစ်ဆစ် လင်လူချာ ပြောသည်။

“ဘာဆက်ဖြစ်မယ်ဆိုတာကို သိနေကြတော့ အလားအလားက အရမ်းကိုဆိုးရွားနေတယ်။ စောင့်ကြည့်ရုံကလွဲပြီး ဘာမှ လုပ်လို့မရဘူး” ဟု သူက Nikkei Asia ကို ပြောသည်။

တချိန်တည်းတွင် အစိုးရ၏ မူဝါဒအပေါ် မရေရာမှုကြောင့်လည်း ရေနံလုပ်ငန်း PTT Exploration and Production (PTTEP) ကဲ့သို့သော လုပ်ငန်းများ အခက်အခဲတွေ့နေသည်။ ထို ထိုင်းလုပ်ငန်းကြီးသည် မြန်မာနိုင်ငံတွင် ဓါတ်ငွေ့ရှာဖွေထုတ်လုပ်ရန် ဘတ် ဘီလျှံပေါင်းများစွာ မြှုုပ်နှံထားသည်။ ထိုလုပ်ငန်း၏ ဒေါ်လာ သန်း ၅၅၀ ကုန်ကျသော ပိုက်လိုင်းသည် မြန်မာနိုင်ငံမှ ဓါတ်ငွေ့များကို ထိုင်းနိုင်ငံရှိ ဓါတ်ငွေ့သုံးဓါတ်အားပေး စက်ရုံသို့ ပေးပို့နေသည်။

မြန်မာနိုင်ငံရှိ လုပ်ကွက်သုံးခုမှ ဓါတ်ငွေ့များ ပုံမှန်ထုတ်လုပ်ရန် လုပ်ဆောင်နေကြောင်း ထိုကုမ္ပဏီက အင်္ဂါနေ့တွင် ကြေညာသော်လည်း တပ်မတော်အစိုးရသစ်အောက်တွင် စွမ်းအင်မူဝါဒ အပြောင်းအလဲ ဖြစ်နိုင်ခြေကို သုတေသီများပြောကြားထားသည်။

“လက်ရှိလုပ်ငန်းတွေကိုတော့ မထိခိုက်သေးဘူး။ ဒါပေမယ့် ကျနော်တို့အတွက် အစိုးရိမ်ဆုံးက တော့ PTTEP ကမြန်မာမှာ နောက်လုပ်မယ့် စီမံကိန်းတွေပဲ။ အာဏာသိမ်းပြီးနောက် စွမ်းအင်မူဝါဒ အပြောင်းအလဲဖြစ်ရင် အဲဒီ စီမံကိန်းတွေ နှောင့်နှေးကုန်မယ်” ဟု Phillip Securities မှ သုတေသီတဦးပြောသည်။

ထိုစီမံကိန်းများတွင် မြန်မာနိုင်ငံ ဧရာဝတီတိုင်းတွင် ဒေါ်လာ ၂ ဘီလျံကုန်ကျမည့် ၆၀၀ မဂ္ဂါဝပ် ဓါတ်အားပေး စက်ရုံတည်ဆောက်ရေးလည်း ပါဝင်သည်။ ထိုစီမံကိန်းကို လုပ်ဆောင်ရန် အစိုးရက PTTEP ကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ခွင့်ပြုပြီး နောက်ဆုံးဆုံးဖြတ်ချက်ကို ၂၀၂၂ အစောပိုင်းတွင် ဆုံးဖြတ်မည်ဖြစ်သည်။

ကိုးကား။ ။ Nikkei Asia မှ Myanmar sanction fears weigh on foreign companies after coup

Ref : irrawaddy

No comments